Transparency Myanmar

transparency.myanmar@gmail.com

နယူးယောက်ရှိ နိုင်ငံရေးလှုပ်ရှားသူများ မြန်မာအစိုးရကို ပြင်းထန်စွာ

ရှုတ်ချရန် တောင်းဆို

Mizzima- by Salai Pi Pi

15th Oct, 09

မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူများက ကုလသမဂ္ဂအား နောင်လာမည့် အထွေ ထွေညီလာခံ ဆုံးဖြတ်ချက်များတွင် ပြင်းထန်သော စကားလုံးများ အသုံးပြု၍ မြန်မာစစ်အစိုးရကို ပြစ်တင်ရှုံ့ချရန် ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ ချက်ရီပတ်ဘလစ် အမြဲတမ်းကိုယ်စားလှယ် Martin Palous က ကျင်းပခဲ့သည့် နယူးယောက် ဆွေးနွေးပွဲ စကားဝိုင်းတွင် မြန်မာနိုင်ငံရေး လှုပ်ရှားသူများက အခြားနိုင်ငံများမှ ကိုယ်စားလှယ်များအား အင်အားကြီးမားစွာ လွှမ်းမိုး ဖြန့်ကျက်၍ စစ်အစိုးရကို ဖိအားပေးရန် တိုက်တွန်းခဲ့ကြသည်။

မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ဆက်တိုက်ချိုးဖောက် ကျူးလွန်မှုများကို ကုလ အထွေထွေ ညီလာခံတွင် တင်ပြဆွေးနွေးရန် မကြာမီ ခွင့်ပြုဖွယ်ရှိပြီး ၎င်းကိစ္စနှင့် ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်များကို စည်းရုံးရေးသည် ယခုဆွေးနွေးပွဲ၏ ရည်မှန်းချက် ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ Women League of Burma ၏ နာယကအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က မဇ္ဈိမသို့ ကြာသပတေးနေ့တွင် ပြောသည်။

မြန်မာနိုင်ငံရေး လှုပ်ရှားသူများ ပူးပေါင်းဖွဲ့စည်းထားသည့် Foreign Affairs for the Forum for Democracy in Burma Fund ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသောင်းထွန်းတို့က အထက်ပါဆွေးနွေးပွဲကို ဆက်လက်ဦးဆောင် ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတက်ရောက်သူများက မြန်မာနိုင်ငံနယ်စပ်ဒေသများရှိ လူမျိုးစုတပ်ဖွဲ့များအပေါ် စစ်ရေးအရ တိုက်ခိုက်ချေမှုန်းနေသည့် အစိုးရ၏ လုပ်ရပ်နှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ကြသည်ဟု သိရပါသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံသည် လွန်ခဲ့သော ဆယ်စုနှစ် ၂ စု အတွင်း ဆုံးဖြတ်ချက် ၃၀ ခန့် မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော်လည်း လိုက်နာစေရန် စည်းကမ်းသတ်မှတ်မှု မရှိသည့် အနေအထားကြောင့် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု လုံးဝမရှိခဲ့ပါ။ ထိန်းချုပ်၍ မရနိုင်အောင် ပြန့်နှံ့နေသော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ မြန်မာနိုင်ငံတွင် ငြင်းမရသော သက်သေများအဖြစ် ဆက်လက်ဖြစ်ပွားနေပါသည်။

"ဒီတစ်ခါတော့ ကုလအထွေထွေ ညီလာခံမှာ ပြင်းထန်တဲ့ စကားလုံးတွေသုံးပြီး ဝေဖန်ရှုံ့ချတဲ့ ဆုံးဖြတ်ချက် ချမှတ်သင့်ပါတယ်" ဟု ဒေါ်သင်းသင်းအောင်က ထပ်ဖန်တလဲလဲ ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ပုံမှန်ဖြစ်နေကျ သဘာဝအသွင်ဆောင်သော အဆင့်သို့ ရောက်နေပြီး လူသားထုတစ်ရပ်လုံးကို ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်သင့်ကြောင်းနှင့် စစ်အစိုးရကျူးလွန်သော ရက်စက်ကြမ်းကြုပ်မှုများကို စစ်ဆေးရန် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီကို တိုက်တွန်းရန် နိုင်ငံရေးလှုပ်ရှားသူ အဖွဲ့အစည်းများအား သတိပေးခဲ့သည် ဟု သိရှိရသည်။

နိုင်ငံရေးလှုပ်ရှားသူ ၇ ဖွဲ့ ပူးပေါင်းထားသည့် အုပ်စုသည် ကုလသမဂ္ဂ၏ ၆၄ ကြိမ်မြောက် အထွေထွေ ညီလာခံ ကျင်းပနေသော နယူးယောက်တွင် သံတမန်ဆိုင်ရာ စည်းရုံးရေး လှုပ်ရှားမှုများ ဆောင်ရွက်နေပါသည်။

အထက်ပါ အဖွဲ့အစည်း Seven Alliance သည် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့အစည်းများ အစရှိသည့် ပြည်ပရောက် မြန်မာနိုင်ငံရေး အတိုက်အခံအုပ်စုများ ပူးပေါင်းပါဝင်သော အဖွဲ့ဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment