Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့ကျွန်းသစ်များ တရုတ်က မှောင်ခိုသွင်းဆဲ

မြန်မာနိုင်ငံမှ ထွက်ရှိသော သစ်များအား အိမ်နီးချင်းတရုတ်နိုင်ငံသို့ တရားမ၀င် တင်ပို့မှု သိသိသာသာ လျော့ကျသွားပြီဖြစ်သော်လည်း သစ်မှောင်ခိုသမားများသည် တရုတ်နိုင်ငံမှ သစ်ကုမ္ပဏီများအား ယနေ့အချိန်အထိ ရောင်းချလျက်ပင်ရှိကြောင်း သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့တစ်ခုဖြစ်သော Global Witness ၏ သတင်းပေးပို့ချက်အရ သိရသည်။

မှောင်ခိုသမားများ တင်သွင်းသော သစ်များအား တရုတ်ကုမ္ပဏီများက ဥရောပ၊ အမေရိကားနှင့် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ သို့အတွက်ကြောင့် တရုတ်နှင့် မြန်မာ အာဏာပိုင်များအနေဖြင့် မြန်မာပြည်မြောက်ပိုင်း ဒေသတွင်းဖြစ်ပေါ်လျက်ရှိသော နယ်စပ်ဖြတ်ကျော် သစ်မှောင်ခိုမှုများကို တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်ရန်လိုကြောင်း ဗြိတိန်အခြေစိုက် အဆိုပါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က အစီရင်ခံစာ တစ်ရပ်ထုတ်ပြန်လိုက်သည်။

"မြန်မာပြည်မြောက်ပိုင်းဒေသ ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ် ဒေသတွင် ဖြစ်ပေါ်ခဲ့သော တရားမ၀င် သစ်ခိုးခုတ်မှု၊ သစ်မှောင်ခိုကူးမှုတို့ကို တရုတ် နှင့် မြန်မာနှစ်နိုင်ငံမှ အာဏာပိုင်များ ပူး ပေါင်းနှိမ်နင်းခဲ့သည်မှာ သိသာထင်ရှားပါသည်။ သို့သော်လည်း ကျန်ရှိနေသေးသော သစ်မှောင်ခိုကူးမှုများနှင့် သစ်ခိုးခုတ်မှုတို့ကို နှစ်နိုင်ငံစလုံးက ပိုမိုတင်းကြပ်စွာ နှိမ်နင်းသင့်ပါသည်" ဟုအဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီရင်ခံစာက ဆိုသည်။

Global Witness အဖွဲ့က ၂၀၀၅ခု နှစ်တွင် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် အခြေအနေနှင့်ပတ်သက်၍ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သေးသည်။ ထိုစဉ်က မြန်မာနိုင်ငံတွင် သဘာဝအတိုင်းရှိနေသော သစ်တောများမှာ တရုတ်ပြည်၏ ကြီးမားသောသစ်လို အပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြုန်းတီးပျက်စီးလျက်ရှိသည် ဟု Global Witness က ဖော်ထုတ်ခဲ့သည်။ 

အဆိုပါ ၂၀၀၅ ခုနှစ် အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် တရုတ်အစိုးရက မြန်မာနိုင်ငံနယ်စပ်ဒေသမှ သစ်တင်ကားများ ၀င်ရောက်မှုကို ပိတ်ပင် လျှော့ချနိုင်မည့် နည်းလမ်းများ ရှာခဲ့သည်။ မြန်မာစစ်အစိုးရကလည်း တရုတ်ပြည်သို့ သစ်တင်ပို့မှုများ၊ သစ် ခုတ်မှုများ အားလုံးကို ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။

အဆိုပါ ၂၀၀၅ ခုနှစ် အစီရင်ခံစာ တွင်Global Witness အဖွဲ့က သစ်ခုတ်မှုများကြောင့် သစ်တောပြုန်းတီးနေသော ဧရိယာများတွင် ပန်ဒါနီများ၊ကျားသစ်များနှင့် ကျား များ ကျင်လည်ကျက်စားကြကြောင်း၊ ထိုလုပ်ရပ်ကြောင့် သတ္တ၀ါများမျိုးသုဉ်း ပျောက်ကွယ်နိုင်ကြောင်း သတိပေးထားပြီး တရုတ်ပြည်သည် ၁၉၉၈ ခုနှစ်တွင် သစ်ခုတ်လုပ်မှုအား ပိတ်ပင်လိုက်သည့်နောက်ပိုင်း မလေးရှား၊ရုရှား၊ မြန်မာ၊အင်ဒိုနီးရှားနှင့် ဂါဘွန်နိုင်ငံတို့မှ သစ်တင်သွင်းမှုကို မှီခို လာရကြောင်း ထောက်ပြခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် တရုတ် ပြည်သည် မြန်မာနိုင်ငံ၌ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု နိုင်ငံတစ်ခုဖြစ်ခဲ့သည်။လူ့အခွင့်အရေးညံ့ဖျင်းမှု၊ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ခံရသော အစိုးရအား အာဏာလွှဲမပြောင်းပေးမှု တို့ကြောင့် အမေရိကန်နှင့်အနောက် ကမ္ဘာတို့က မြန်မာစစ်အစိုးရအား ပိတ်ဆို့မှုများပြုလုပ်နေချိန်တွင် တရုတ်ပြည်သည် စစ်အစိုးရအတွက် အရင်းနှီးဆုံးသော မဟာမိတ်ကြီးတစ်ဦး ဖြစ်လာသည်။

"ဟာမိုနီမကျသော ကုန်သွယ်မှု" ဟူသော ခေါင်းစဉ်ဖြင့်ထွက်ပေါ်လာသော Global Witness ၏အစီရင်ခံစာသစ် တွင်မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်တင်ပို့မှုသည် ၂၀၀၅ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များ အကြား ၇၀ ရာခိုင်နှုန်းခန့် လျော့ကျလာသည် ဟုဆိုသည်။ သို့သော် သစ်မှောင်ခိုသမားများသည် သက်ဆိုင်ရာ အာဏာပိုင်အချို့နှင့် လာဘ်ပေး ၊ လာဘ်ယူပြုခြင်း၊ စာရွက်စာတမ်းအတုများ ပြုလုပ်ခြင်းနှင့် နယ်စပ်စစ်ဆေးရေး ဂိတ်များကို ရှောင်ရှားခြင်း စသည့် နည်းလမ်းများဖြင့် တရုတ်ပြည်သို့ မှောင်ခို တင်ပို့လျက်ပင်ရှိကြောင်း Global Witness ၏ အစီရင်ခံစာက ဆိုသည်။ အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ တရုတ် နှင့်မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနများက တုံ့ပြန်သုံးသပ်ချက် တစ်စုံတရာ မပေးသေးချေ။

သစ်မှောင်ခို ကိစ္စနှင့်ပတ်သက်၍  သုတေသန ပြုလုပ်သူများသည် မှောင်ခိုစီးပွား ပြုလုပ်ရာ နယ်စပ်ဒေသများ၊ မြန်မာနိုင်ငံတွင်းမှ သစ်ခိုးခုတ်သည့် နေရာများ သို့ ကိုယ်တိုင်ကွင်းဆင်း လေ့လာပြီးမှ အစီရင်ခံစာတင်ပြခြင်းဖြစ်သည် ဟု Global Witness ကဆိုသည်။ စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်ရာတွင် သစ်လုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီပေါင်း ၁၃ ခု မှ ရသော သတင်းအချက်အလက်များ နှင့်ပြောဆိုမှုများကိုလည်း ရယူမှတ်တမ်းတင်နိုင်ခဲ့သည် ဟုဆိုသည်။

အေပီသတင်းဌာန၏ Report: Myanmar timber Still Smuggled to China ကိုဘာသာပြန်ဆိုခြင်းဖြစ်သည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment