Transparency Myanmar

transparency.myanmar@gmail.com

      လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့တစ်ရပ်ကို ပူပူနွေးနွေးဖွဲ့စည်း ထားပြီးဖြစ်သည့် အရှေ့တောင်အာရှ နိုင်ငံများ (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များက လာမည့် ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်ပြီး တရားမျှတမှုရှိသော ဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်သည်။ သို့သော် မြန်မာစစ်အစိုးရ ၏ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထုတ်ဖော်ဝေဖန်မှုများ မပြုလုပ်ဘဲ မသိကျိုးနွံပြုခဲ့ကြသည်။

      ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သော ၁၅ကြိမ်မြောက် အာဆီင်္ယံထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များက မြန်မာအစိုးရကို လွတ်လပ်မျှတသော ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးရန် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေး ဆော်သြသူများနှင့် အတိုက်အခံ အင်အားစုများ၏အဆိုအရ ယခုတစ်ကြိမ် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် မြန်မာစစ်အစိုးရအပေါ် ယခင်နှစ်များ  ကလောက် ဖိအားပေး ပြောဆိုမှုများ မပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့အတူ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေး ကိစ္စကိုလည်း အာဆီယံ ခေါင်းဆောင်များက လျစ်လျူရှုခဲ့ကြသည်။ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်ပြည် ထောင်စု၏ စေ့စပ်ညှိနှိုင်းရေး မူဝါဒအပေါ် အာဆီယံခေါင်းဆောင်များ အဓိပ္ပာယ်ကောက်ယူမှု လွဲမှားနေသည့် ကိစ္စကို အတိုက်အခံများက ပစ်တင်ဝေဖန်ကြသည်။

      အာဆီယံ ခေါင်းဆောင်များ ပူးတွဲထုတ်ပြန်သော ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုညွှန်းဆို ထားခြင်းမရှိပေ။ "မြန်မာနိုင်ငံ၏ အမျိုးသားပြန် လည်သင့်မြတ်ရေးအရေးကြီးကြောင်း၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ယုံကြည်ထိုက်သော နိုင်ငံတစ်ခုဖြစ်လာရေး အတွက် ၂၀၁၀ တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်မဖြစ် မနေကျင်းပပေးရန်လိုအပ်ကြောင်း" အာဆီယံ ခေါင်းဆောင်များ၏ ကြေညာချက်တွင် ပါရှိသည်။

      မြန်မာနိုင်ငံအပေါ် ထားရှိသည့် အာဆီယံသဘောထားနှင့် မူဝါဒများ အပြောင်းအလဲရှိသည် ဟူသော ပြောဆိုမှုများကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ပါရိုမားက ငြင်းပယ်လိုက်သည်။ "အာဆီယံနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း နှစ်ရပ်စလုံး၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒမှာ ပြောင်းလဲမှုမရှိပါ။ တစ်စုတစ်စည်းတည်းဖြစ်ရေး၊ နိုင်ငံရေးအ ကျဉ်းသားများ လွတ်ငြိမ်းခွင့်ရရှိရေး ဟူသော ကိစ္စသည် အာဆီယံ၏ ခိုင်မာသော မူဝါဒဖြစ်သည်" ဟု ထိုင်းနိုင်ငံ ခြားရေး ၀န်ကြီးက ပြောကြားသည်။

      လတ်တလော ကာလများအတွင်း မြန်မာစစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် အကြား အပြန်အလှန် အဆက်အသွယ် ပြုလုပ်မှုများနှင့် အမေရိကန်အစိုးရက စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းမှုများသည် အပြုသဘော ဆောင်သော နိုင်ငံရေး တိုးတက်မှုများ ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

      ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ကာဇိုကိုဒါမာက အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာစစ်အစိုးရ ၀န်ကြီးချုပ်သိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးစီးပွားနှင့် ပတ်သက်၍ မရှင်းမလင်းသည့် ပုံစံမျိုးဖြင့် ထုတ်ဖော်ပြောဆိုသွားကြောင်း ပြော သည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် ကန့်သတ်ပိတ်ပင်ချက်များကို မြန်မာအစိုးရက လျှော့ချပေးနိုင်ကြောင်း သိန်းစိန်ကပြောဆိုသည်ဟု ၎င်းကဆိုသည်။

      သုံးရက်တာမျှ ကျင်းပသည့် အဆိုပါ ဒေသတွင်း နိုင်ငံခေါင်းဆောင်များ ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာစစ်အစိုးရ ၀န်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံမှ ခေါင်းဆောင်များကို ယင်းသို့ ပြောကြားခဲ့သည်။

"တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားသာ ကောင်းမွန်နေမယ် ဆိုရင် မြန်မာအာဏာပိုင်တွေက သူမ အပေါ်ထားရှိတဲ့ ကန့်သတ်ချက်အတိုင်း အတာတွေကို လျှော့ချပေးဖို့အလားအ လာရှိပါတယ်"

      အဆိုပါ ၁၅ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ စတင်ဖွင့်လှစ်သည့် အောက်တိုဘာ ၂၃ ရက်တွင် အာဆီယံ၏ လူ့အခွင့်အရေး ကော်မရှင်တစ်ရပ်ကို စတင်ဖွဲစည်းဖြစ်ခဲ့သည်။ သို့ သော် အဆိုပါအဖွဲ့သည် စွမ်းဆောင်မှုမရှိသော(အစွယ်မရှိသော) အဖွဲ့သာဖြစ် လိမ့်မည်ဟု နိုင်ငံရေး ဆော်သြသူများနှင့် အတိုက်အခံသမားများကဆိုသည်။ အကြောင်းမှာ မြန်မာစစ်အစိုးရကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်သူများကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးနိုင်မည့် လုပ်ပိုင်ခွင့်များ အဆိုပါ ကော်မရှင်တွင် မရှိသောကြောင့်ဟု ၎င်းတို့က ထောက်ပြကြသည်။ ထို့ပြင် ထိပ်သီးဆွေးနွေးပွဲ အန်ဂျီအိုအဖွဲ့ ခုနှစ်ဖွဲ့  တက်ရောက်ခွင့် မရသည့်အတွက် နိုင်ငံရေး ဆော်သြသူများက မကျေမနပ်ဖြစ် ခဲ့ကြသည်။

      "အာဆီယံဟာ အမေရိကန်နဲ့အီးယူတို့ရဲ့ ဖိအားပေးမှုတွေနဲ့ ဆက်ပြီးကြုံတွေ့ရ တော့မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံဟာ မြန်မာနိုင်ငံအပေါ် နူးညံ့ပျော့ပျောင်းတဲ့ ချဉ်းကပ်မှုနဲ့ သွားနေလို့ပါပဲ" ဟု Burma Campaigh UK မှ ဒါရိုက်တာ မာ့ခ်ဖာမန်နာက ပြောသည်။ လက်ရှိအနေအထားတွင် ၀ါရှင်တန်အစိုးရက မြန်မာနိုင်ငံအပေါ် ထားရှိသည့် နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲလာမှုကိုလည်း  အရှေ့တောင်အာရှ နိုင်ငံခေါင်းဆောင်များက အဓိပ္ပာယ်ကောက်ယူမှု လွဲမှားနေကြောင်း ၎င်းကပြောကြား သည်။

      အမေရိကန်သမ္မတ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့သည် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် ဦးဆောင်သောအဖွဲ့ကို မြန်မာနိုင်ငံအပါအ၀င် အရှေ့အာရှဒေသသို့ စေလွှတ်မည် ဖြစ်သည်။ သို့သော် ကတ်ကမ်းဘဲလ်၏ အဆိုပါခရီးစဉ်ကြောင့် စစ်အစိုးရအပေါ် ထားရှိသည့် ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်ပေးမည်မဟုတ်သလို ဖိအားပေးမှု များလည်း လျော့ကျသွားလိမ့်မည်မဟုတ်ပေ။

      "စေ့စပ်ညှိနှိုင်းမှုပါတဲ့ အမေရိကန် အစိုးရမူဝါဒသစ်ဟာ နိုင်ငံရေးဖွံ့ဖြိုး တိုးတက်မှု ဖြစ်လာဖို့ဆိုတဲ့ မျှော်လင့်ချက်ပေါ်မှာ အခြေခံထားတာပါ။ ခက်တာက အဲဒီမူဝါဒသစ်ကြောင့် အာဆီယံဒေသတွင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကိုယ့်ဘာသာကိုယ်စိတ်ကျေနပ်မှုတွေ ဖြစ်လာပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အော်လတာနေးတစ်ကွန်ယက် အဖွဲ့မှ ဒါဘီစတိုးသော့က ပြောကြားသည်။

      "ဒါကိုစစ်အစိုးရက ကောင်းကောင်း အသုံးချပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်လာမယ်ဆိုတာ ကျွန်တော် တို့ ရှင်းရှင်းလင်းလင်းသိထားပါတယ်"

      ထိပ်သီးဆွေးနွေးပွဲတွင် ထွက်ပေါ်လာသော အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်တွင် မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ခြောက်နိုင်ငံဆွေးနွေးပွဲကို ပြန်လည်ကျင်းပရန် တိုက်တွန်းထားပြီး ဒေသတွင်း နိုင်ငံများအနေဖြင့် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းမှ ပြန်လည်နာ လန်ထူနိုင်မည့် အစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော်သွားရန် အကြံပြုထားသည်။

အေပီသတင်းဌာန၏Myanmar Elections,North Korea nuclear program, global crisis feature at Asian Summit ကိုဘာသာပြန်ထားခြင်းဖြစ် သည်။



--
Posted By icypress to Sensible Rumour at 10/27/2009 11:49:00 AM

0 comments:

Post a Comment