Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံ အစိုးရ အဖွဲ့သစ် တစ်ရပ် မပေါ်ထွန်းသေးသရွေ့ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ ဆက်ဆံရေးသည် ပုံမှန် အနေအထားသို့ ပြန်လည် ရောက်ရှိ နိုင်ဦးမည် မဟုတ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သုံးသပ် ပြောဆိုလိုက်သည်။

ထိုင်း - ကမ္ဘောဒီးယား ဆက်ဆံရေးသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နယ်စပ်ဒေသ ဘုရားကျောင်း နယ်နိမိတ် ပြဿနာ ဖြစ်ပေါ်ပြီး နောက်ပိုင်း လွန်စွာ ဆိုးရွားလာခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယား အစိုးရက ထိုင်းနိုင်ငံ၏ ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား စီးပွားရေး အကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ရာ တင်းမာမှုများ ပိုမို ကြီးထွားသွားခဲ့သည်။

သက်ဆင်ရှင်နာဝပ်ကို ကမ္ဘောဒီးယား အစိုးရ၏ စီးပွားရေး အကြံပေး ပုဂ္ဂိုလ် ရာထူး ပေးလိုက်ပြီးနောက် နှစ်နိုင်ငံစလုံးက သံတမန်များကို ပြန်လည် ခေါ်ယူခဲ့ကြသည်။ ထိုင်းအစိုးရက သက်ဆင် ရှင်နာဝပ်ကို ထိုင်းနိုင်ငံသို့ ပြန်ပို့ပေးရန် တောင်းဆို ခဲ့သော်လည်း ကမ္ဘောဒီးယားက ငြင်းပယ်ခဲ့သည်။

"ကျွန်တော် ခင်ဗျား (ထိုင်းဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရ) ကို ပြောမယ်။ နောက် ထိုင်းအစိုးရသစ် တက်လာမယ့် အချိန်ကို ကျွန်တော် စောင့်နေတယ်။ အဲဒီ အစိုးရသစ် တက်လာတာနဲ့ သံတမန်တွေ ပြန်လည် စေလွှတ်မယ်" ဟု ဝန်ကြီးချုပ် ဟွန်ဆန်က ဆိုသည်။

"ခင်ဗျားက သက်ဆင် ရှင်နာဝပ် ကိစ္စကို အရေးလုပ်ပြီး ပြောတယ်။ ဒါပေမဲ့ ပရာဗီဟာ ဘုရားကျောင်း ကိစ္စကို ပြောဖို့ မေ့နေတယ်" ဟု သက်တမ်း ၁၁ ရာစု ခန့်ရှိပြီ ဖြစ်သော အဆိုပါ ကမ္ဘောဒီးယား (ခမာ) ဘုရားကျောင်း ကိစ္စကို ရည်ညွှန်းပြီး ထိုင်းဝန်ကြီးချုပ်ကို ဝေဖန် ပြောဆိုသည်။

"ခင်ဗျား (အဘီဇစ်) ကျွန်တော်တို့ နိုင်ငံကို ကျူးကျော်ဖို့ ကြိုးစားနေသေးသရွေ့ ကျွန်တော်တို့ နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန် ပြန်မဖြစ်နိုင်ဘူး ဆိုတာ ပြောချင်တယ်" ဟု ၎င်းက ဆိုသည်။

ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့က ကမ္ဘောဒီးယားသို့ ပြန်လည် ရောက်ရှိလာပြီး စီးပွားရေး အတိုင်ပင်ခံ အလုပ်ကို စတင် လုပ်ကိုင်နေပြီ ဖြစ်သည်။ သတင်းများအရ သက်ဆင်သည် ကမ္ဘောဒီးယား အစိုးရ အရာရှိများအား ခရီးသွားလုပ်ငန်း နှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်ရေးအတွက် အကြံပေး ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံတွင် သက်ဆင် ရှင်နာဝပ် ခိုလှုံ နေထိုင်နေသည်ကို မကျေနပ်သော ထိုင်းအစိုးရက နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများကို ရပ်ဆိုင်းပစ်လိုက်သည်။ ထို့ပြင် သက်ဆင် ရှင်နာဝပ် လက်ထက်က လက်မှတ် ရေးထိုးခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး သဘောတူညီချက်များ ကိုလည်း ပယ်ဖျက် လိုက်သည်။

ထိုင်း ဝန်ကြီးချုပ်အဖြစ် နှစ်နှစ်တိတိ ပြန်လည် ရွေးကောက် တင်မြှောက် ခံခဲ့ရသော သက်ဆင်ရှင်နာဝပ်သည် ၂၀၀၆ ခုနှစ်တွင် ထိုင်း စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ရာထူးမှ နုတ်ထွက် လိုက်ရသည်။ သက်ဆင်သည် လာဘ်စားမှုအတွက် ထိုင်းတရားရုံးက ချမှတ်လိုက်သော ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ကို ရှောင်ရှားရန် ပြည်ပတွင် ခိုလှုံ နေထိုင်ခဲ့သည်။ သူသည် အထူးသဖြင့် ဒူဘိုင်းနိုင်ငံတွင် အများဆုံး နေထိုင်ခဲ့သည်။

AFP သတင်းဌာန၏ Relation with Thai government cannot be normal: Cambodia PM ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment