Transparency Myanmar

transparency.myanmar@gmail.com

gasandoil.com, 12th Dec 2009

တရုတ် နိုင်ငံပိုင် CNPC ရေနံ ကော်ပိုရေးရှင်းသည် အရှေ့ အလယ်ပိုင်းဒေသမှ ရေနံများကို သယ်ဆောင်ရန်အတွက် မြန်မာနိုင်ငံတွင်း  ပိုက်လိုင်း တည်ဆောက်ခြင်း လုပ်ငန်းကို စတင်နေပြီဟု နိုဝင်ဘာ (၂) ရက်နေ့က ပြောကြားခဲ့ပါသည်။

အိန္ဒိယ သမုဒ္ဒရာအတွင်းမှ မြန်မာပိုင် မဒေးကျွန်းပေါ်တွင် တည်ဆောက်ရေး လုပ်ငန်းများကို စတင်နေခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုပါသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်သို့ ဆက်သွယ်မည့် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းသည် မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းသွားမည် ဖြစ်ပါသည်။ အဆိုပါ ပိုက်လိုင်းသည် အရှေ့ အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံတင် သင်္ဘောများဖြင့် ရောက်လာသော ရေနံများကို တရုတ်သို့ ပို့လွှတ်ပေးမည် ဖြစ်၍ မြန်မာ့ရွှေ သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့များကိုလည်း ပို့လွှတ်ဦးမည် ဖြစ်သည်။

ရေနံပိုက်လိုင်းကို စတင် အသုံးပြုရန် အဆင်သင့် ဖြစ်မည့် အချိန်ကိုမူ တရုတ် တာဝန်ရှိသူများက ပြောကြားခြင်း မရှိပါ။ သို့ရာတွင် တစ်နှစ်လျှင် ရေနံစည် သန်းပေါင်း (၈၄) သန်း သယ်ပို့ ပေးနိုင်မည်ဟု ၎င်းတို့က ပြောပါသည်။

လူ့အခွင့်အရေး အဖွဲ့များက အဆိုပါ စီမံကိန်းကို ဝေဖန် ပြစ်တင်လျက် ရှိပြီး ၎င်းပိုက်လိုင်း စီမံကိန်းသည် ဒေသခံ ပြည်သူများကို ထိခိုက်စေမည် ဖြစ်၍ မြန်မာအစိုးရကို ဝင်ငွေများစွာ ရရှိစေလိမ့်မည်ဟု ဆိုပါသည်။ ဝေဖန် ဆန်းစစ်သူများ၏ အဆိုအရ အငြင်းပွားဖွယ် ပိုက်လိုင်း စီမံကိန်းသည် မြန်မာ တပ်မတော် အစိုးရအား နှစ် (၃၀) အတွင်း ဒေါ်လာ (၂၉) ဘီလျံ ရှာဖွေပေးလိမ့်မည်ဟု သိရပါသည်။

မြန်မာနိုင်ငံရှိ အဆိုပါ ပိုက်လိုင်း စီမံကိန်းကို ရပ်ဆိုင်းရန် တရုတ်အား တိုက်တွန်းသည့် မေတ္တာရပ်ခံလွှာကို နိုင်ငံပေါင်း (၂၀) မှ အဖွဲ့အစည်းပေါင်း (၁၀၀) ကျော်က လက်မှတ် ရေးထိုးခဲ့ပါသည်။ ၎င်းစီမံကိန်းသည် ဒေသတွင်း လုံခြုံရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဝါးသော အန္တရာယ်များ ဖြစ်ပေါ်စေလိမ့်မည်ဟု မေတ္တာရပ်ခံလွှာကို ဦးဆောင် စည်းရုံးသူ ရွှေဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ပြောကြားပါသည်။

ထိုစီမံကိန်းကြောင့် တရုတ်နိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်းကိုလည်း ဖြစ်ပေါ်စေနိုင်ပြီး တရုတ်၏ ပုံရိပ်ကိုလည်း ထိခိုက်စေနိုင်သည်ဟုလည်း ၎င်းတို့က ဆိုပါသည်။

ရေနံပိုက်လိုင်း စီမံကိန်းသည် မြန်မာနိုင်ငံတွင်းမှ တရုတ် ရင်းနှီးမြှုပ်နှံမှုများ၏ တစ်စိတ် တစ်ဒေသ ဖြစ်ပြီး တရုတ်နိုင်ငံ၏ လျင်မြန်စွာ ဖွံ့ဖြိုးနေသော စီးပွားရေးအတွက် လိုအပ်သော စွမ်းအင် လောင်စာများ ရရှိရန် ပြည်ပစွမ်းအင် ရင်းမြစ်များ ရရှိရေးအတွက် ကြိုးစားနေခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment