Transparency Myanmar

transparency.myanmar@gmail.com

မြန်မာအား အရေးယူပိတ်ဆို့မှု အိမ်နီးချင်းများကလစ်လျူပြု

(by William Boot)

15th Oct, 2009 From The Irrawaddy

မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများမှ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို သုံးသပ်လျက်ရှိရာ စစ်အစိုးရအပေါ် သက်ရောက်မှုများ ရှိမရှိဆွေးနွေးလျက် ရှိပါသည်။ သို့သော် မြန်မာ့ကျောက်မျက်ရတနာများ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိမလာရေး ကြိုးပမ်းချက်မှာမူ မအောင်မြင်ကြောင်း ဝါရှင်တန်အေဂျင်စီက ဝန်ခံလိုက်ပါသည်။

စစ်အစိုးရကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ရာတွင် ပစ်မှတ်ထားသော ကျောက်မျက်များမာ ကျောက်စိမ်းနှင့် ပတ္တမြားတို့ ဖြစ်သည်။

သို့သော် US Government Accountability Office (GAO) ပြောကြားချက်အရ အမေရိကန် အေဂျင်စီများသည် မြန်မာနိုင်ငံမှ ကျောက်စိမ်း၊ ပတ္တမြားနှင့် အခြားဆက်စပ် ကျောက်များကို တင်သွင်းခြင်းကို ထိထိရောက်ရောက် မကာကွယ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

GAO သည် အမေရိကန် ကွန်ဂရက်တွင် ဥပဒေများ ထိထိရောက်ရောက် အသုံးချနိုင်ခြင်း ရှိမရှိစောင့်ကြည့်ရသော အေဂျင်စီဖြစ်သည်။

စာမျက်နှာ ၄၉ မျက်နှာပါ ၂၀၀၈ JADE (Junta's Anti-Democratic Efforts) ဥပဒေကို သုံးသပ်သည့် စာတမ်းတွင် မြန်မာ့ပတ္တမြားနှင့် ကျောက်စိမ်းရောင်းဝယ်ရေးကို ကန့်သတ်ခြင်းများ လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ဖော်ပြထားပါသည်။

အဆိုပါစာတမ်းတွင် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံနှင့် ကျောက်မျက်ရောင်းဝယ်ရေး ဆက်သွယ်လုပ်ကိုင်နေသည့် အခြားတိုင်းပြည်များ၏ အထက်ပါ ဥပဒေအပေါ် ထောက်ခံပံ့ပိုးမှုများ မရခဲ့ကြောင်း ဝန်ခံထားပါသည်။

အဆိုပါ ကျောက်မျက်ရောင်းဝယ်ရေးနှင့် ပတ်သက်၍ ကန့်သတ်မှုများ ပြုလုပ်ရာတွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အားကောင်းသော အထောက်အပံ့ ဖြစ်လာလိမ့်မည်မဟုတ်ဟု စာတမ်းတွင် ဖော်ပြထားပါသည်။

အမေရိကန်အစိုးရအနေဖြင့် ကုလသမဂ္ဂ၏ ကျောက်မျက်ရတနာနှင့် ပတ်သက်၍ အရေးယူကန့်သတ်ရေး ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်နိုင်ခြင်းမရှိသည့် အကြောင်းရင်းမှာ အချို့သော နိုင်ငံများက အဆိုပါဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြသောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ဥရောပအတွက် ပတ္တမြားနှင့် ကျောက်စိမ်း၊ လက်ဝတ်ရတနာများကို အပြီးသတ်ပြုလုပ်သော အဓိကနိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ကုန်ကြမ်းကျောက်များကို ထိုင်းနိုင်ငံတွင် လက်ဝတ်ရတနာအဖြစ် အပြီးသတ်ပြုလုပ်ထားခြင်းကြောင့် အရေးယူပိတ်ဆို့မှု ပြုလုပ်၍ မရနိုင်ပေ။

GAO ၏အဆိုအရ ထိုင်းနိုင်ငံမှ အမေရိကန်သို့ ကျောက်မျက်ရတနာတင်ပို့မှု တန်ဖိုးမှာ ၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံရှိကြောင်း သိရပါသည်။

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံကိစ္စတွင် ဝင်ရောက်လုပ်ဆောင်လာရာတွင် သမ္မတ Obama ၏ မြန်မာနိုင်ငံအပေါ် မူဝါဒပြောင်းလဲကျင့်သုံးလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မူဝါဒအရ စစ်အစိုးရနှင့် ပိုမို၍ အပြုသဘောဆောင်သော ဆက်ဆံမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာသေးမီက အနောက်နိုင်ငံများမှ သံအမတ်များနှင့် အရေးယူပိတ်ဆို့မှုများ၏ အကျိုးသက်ရောက်မှုများကို ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီပြောင်းလဲမှု အရေးလှုပ်ရှားသူများက အရေးယူပိတ်ဆို့မှုများကို အလေးအနက် ထောက်ခံပြီး ၎င်းမှာ စစ်အစိုးရကို အရေးယူ အပြစ်ပေးမှုအဖြစ် မှတ်ယူကြသည်။ အချို့ကမူ အရေးယူ ပိတ်ဆို့မှုများသည် သာမန်ပြည်သူများကိုသာ ထိခိုက်သည်ဟု ငြင်းဆိုကြသည်။

အရေးယူ ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော မြင်သာသည့် အကျိုးဆက်တစ်ခုမှာ အရေးယူမှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို အားနည်းလာစေပြီး၊ မြန်မာပြည်သူများ ထိုအကျိုးဆက်များကို ခံစားကြရသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ဟောင်း Derek Tonkin က ယခု အပတ်တွင် ပြောပါသည်။

Tonkin သည် ဗြိတိန် အခြေစိုက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားမှုအဖွဲ့ဖြစ်သော Network Myanmar ကို ဦးဆောင်သူ ဖြစ်သည်။

စစ်အစိုးရနှင့် သူ၏ အခွင့်ထူးခံ လူတစ်စုသည် အရေးယူပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာမည့် မည်သည့် ထိခိုက်မှု အကျိုးဆက် အနည်းအများကိုမဆို ရှောင်ရှားနိုင်ကြသည်။  အဘယ်ကြောင့်ဆိုသော် ဒေသတွင်း အထူးသဖြင့် တရုတ်၊ အိန္ဒိယနှင့် ရုရှားတို့က မည်သည့်အရေးယူမှုကိုမျှ မပြုလုပ်ကြ၍ ဖြစ်သည်ဟု Tonkin က ဆက်ပြောပါသည်။

သို့သော် စစ်အစိုးရ၏ စီးပွားရေးလုပ်ငန်းများကို ခြေရာခံလေ့လာနေသူ ကျွမ်းကျင်သူတစ်ဦးဖြစ်သော Sean Turnell က မြန်မာနိုင်ငံ၏ စီးပွားရေး ပျက်စီးဆုတ်ယုတ်နေမှုများအတွက် တာဝန်ရှိသူမှာ စစ်အစိုးရသာလျှင် ဖြစ်ပြီး၊ သူ့အနေဖြင့် အရေးယူပိတ်ဆို့မှုများမှာ ဗိုလ်ချုပ်များ၏ တစ်ဦးချင်းချမ်းသာကြွယ်ဝမှုကို ကန့်သတ်လိုက်ရုံမျှသာ ရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားပါသည်။

ယခုအခါတွင်မူ အနည်းဆုံး မြန်မာနိုင်ငံအပေါ် အမေရိကန်၏ မူဝါဒမှာ အနည်းငယ် တမျိုးဘာသာ ပြောင်းလဲမှု ရှိလာပြီ ဖြစ်ကြောင်း Turnell က ဧရာဝတီသို့ ပြောကြားသည်။

ရှင်းလင်းသိသာသော အချက်မှာ စစ်အစိုးရ အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း နှင့် အခြား ဒီမိုကရေစီပြောင်းလဲမှုကို ဖော်ဆောင်သည့် ခြေလှမ်းအချို့ကို လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့၏ လိမ်ညာနေမှုကို အဆုံးသတ်ပြီး ဗိုလ်ချုပ်များအနေဖြင့် ပွင့်ပွင့်လင်းလင်း အသိုင်းအဝိုင်းတွင်းသို့ ပြန်လာသင့်ပြီ ဟူသော အချက်ဖြစ်သည်ဟု Turnell က ပြောပါသေးသည်။

Turnell သည် ဩစတြေးလျ၏ Macquarie တက္ကသိုလ်မှ ပါမောက္ခတစ်ဦး ဖြစ်၍ Burma Economic Watch ကို ပူးတွဲထုတ်ဝေသူတစ်ဦးလည်း ဖြစ်ပါသည်။

မြန်မာစစ်အစိုးရ ခေါင်းဆောင်များ အရေးယူ ပိတ်ဆို့မှုကို ရှောင်တိမ်းပုံ နည်းလမ်းများကို ပြီးခဲ့သည့်လ ထုတ်ဝေသည့် Earth Rights International (ERI) တွင် အလေးပေး ဖော်ပြထားပါသည်။

စစ်အစိုးရသည် ရတနာ သဘာဝဓာတ်ငွေ့လုပ်ငန်း လုပ်ဆောင်မှုအတွက် အမေရိကန် Chevron ကုမ္ပဏီနှင့် ပြင်သစ် Total ကုမ္ပဏီတို့ထံမှ US $ 4.83 Billion ရရှိပါသည်။

အဆိုပါ ကြွယ်ဝချမ်းသာမှုများအတွက် မူလငွေများ ရရှိသည့် အရင်းအမြစ်နေရာမှာ ထိုင်းနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံသည် သဘာဝဓာတ်ငွေ့များကို တစ်ဦးတည်း ဝယ်ယူသူဖြစ်သည်။ အာဆီယံအဖွဲ့ဝင် အနေဖြင့် အရေးယူပိတ်ဆို့မှုများကို ထောက်ခံမှုသော်လည်းကောင်း၊ လုပ်ဆောင်မှုကို သော်လည်းကောင်း မပြုလုပ်ခဲ့ပါ။

အမေရိကန် ဆီနိတ်တာ Richard Lugar သည် အမေရိကန်နှင့် အာဆီယံကြား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (Free-Trade Agreement) ကို တိုးမြှင့်ပေးရေးအတွက် ဥပဒေပြုရန် စီမံချက်ကို ယခုအပတ်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါ FTA ကြောင့် အမေရိကန်က အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို မထိခိုက်နိုင်ဟု ယုံကြည်ကြောင်း Lugar က ပြောပါသည်။

သဘာဝဓာတ်ငွေ့မှ ရလာသော ဝင်ငွေများကို စစ်အစိုးရက ခိုးယူပြီး စင်ကာပူနိုင်ငံရှိ ဘဏ်များတွင် ထည့်သွင်းထားပါသည်ဟု ERI ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ အဆိုပါ ဘဏ်များသည် နိုင်ငံတကာ ငွေကြေးလှုပ်ရှားမှုများတွင် စစ်အစိုးရနှင့် သူ၏ အခွင့်ထူးခံများ ပါဝင်ခြင်းမပြုရန် အမေရိကန်ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုကို မျက်ကွယ်ပြု၍ မြန်မာစစ်အစိုးရနှင့် ဆက်ဆံနေသည်ဟု ဖော်ပြထားပါသည်။

ဘန်ကောက်ရှိ အနောက်နိုင်ငံသံရုံးမှ စီးပွားရေးပညာရှင်က GAO နှင့် ပတ်သက်၍ ဝေဖန်ပြောကြားရာတွင် ဝါရှင်တန်၏ GAO သည် ထိုင်းနိုင်ငံရှိ ကျောက်မျက်ရောင်းဝယ်သူများ၏ အသနားခံမှုကို အလွယ်တကူ လက်ခံခဲ့ကြောင်း၊ အဆိုပါ ကုန်သည်များသည် ၎င်းတို့ ကိုယ်ကျိုးကို ကာကွယ်၍ ပြောကြားရာတွင် မြန်မာ့ကျောက်မျက်များဟု မူရင်းဒေသဖော်ပြရန် အခက်အခဲများနှင့် ၎င်းတို့ ကုန်သည်အသေးစားလေးများကို ထိခိုက်စေသည့် အချက်များကိုသာ တင်ပြပြီး စစ်အစိုးရနှင့် ၎င်းတို့နှင့် ပတ်သက်သော အဖွဲ့အစည်းများအကြောင်း ထည့်သွင်းမပြောခဲ့ကြောင်း ဖော်ပြထားပါသည်။

သံတမန်ဆိုင်ရာ ကိစ္စများကြောင့် အမည်မဖော်လိုသူ မြန်မာ့အရေး စောင့်ကြည့်သူတစ်ဦးက ထုတ်ဖော်ပြောကြားရာတွင် GAO ၏ အစီရင်ခံစာတွင် စစ်အစိုးရပိုင် မြန်မာကျောက်မျက်ရတနာ လုပ်ငန်း (Myanmar Gems Enterprise) ၏ အခန်းကဏ္ဍကို အသေအချာ ဖော်ပြထားပါသည်။ MGE မှာ အချိန်အခါအလိုက် ကျောက်မျက်လေလံပွဲများ ပြုလုပ်လေ့ ရှိပါသည်ဟု ဖော်ပြထားပါသည်။

အဆိုပါ လေလံပွဲများသည် စစ်အစိုးရအတွက် ငွေအမြောက်အမြားရှာပေးကြောင်း၊ အကယ်၍ အဆိုပါ MGE ကို အရေးယူပိတ်ဆို့မှု တစ်စုံတစ်ရာ ထိခိုက်ခဲ့လျှင် အမေရိကန်၏ မြန်မာ့ကျောက်မျက်ရတနာ ပို့ကုန်အပေါ် အရေးယူပိတ်ဆို့မှု ပြုလုပ်မှုများ ပစ်မှတ်ကို ထိမှန်သည်ဟု ဆိုနိုင်ပေသည်ဟု အထက်ပါ စောင့်ကြည့်သူက ပြောပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment