Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy, Simon Roughneen, 16th - Dec - 2009

ပြုံးယမ်းနှင့် နေပြည်တော် စစ်အစိုးရကြားတွင် လက်နက်ဝယ်ယူရေး သဘောတူညီချက်များ ရှိနေသော်လည်း ယခု ဘန်ကောက်တွင် ကြားဖြတ် ဖမ်းဆီးရမိသော လက်နက်တင် လေယာဉ်မှာမူ မြန်မာနိုင်ငံသို့ ဦးတည်နေခြင်း ဟုတ်ပုံ မရပါ။ ယခုနှစ် ဇွန်လက လာရောက်ခဲ့သော သီရိလင်္ကာ သမ္မတ မာဟင်ဒါ ရာဂျာပတ်ခ်ဆာ ၏ မြန်မာ ခရီးစဉ်ကို အတုံ့အလှယ် သဘောဖြင့် မြန်မာအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာသို့ နိုဝင်ဘာလက သွားရောက်ခဲ့ပါသည်။

လျှို့ဝှက် သယ်ဆောင်လာသော လက်နက်များ၏ နောက်ဆုံး ဆိုက်ရောက် နေရာကိုမူ အတိအကျ မသိရသေးပါ။ လေယာဉ် အမှုထမ်းများက သီရိလင်္ကာတွင် ရပ်နားဆီဖြည့်မည် ဖြစ်ပြီး ယူကရိန်းတွင် နောက်ဆုံး ဆင်းသက်မည်ဟု အခိုင်အမာ ပြောဆိုနေသော်လည်း လမ်းခရီး တစ်နေရာတွင် လက်နက်များ ချထားခဲ့မည့် အချက်မှာ ထင်ရှားနေပါသည်။ သီရိလင်္ကာ အာဏာပိုင်များက အဆိုပါ လေယာဉ် ၎င်းတို့ နိုင်ငံတွင် ရပ်နားမည့် ကိစ္စနှင့် ပတ်သက်၍ ဘာမှ မသိကြောင်း ငြင်းဆိုခဲ့ပါသည်။

ထိုင်းအစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ပါနီတန် ဝါတာနာယာဂွန်ကမူ ၎င်းလေယာဉ်သည် အရှေ့ အလယ်ပိုင်းဒေသတွင် ဆင်းသက်၍ လက်နက် ပစ္စည်းများ ချထားရန် အစီအစဉ် ရှိသည်ဟု ဆိုပါသည်။

ယခုနှစ် စောစောပိုင်းက UAE အာဏာပိုင်များသည် ဘာရိန်း အလံလွှင့်ထူထားသော သင်္ဘောတစ်စင်းပေါ်မှ မြောက်ကိုရီးယား လက်နက် ကွန်တိန်နာ (၁၀) လုံးခန့် ဖမ်းဆီးရမိခဲ့သည်။ အီလူးရှင်း (၇၆) ကုန်တင်လေယာဉ် ကဲ့သို့ပင် ရေနံတွင်းတူး ကိရိယာများဟု လိမ်ညာ ဖော်ပြထားပါသည်။ အဆိုပါ လက်နက်များသည် အီရန်သို့ ပို့ဆောင်မည်ဟု ယူဆရပါသည်။

အခြား မှန်းဆချက် တစ်ရပ်ကမူ အာဖရိကသို့ ပို့ဆောင်မည်ဟု ဆိုပါသည်။ ဆူဒန်သည်လည်း ကုလသမဂ္ဂ လက်နက် ကုန်သွယ်ရေး တားမြစ်ချက် ပြစ်ဒဏ် ချမှတ်ထားသော နိုင်ငံဖြစ်ပြီး တရုတ်နှင့် ရုရှားထံမှ လက်နက် အများစုကို ရရှိနေပါသည်။ ထို့အပြင် အီရန်၊ မြန်မာ စသော အာဏာရှင် နိုင်ငံများနှင့် ယခုနှစ်များအတွင်း ပိုမို ရင်းနှီးစွာ ဆက်ဆံလာသည်ကို တွေ့ရပါသည်။

တစ်နှစ်လျှင် ဒေါ်လာ (၁) ဘီလျံခန့် ရရှိနေသော မြောက်ကိုရီးယား လက်နက် မှောင်ခိုဈေးတွင် အီရန်နှင့် မြန်မာသည် အဓိက ဝယ်ယူသော ဖောက်သည်များ ဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်သူ အာဏာရှင် နိုင်ငံများအုပ်စုသည် လက်နက် မှောင်ခို ရောင်းဝယ်ရေး လုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက် နေကြကြောင်း မှန်းဆချက်များ ထွက်ပေါ်လာပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကဏ္ဍတွင် အကျိုးရှိသော ပူးပေါင်း ဆောင်ရွက်ရေးများကို ဆွေးနွေးရန် ဆူဒန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် လာရောက်ခဲ့ကြောင်း မြန်မာအစိုးရ အာဘော် The New Light of Myanmar သတင်းစာက ဖော်ပြခဲ့ပါသည်။ ဆူဒန်နှင့် မြန်မာသည် တရုတ်နိုင်ငံအတွက် စွမ်းအင် ရင်းမြစ်များ ဖြည့်ဆည်းပေးနေသော နိုင်ငံများဖြစ်၍ နေပြည်တော်နှင့် ခါတွန်ကို နိုင်ငံတကာ အရေးယူ ပိတ်ဆို့ထားမှုကြောင့် အနောက်နိုင်ငံ ပြိုင်ဘက်များ နောက်ကောက် ကျနေချိန်တွင် တရုတ်က အထက်ပါ စွမ်းအင် လမ်းကြောင်းများကို ရယူ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာကဲ့သို့ပင် ဆူဒန်သည်လည်း လာမည့်နှစ်တွင် အငြင်းပွားဖွယ် ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ပြီး ရေနံကြွယ်ဝရာ ဆူဒန်တောင်ပိုင်းသည် မကြာမီ လွတ်လပ်သော ဒေသအဖြစ် ခွဲထွက်လိမ့်မည်ဟု မှန်းဆမှုများ ရှိနေသော်လည်း ခါတွန်က စစ်အင်အား အသုံးပြု၍ နှိမ်နင်းမည့် သဘောရှိပါသည်။

ကုန်တင်လေယာဉ်၏ ခရီးလမ်းဆုံးအဖြစ် နောက်ထပ် မှန်းဆထားသည့် အီရီထရီယာ နိုင်ငံသည် မြောက်ကိုရီးယား ကင်ဂျုံအီး အာဏာရှင် အစိုးရနှင့် ရင်းနှီးသော ပဒေသရာဇ် နိုင်ငံတစ်ခု ဖြစ်ပြီး အီသီယိုးပီးယားနှင့် မဖြေရှင်းနိုင်သော နယ်စပ် ပြဿနာများ ရှိနေသော ဆိုမာလီယာရှိ အစ္စလာမ်မစ် အုပ်စုငယ်များကို ထောက်ပံ့နေသော နိုင်ငံ ဖြစ်ပါသည်။

အဆိုပါ တရားမဝင် လက်နက်များ တင်ဆောင်လာသော လေယာဉ်နှင့် ပတ်သက်သော သတင်းကို အမေရိကန်မှတဆင့် ထိုင်းအာဏာပိုင်များ ရရှိခဲ့သည် ဟူသော ထိုင်းမီဒီယာများ၏ ဖော်ပြမှုကို ထိုင်းအစိုးရနှင့် အမေရိကန်က မှတ်ချက် မပေးသေးပါ။

မည်သို့ပင် ဖြစ်စေ ဘန်ကောက် ဒွန်မောင်းလေဆိပ်သို့ ဆင်းသက် ရပ်နားခဲ့ခြင်းနှင့် ပတ်သက်၍ အတိအကျ မသိရသေးပါ။ ပြုံးယမ်းမှ လက်နက်များ တရားမဝင် သယ်ဆောင်လာသော လေယာဉ်သည် ထိုင်းနိုင်ငံတွင် ရပ်နားခဲ့ခြင်းမှာ မိုက်မဲသော လုပ်ရပ်သာ ဖြစ်ပါသည်။ အကြောင်းမှာ ထိုင်းနှင့် အမေရိကန်ကြားတွင် အလွန် ရင်းနှီးသော စစ်ရေးနှင့် ထောက်လှမ်းရေး ဆက်ဆံမှု လမ်းကြောင်းများ ရှိနေသောကြောင့် ဖြစ်ပါသည်။

အရေးယူ ပိတ်ဆို့မှုများသည် လက်နက်များ တရားမဝင် ပျံ့နှံ့ခြင်းကို တားဆီးနိုင်သည် ဆိုသည့် အချက်ကို ယခုကိစ္စက ညွှန်ပြနေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကသာ အတူတကွ ပူးပေါင်း ရပ်တည်ပါက အလွန်ခိုင်မာ အားကောင်းသော ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်သည့် အချက်ကိုပါ ထင်ဟပ်နေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဘန်ကောက်၏ ဖမ်းဆီးမှုကို ချီးကျူး ဂုဏ်ပြုလိုက်ပါသည်။

ဆွီဒင် အခြေစိုက် လက်နက် စောင့်ကြည့် စစ်ဆေးရေး အဖွဲ့အစည်း SIPRI မှ ကျွမ်းကျင်သူများက အဆိုပါ လေယာဉ်နှင့် ဘန်ကောက် အကျဉ်းထောင်တွင်းမှ ဗစ်တာဘောက်နှင့် ဆက်နွယ်နေသော လက်နက်ကုန်သည်ကို ခြေရာခံ နေပါသည်။ ဆားဗီးယား လက်နက်ကုန်သည် တိုမီဆလက်ပိမ်ဂျာနိုဗစ် နှင့် ဆက်နွယ်နေသော ဘိုက်ကားစ် ကုမ္ပဏီ၏ အောက်တွင် အဆိုပါ လေယာဉ်ကို လတ်တလော မှတ်ပုံတင်ထားကြောင်း သတင်းများ ပေါ်ထွက်လာပါသည်။

SIPRI နှင့် ကုလသမဂ္ဂ သတင်းများအရ အဆိုပါ လေယာဉ်၏ ယခင် ပိုင်ရှင်ဟောင်းများသည် လစ်ဗျား၊ ဆီရီယာ၊ လီယွန်၊ ကွန်ဂို၊ ဆိုဖာလီယာ၊ ဆူဒန်နှင့် ချဒ် နိုင်ငံများသို့ လက်နက်များ တရားမဝင် သယ်ဆောင် ရောင်းဝယ်ခဲ့ကြသည်ဟု သိရပါသည်။ အမေရိကန် ငွေတိုက်ဌာန၏ စစ်ဆေး တွေ့ရှိချက်အရ အဆိုပါ လေယာဉ်ကို ယခင်က ကုမ္ပဏီ (၃) ခု နာမည်ဖြင့် မှတ်ပုံ တင်ထားကြောင်း တွေ့ရှိရပြီး ၎င်းတို့ကို ထိန်းချုပ်ထားသူ ဗစ်တာဘောက်မှာ ကမ္ဘာတစ်ဝှမ်းရှိ အကြမ်းဖက် အဖွဲ့အစည်းများနှင့် သူပုန်အဖွဲ့များကို လက်နက် ဖြည့်ဆည်း ရောင်းချပေးသူ ဖြစ်၍ သေမင်းတမန် ကုန်သည်ဟု အမည်ပေးခြင်း ခံရသူ ဖြစ်သည်။

ယခင်နှစ် မတ်လက ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိသူ ဗစ်တာဘောက်သည် အကြမ်းဖက် အဖွဲ့များနှင့် ဆက်နွယ်သည့် အမှု (၄) မှုဖြင့် နယူးယောက်တွင် တရားစွဲဆိုခြင်း ခံထားရပြီး ၎င်းကို ထိုင်းမှ လွှဲပြောင်း ရယူရန် အမေရိကန်က ကြိုးစားနေပါသည်။

၂၀၀၉ ခုနှစ် အစောပိုင်းက မြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဟု သံသယဖြစ်ဖွယ် လက်နက်များ တင်ဆောင်ထားသည့် မြောက်ကိုရီးယား သင်္ဘောတစ်စင်းကို အမေရိကန် ရေတပ်က နောက်ယောင်ခံ လိုက်ခဲ့သောကြောင့် နောက်လှည့် ပြန်သွားခဲ့ဖူးပါသည်။ မြောက်ကိုရီးယားသည် မြန်မာအစိုးရကို သမားရိုးကျ လက်နက်များ ရောင်းချ ဖြည့်ဆည်းပေးနေပြီး နျူကလီးယား လက်နက်ပိုင်ရှင် ကွန်မြူနစ် မြောက်ကိုရီးယားသည် နေပြည်တော်သို့ နျူကလီးယား နည်းပညာများ ဝေမျှနေသည်ဟု တချို့က မှန်းဆနေကြပါသည်။ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာမှ ပညာရှင် Victor Cha က မြန်မာနိုင်ငံသည် ယခုအခါ မြောက်ကိုရီးယားမှ ပေးပို့သော လက်နက်များကို သတိကြီးစွာ ထား၍ လက်ခံနေသည်ဟု ဆိုပါသည်။ မြန်မာအစိုးရအား ပိတ်ဆို့ထားသော အရေးယူမှုများတွင် နိုင်ငံတကာ လက်နက် ကုန်သွယ်ရေး တားမြစ်ချက် မပါဝင်သောကြောင့် အရှေ့တောင်အာရှတွင် အကြီးဆုံးဟု ယူဆရသော ၎င်း၏ တပ်မတော်ကို လက်နက် တပ်ဆင်ရန်အတွက် တရားမဝင် မှောင်ခို လက်နက် ကုန်သွယ်ရေးကို မှီခိုစရာ မလိုပါ။

မြောက်ကိုရီးယားသည် ဘာတွေကို ဘယ်လိုနည်းနဲ့ ရောင်းနေသလဲဟူသော အချက်နှင့် ပတ်သက်၍ တိကျသော သုံးသပ်ချက်များကို Victor Cha က အသိအမှတ်ပြုခဲ့ပြီး ဘယ်သူ့ကို ဆိုသော အချက် ကျန်နေသည်မှာ မဖြစ်နိုင်ဟု ဆိုပါသည်။ တစ်နှစ်တာ လက်နက် ရောင်းဝယ်မှု ပမာဏ ဒေါ်လာ (၁) ဘီလျံခန့် ရှိသည့် မြောက်ကိုရီးယားအတွက် ယခု ဘန်ကောက် ဖမ်းဆီးမှုမှာ သမုဒ္ဒရာထဲမှ ရေတစ်စက်ခန့်သာ ရှိပါသည်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် လတ်တလော တရုတ် ခရီးအပြီးတွင် ဘီဂျင်း ကာကွယ်ရေးဝန်ကြီး သွားရောက်ခဲ့ခြင်းကို Cha က ကိုးကားလိုက်ပြီး တရုတ်သည် မြောက်ကိုရီးယား လက်နက်တင်လေယာဉ်များ ဆီဖြည့် ရပ်နားသည့် ကိစ္စကို စိုးရိမ် ပူပန်ပုံ ရကြောင်း မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံကို ဖြတ်သန်း၍ မြောက်ကိုရီးယားသည် မကြာခဏ လက်နက်များ ပို့ဆောင်ပုံ ရကြောင်း မှန်းဆ သုံးသပ်လိုက်ပါသည်။ မြောက်ကိုရီးယားတွင် စီးပွားရေး ဘုံးဘုံးလဲပြီး မငြိမ်မသက် ဖြစ်မည်ကို တရုတ်က စိုးရိမ် ပူပန်နေပြီး၊ ပြုံးယမ်းကလည်း ပြည်ပငွေမာ ရရှိရန်အတွက် တရားမဝင် လက်နက် ရောင်းဝယ်ရေးကို မှီခို နေရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment