Transparency Myanmar

transparency.myanmar@gmail.com

14th Nov, 09

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက သူမ၏ နေအိမ် အကျယ်ချုပ် သက်တမ်းတိုးမြှင့်ခြင်းနှင့် ပတ်သက်သော အယူခံလွှာကို ဗဟိုတရားရုံးသို့ တင်သွင်းခဲ့သည်ဟု သိရှိရသည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် ထပ်မံတောင်းဆိုလိုက်သည်။

မြန်မာစစ်ဖက် အုပ်ချုပ်သူများသည်  သမိုင်းရဲ့ မှားတဲ့ဘက်မှာ ရောက်ရှိနေ (သမိုင်းတွင်မည့် အမှားများ ပြုလုပ်နေ) ကြောင်း ကလင်တန်က ဝေဖန်လိုက်ပါသည်။

အစိုးရက လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ ပြီးချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်း တိုးမြှင့်ခြင်းကို ဩဂုတ်လက ချမှတ်ခဲ့ပါသည်။

သူမ၏ အယူခံလွှာကို ဗဟိုတရားရုံးသို့ တင်သွင်းခဲ့ပြီး ဖြစ်ကြောင်း၊ တရားရုံးက ထိုအမှုကို ပြန်လည်ကြားနာရန် သဘောတူခြင်း ရှိမရှိကိုသာ စောင့်ဆိုင်းရတော့မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးကြည်ဝင်းက ပြောပါသည်။ အကောင်းဆုံးကို မျှော်လင့်ထားပါသည်ဟု ၎င်းက ဆိုသည်။

ဒေသတွင်း စိုးရိမ်ပူပန်မှုများ

မြန်မာအစိုးရ ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ အလွန်ရေပန်းစားလှသော အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်အား စောစီးစွာ လွှတ်ပေးလိမ့်မည်ဟူသော အချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သံသယရှိနေပါသည်။

အေပက် (APEC) ထိပ်သီးညီလာခံ တက်ရောက်ရန် စင်ကာပူသို့ မထွက်ခွာမီ မနီလာ၌ သူမအား "ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားမှု အပြောင်းအလဲ ရှိနိုင်ပါသလား" ဟု မေးမြန်းခဲ့ရာ သံသယ ရှိနေကြောင်း ပြောကြားခဲ့ပါသည်။

မနီလာတွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲ၌ ကလင်တန်က ရေရှည် ကြိုးပမ်း အားထုတ်သွားရမည် ဖြစ်ပြီး စိတ်ရှည်သည်းခံမှု များစွာ လိုအပ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

စင်ကာပူ အေပက် (APEC) ညီလာခံသို့ မြန်မာအပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ အတူတကွ တက်ရောက်ကြမည် ဖြစ်ကာ အမေရိကန်နှင့် မြန်မာအစိုးရ ခေါင်းဆောင်များ ပထမဆုံးအကြိမ်အဖြစ် အစည်းအဝေးခန်းတစ်ခုတည်းတွင် ရှိနေမည်ဖြစ်သည်။

သို့ရာတွင် မစ္စ ကလင်တန် (သို့) မစ္စတာ အိုဘားမားနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမည့် ကိစ္စမှာမူ ရေရာ သေချာခြင်း မရှိသေးဟု သိရပါသည်။

ယခု အမေရိကန် သမ္မတနှင့် မြန်မာဝန်ကြီးချုပ်၏ တွေ့ဆုံမှုသည် (၄၃) နှစ်အတွင်း ပထမအကြိမ်အဖြစ် မှတ်တမ်းဝင်မည် ဖြစ်၍ ကမ္ဘာက လူရာမသွင်းသော မြန်မာအစိုးရကို ဆင်း၍ ညှိနှိုင်းဆွေးနွေးမည် ဖြစ်သည်။

သံတမန်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို သတိကြီးစွာ ထား၍ ပြုလုပ်ရန် လိုအပ်ပြီး ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရာတွင်  စစ်မှန်သော တိုးတက်မှုများ ရှိလာသည်အထိ မြန်မာအစိုးရအပေါ် အရေးယူပိတ်ဆို့မှုများ ထားရှိသွားမည်ဟု အိုဘားမားအစိုးရက ပြောကြားပါသည်။

သံသယ ဖြစ်စရာ မလိုသည့် အချက်မှာ မြန်မာအစိုးရ ခေါင်းဆောင်များသည် သမိုင်းစာမျက်နှာ၏ မှားသော ဘက်တွင် ရှိနေခြင်း ဖြစ်ပြီး ၎င်းတို့ မည်သည့်အချိန်အထိ အမှားဘက်တွင် ရှိနေမည်ဆိုသည်ကိုသာ မေးခွန်းထုတ်ရန် ရှိကြောင်း ကလင်တန်က ပွင့်လင်းစွာ ဝေဖန်လိုက်ပါသည်။

ဘုန်းတော်ကြီးတို့ရဲ့ သပိတ်

စကားမစပ် ဆိုရပါလျှင် သီရိလင်္ကာတွင် ပညာသင်ကြားနေကြသော မြန်မာဘုန်းတော်ကြီးများက အလည်အပတ်ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လူသိရှင်ကြား ဆန့်ကျင် ရှုတ်ချလိုက်ကြပါသည်။

ပညာသင် ဘုန်းကြီးများ အသင်းမှ ထုတ်ပြန်သော စာတမ်းတွင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် အကြွင်းမဲ့ အာဏာရှင်စနစ်ကို တက်ကြွစွာ ထူထောင်နေသည်ဟု စွပ်စွဲထားပါသည်။

ဘုန်းတော်ကြီးများသည် တပ်မတော်မှ လှူဒါန်းသော ဆွမ်း၊ ကွမ်း၊ ရိက္ခာကို ဆက်လက် သပိတ်မှောက်မည် ဖြစ်ပြီး  ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်အတွင်း ပေးအပ် လှူဒါန်းမည့်အရာ မှန်သမျှကို ငြင်းပယ်သွားမည်ဟု သိရှိရပါသည်။

မြန်မာခေါင်းဆောင်၏ ခရီးစဉ်သည် နှစ်ပေါင်း ၄ဝ အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။



--
Posted By icypress to Sensible Rumour at 11/14/2009 02:02:00 AM

0 comments:

Post a Comment