Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ အရေးယူထားသော နိုင်ငံများအတွက် ငွေကြေးလွှဲပြောင်းမှုလုပ်ငန်းများကို လျှို့ဝှက်စွာလုပ်ကိုင်ပေးခဲ့သည့် ဆွစ်ဇာလန်ဧရာမ ဘဏ်ကြီးတစ်ခုမှာ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၃၆ သန်း ပေးရန် အပြစ်ပေးခံလိုက် ရကြောင်းသိရသည်။  

ငွေဒဏ် အပြစ်ပေးခြင်းခံရသော ဘဏ်မှာ Credit Suisse ဖြစ်ပြီး အဆိုပါဘဏ်သည် ဆွစ်ဇာလန်တွင် အကြီးဆုံးဖြစ်သည်။ သတင်းများအရ Credit Suisseသည် ဝါရှင်တန် က ပိတ်ဆို့အရေးယူထားသော အာဏာရှင်နိုင်ငံများဖြစ်သည့် ဆူဒန်၊ အီရန်၊ လစ်ဗျား၊ ကျူးဘား အပါအဝင် မြန်မာ တို့အတွက် ငွေကြေးလွှဲပြောင်းပေးမှုများကို တိတ်တဆိတ် လုပ်ကိုင်ပေးခဲ့သည်မှာ ပြစ်မှုထင်ရှားသောကြောင့် ယင်းသို့ ဒဏ်ရိုက်ခံရခြင်းဖြစ်သည်။

Credit Suisse ဘဏ်သည် စစ်ဆေးမှုများကိုရှောင်ရှားနိုင်ရန် အမေရိကန်ဘဏ်များမှတစ် ဆင့် ငွေကြေး လွှဲပြောင်းမှုများ ပြုလုပ်ခဲ့သည်။အဆိုပါ ဆွစ်ဇာလန်ဘဏ်သည် နယူးယောက် အခြေစိုက် အမေရိကန် ဘဏ်များ၏ မှတ်တမ်းများကို အသုံးချပြီး အမေရိကန်အစိုးရက ပိတ်ဆို့ ထားသည့် နိုင်ငံများအတွက် ငွေလွှဲပြောင်းမှုများ ပြုလုပ်ပေးခဲ့သည်ကို တွေ့ရှိရကြောင်း မန်ဟက်တန်ခရိုင် ရှေ့နေ Robert M Morgenthau ကပြောကြားသည်။  

အမေရိကန်ရှေ့နေချုပ် Eric Holder က Credit Suisse ဘဏ်သည် မှားယွင်းသော ဘဏ္ဍာရေး ဆောင်ရွက်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်ဟု ကြေညာချက် ထုတ်ပြန်သည်။  

"Credit Suisse ဘဏ်သည် ဆယ်စုနှစ် တစ်ခုကျော် ကာလအတွင်း အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ထားသော နိုင်ငံများ (နှင့်) သို့မဟုတ် (အတွက်) လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်" ဟု ရှေ့နေချုပ်၏ ကြေညာချက်က ဆိုပါသည်။  

အဆိုပါကြေညာချက်အရ Credit Suisse ဘဏ်သည် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း စီးပွားရေး ဒဏ်ခတ် အရေးယူ ခံထားရသော နိုင်ငံများအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် တန်ဖိုးရှိသော ငွေပေးချေမှုများကို လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ ပမာဏတွင် မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပေးခဲ့သော တန်းဖိုး မည်၍မည်မျှ ရှိသည်ကို မသိရှိရသေးကြောင်း သိရသည်။ 

Credit Suisse ဘဏ်သည် အီရန်နိုင်ငံမှ ဖောက်သည်များအတွက် အမေရိကန ပြည်ထောင်စု၏ စုံစမ်း စစ်ဆေးမှုများကို ရှောင်ရှားနိုင်မည့် ငွေကြေးပေးချေမှု ပုံစံများ ပြုလုပ် ပေးခဲ့သည်ဟု ရှေ့နေချုပ် Eric Holder ကဆိုသည်။ ထို့ပြင် ငွေကြေးလွှဲပြောင်းမှု လုပ်ငန်း အတော်များများကို အီရန်နိုင်ငံအတွက် ဝန်ဆောင်မှု ပေးခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက Credit Suisse ဘဏ်ကို ကြေညာချက် တစ်ရပ် ထုတ်ပြန်ကာ ပြစ်တင်ရှုပ်ချလိုက်သည်။ "ဘဏ်အတွင်း လုပ်ဆောင်ချက်များ လွဲမှားနေသည်မှာ ထင်ရှားသည်" ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ကြေညာချက်က ဆိုသည်။  

Credit Suisse ဘဏ်၏ သတင်း ပြန်ကြားရေးဌာန အရာရှိ Marc Dosch က "အမှားအယွင်းတွေ ရှိခဲ့တယ်ဆိုတာ ရှင်းပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အခုလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပေါ့"  ဟု DVB သတင်းဌာနသို့ ပြောပြသည်။ 

အမေရိကန် ပြည်ထောင်စုသည် ၁၉၉၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု အမျိုးမျိုး ပြုလုပ်လာခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လ အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ် ၁၈ လထပ်မံကျခံစေရန် အမိန့် ချလိုက်ပြီးနောက် အမေရိကန် အစိုးရကလည်း ပိတ်ဆို့ အရေးယူမှုများ ကို တိုးမြှင့်လိုက်သည်။  

မြန်မာစစ်အစိုးရနှင့် တိုက်ရိုက် စေ့စပ်မည်ဟူသော မူဝါဒသစ် ထုတ်ဖော်ခဲ့သော်ငြားလည်း မြန်မာနိုင်ငံတွင်း သိသာထင်ရှားသော တိုးတက်မှုများ ဖြစ်ပေါ်လာပါမှ ပိတ်ဆို့အရေးယူမှု များကို ဖယ်ရှားပေးမည်ဟု အမေရိကန်အစိုးရက ဆိုထားသည်။ 

DVB သတင်းဌာန၏ Swiss bank fined $536mln for Burma ties ကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment