Transparency Myanmar

transparency.myanmar@gmail.com

Date: 18 - Nov- 2009,DVB
လတ်တလော ကျင်းပခဲ့သော APEC ထိပ်သီးညီလာခံတွင် နိုင်ငံခေါင်းဆောင်များ၏
လက်ဆွဲနှုတ်ဆက်မှုများစွာကို တွေ့မြင်ခဲ့ရသော်လည်း
ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချရေး သဘောတူညီချက် ရရှိရန်
မျှော်လင့်ချက်များမှာမူ ဆုံးရှုံးခဲ့ရပါသည်။
ဖိလစ်ပိုင်မှ ဗီယက်နမ်အထိ ကျယ်ပြန့်သော နယ်မြေတလျှောက်ကို
မုန်တိုင်းများနှင့် ရေကြီးမှုများက ဖျက်ဆီးလိုက်ပြီးနောက်တွင်
အရှေ့တောင်အာရှဒေသအပေါ် ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုများသည်
ထင်ရှားစွာ ရုပ်လုံးပေါ်လာခဲ့ပါသည်။
မြန်မာနိုင်ငံတွင်လည်း ဆိုင်ကလုန်း၊ နာဂစ်စ်သည် အားလုံး၏ ရင်ထဲတွင်
ခါးသီးနေဆဲ ဖြစ်သည်။ ယခင်အပတ်က သဘောတူညီမှု မရရှိခဲ့ခြင်းသည်
အလွန်နွမ်းပါးသော မြန်မာနိုင်ငံအတွက် စိုးရိမ်စရာလက္ခဏာ ဖြစ်ပြီး၊
မြစ်ဝကျွန်းပေါ်ဒေသကမ်းခြေမှာ အလုံးစုံ ယိုယွင်းပျက်စီး နေပါသည်။
မြန်မာပြည် အရှေ့ပိုင်း ကရင်ပြည်နယ်တွင် လုပ်ငန်းဆောင်ရွက်နေသော Karen
Environmental and Social Action Network (KESAN) မှ Stephen Thompson က
ကူညီ ဆောင်ရွက်ခွင့် မရခြင်းသည် မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှု
ဖြစ်လာနိုင်သည်ဟု ပြောခဲ့ပါသည်။
ဧရာဝတီသည် ကမ္ဘာပေါ်တွင် နုန်းပို့ချမှု အများဆုံး မြစ်တစင်းဖြစ်ပြီး၊
ယခုအခါ ယင်းဒေသ၌ နုန်းတင်ကျန်ခဲ့မှုနှုန်း နည်းပါးလာပြီ ဖြစ်သည်။
ဆိုက်ကလုန်းမုန်တိုင်းများ ပြင်းထန်စွာ ဝင်ရောက်မှုသည် မြန်မာနိုင်ငံတွင်
(၁၀)နှစ်လျှင် (၁)ကြိမ်ခန့် ဖြစ်တတ်ပြီး၊ ပြီးခဲ့သော ဆယ်စုနှစ် အတွင်း
နာဂစ်စ် အပါအဝင် (၃) ကြိမ် ဝင်ရောက်ခဲ့သည်ဟု သိရပါသည်။
အခြားဒေသများတွင်လည်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေပါသည်။
ရာသီဥတုပြောင်းလဲလာခြင်းကို မကြာမီအတွင်း ဖြေရှင်းဆောင်ရွက်နိုင်ခြင်း
မရှိပါက အရှေ့တောင် အာရှတဝိုက်ရှိ လူထုအပေါ် ပြင်းထန်သော အကျိုးသက်ရောက်မှု
သေချာပေါက် ဖြစ်ပေါ်လာမည် ဖြစ်ပြီး၊ အဆိုပါ ဆိုးကျိုးများသည်
ဆင်းရဲနွမ်းပါးသော ပြည်သူများအပေါ် အသေအချာ ကျရောက်မည် ဖြစ်၍ အခြေအနေ
ပိုမို ဆိုးဝါးသွားလိမ့်မည်ဟု EarthRights International မှ Marty
Berghofen က ပြောကြားလိုက်ပါသည်။
ကာဗွန်လျော့ချ ဖြတ်တောက်မှုသည် တိုးတက်မှုအတွက် အဟန့်အတားတစ်ခုအဖြစ်
ယူဆနေသော အမေရိကန်၏ မပြတ်သားမှုကို အချို့က ပြစ်တင်ခဲ့ကြသည်။ အဓိက ပြဿနာ
တစ်ရပ်ဟု ရှုမြင်နေသော်ငြားလည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအဖို့
ကာဗွန်လျော့ချဖြတ်တောက်ခြင်းကို ဥပဒေ မူကြမ်း ပြဋ္ဌာန်းသင့်သည်ဟု အချို့က
ဆိုပြန်ပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအနက်မှ တရုတ်နှင့် အိန္ဒိယက
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာဗွန် ထုတ်လွှတ်မှု လျော့ချရန်
မဖြစ်နိုင်သေးပါဟု အခိုင်အမာ ပြောကြားခဲ့ပါသည်။ ရာသီဥတု ပြောင်းလဲမှုများ
ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဖွံ့ဖြိုးပြီး နိုင်ငံများမှ
ကာဗွန်ထုတ်လွှတ်မှုများကြောင့် ဖြစ်သော်လည်း ပြဿနာဖြစ်လာစေမည့်
ပြစ်တင်ဝေဖန်မှုများ ပြုလုပ်မည် မဟုတ်ပါဟု ၎င်းတို့က ထပ်မံပြောကြားခဲ့ပါသည်။
လန်ဒန် အခြေစိုက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအဖွဲ့မှ အဘီဂေးအက်ဂါက
DVB သို့ ပြောကြားရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၁၈၀) ခန့်အနက်မှ
အဖွဲ့တစ်ဖွဲ့ဖြစ်သော (G-77) နိုင်ငံ များသည် ကိုပင်ဟေဂင် ဆွေးနွေးပွဲကို
သပိတ်မှောက်နိုင်ချေ ရှိသည်ဟု ဆိုပါသည်။ ယခုလက်ရှိ နည်းလမ်းမှာ
ကမ္ဘာ့မြောက်ဖက်ခြမ်းက ကာဗွန် ထုတ်လွှတ်မှုကို သိသာစွာ ဖြတ်တောက်ပေးရန်နှင့်
ကမ္ဘာ့တောင်ဖက်ခြမ်းအား အလိုက်သင့် ပြောင်းလဲနိုင်အောင် ကူညီပေးရန်
ဖြစ်သည်ဟု သူမက ပြောကြားပါသည်။
လောလောဆယ် တင်ပြထားသော အဆိုပြုချက်များအရ ဒိန်းမတ်နိုင်ငံ
ကိုပင်ဟေဂင်တွင် ကျင်းပရန်ရှိသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ
ထိပ်သီးညီလာခံမတိုင်ခင် ခေါင်းဆောင်များက ကာဗွန်ထုတ်လွှတ်မှုများကို ၂၀၅၀
နောက်ဆုံးထား၍ ၅၀% လျော့ချဖြတ်တောက်ရန် သဘောတူ ကြမည်ဟု ဆိုပါသည်။
အဆိုပါအချက်သည် APEC ထိပ်သီးညီလာခံတွင် ခေါင်းဆောင်များ ပျက်ကွက်ခဲ့ကြသော
လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ၎င်းအစား ကိုပင်ဟေဂင် ဆွေးနွေးပွဲသည် သြဇာကြီး
သတင်းစကား ထုတ်ပြန်ရန် အဆင့်တစ်ခုဖြစ်သည်ဟုသာ ပြောကြားခဲ့ပါသည်။
အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီမှ မိုက်ကယ်ဖရိုမင်ကမူ နိုင်ငံတကာက
အပြည့်အဝ ပါဝင်ချုပ်ဆိုသည့် တရားဝင်စာချုပ်တစ်ခုအဖြစ် မျှော်လင့်ရန်
မဖြစ်နိုင်ပါဟု သုံးသပ်ပါ သည်။
Stephen Thompson က အဓိက လွှမ်းမိုးနေသော အကြောင်းရင်းမှာ စီးပွားရေးပင်
ဖြစ်သည်။ ဖန်လုံအိမ်ဓာတ်ငွေ့ (ကာဗွန်) ထုတ်လွှတ်မှု ရပ်ဆိုင်းရေးသည်
ရေရှည်တွင် ဖြစ်နိုင်ဖွယ် ရှိသည်။ သို့သော် မည်သည့်နိုင်ငံမဆို
(ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ) ယင်းကိစ္စကို ဆွေးနွေးလိုမည် မဟုတ်ပါဟု
ပြောကြားပါသည်။
အိုဘားမားသည် လောလောဆယ် တရုတ်နိုင်ငံတွင် ရောက်ရှိနေပါသည်။ ကမ္ဘာ့ကာဗွန်
ထုတ်လွှတ်မှု အများဆုံး နှစ်နိုင်ငံခေါင်းဆောင်များသည် လာမည့်လ ကိုပင်ဟေဂင်
ဆွေးနွေးပွဲတွင် အောင်မြင်မှုများရရှိရေး မျှော်လင့်ချက်များမှာ
သေရေးရှင်ရေးတမျှ အရေးကြီးကြောင်း ပြောဆို ဆွေးနွေးကြပါလိမ့်မည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment