Irrawaddy, 18th Dec, 2009
အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် အစီရင်ခံစာတွင် အာဆီယံ၏ တရားဝင်မူဝါဒ ဖြစ်သော မြန်မာစစ်ဖက် အုပ်ချုပ်သူများနှင့် အပြုသဘော ဆောင်သော ဆွေးနွေးမှုများသည် အကျိုး ရလဒ်များ မရရှိနိုင်ကြောင်း ထင်ရှားနေသည်ဟု ဖော်ပြထားပါသည်။
C.R.S - အောက်လွှတ်တော် သုတေသန ဌာနမှ ထုတ်ပြန်ထားသော "အာဆီယံနှင့် အမေရိကန် ဆက်ဆံရေး" အစီရင်ခံစာတွင် မြန်မာနိုင်ငံက အဆိုပြုထားသော ၂၀၁၀ ရွေးကောက်ပွဲများသည် မြန်မာနှင့် အာဆီယံ၏ အနာဂတ် ဆက်ဆံရေးကို ပြဿနာ အကျပ်အတည်း ဖြစ်ပေါ်စေလိမ့်မည်ဟု ဖော်ပြထားပါသည်။
လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲကို ယုံကြည်သူ အနည်းငယ်သာ ရှိသည့် အချိန်မျိုးတွင် အကယ်၍ အစိုးရ အဖွဲ့အတွင်း အတိုက်အခံများအတွက် နေရာအချို့ ရရှိပြီး အရပ်ဖက် အုပ်ချုပ်ရေးသို့ အာဏာ လွဲပြောင်းပေးမည့် အလားအလာကို မြင်တွေ့ရပါက အာဆီယံသည် ၎င်း၏ အပြုသဘော ဆောင်သော ဆွေးနွေးမှု မူဝါဒအတိုင်း ဆက်လက် ဆောင်ရွက်သွားဖွယ် ရှိသည်ဟု စာမျက်နှာ ၂၄ မျက်နှာ ပါ CRS ၏ အစီရင်ခံစာက ဆိုပါသည်။
လွတ်လပ်၍ နိုင်ငံရေးပါတီ ၂ ခုစလုံးနှင့် သက်ဆိုင်သော အောက်လွှတ်တော် သုတေနဌာနခွဲ CRS သည် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် အမတ်များအတွက် ကိစ္စပေါင်းစုံကို အစီရင်ခံစာများ ပြုစု တင်ပြရခြင်း ဖြစ်သည်။
အဆိုပါ အစီရင်ခံစာတွင် မည်သူဖြစ်စေ၊ အကယ်၍ ရွေးကောက်ပွဲ ရလဒ်များသည် စစ်အုပ်ချုပ်ရေးကို ဆက်လက် ကျင့်သုံးမည့် ဟန်ဆောင်မျက်နှာဖုံး တစ်ခု ဖြစ်နေခဲ့ပါက အာဆီယံ အဖွဲ့သည် အိုဘားမား အစိုးရ၏ မူဝါဒနှင့် နီးစပ်သော မူဝါဒ တစ်ခုကို လက်ခံ ကျင့်သုံးရေးအတွက် လိုလိုလားလား ဆန္ဒ ရှိလာပါလိမ့်မည်ဟု ဖော်ပြထားပါသည်။
မြန်မာနိုင်ငံတွင် နောက်ဆုံး ကျင်းပခဲ့သော နိုင်ငံလုံးကျွတ် ပြည်သူ့ဆန္ဒ ခံယူပွဲ ၂ ခု အပေါ်တွင် မြန်မာ တပ်မတော်၏ တုန့်ပြန် ဆောင်ရွက်မှုများ ဖြစ်သည့် ၁၉၉၀ ရွေးကောက်ပွဲကို ပယ်ဖျက်၍ အာဏာ သိမ်းခဲ့ခြင်းနှင့် အတုအယောင် ၂၀၀၈ ဆန္ဒ ခံယူပွဲ ရလဒ်များကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲများကို မည်သို့ မည်ပုံ ကိုင်တွယ် ဆောင်ရွက်မည် ဆိုသည်ကို မှန်းဆ ကြည့်နိုင်ပါသည်။
အမှန်တကယ်အားဖြင့် မြန်မာနိုင်ငံတွင်းရှိ အနေအထားများနှင့် ပတ်သက်၍ အာဆီယံ၏ အယူအဆကို ဖော်ပြရန် ကြီးမားစွာ ဆန္ဒရှိကြောင်း ပဋိညာဉ် အသစ်အရ အာဆီယံက ပြသခဲ့ပြီး ဖြစ်ပါသည် ဟုလည်း ဖော်ပြထားပါသည်။
၂၀၀၉ သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် စီရင်ခဲ့ခြင်းကို တုန့်ပြန်သည့် အနေနှင့် အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်သော အစီရင်ခံစာတွင် "တရားရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အာဆီယံသည် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး သို့မှသာလျှင် မြန်မာပြည်သူများ အကြား အမျိုးသား ပြန်လည် ပေါင်းစည်းရေး၊ အဓိပ္ပါယ် ပြည့်ဝ စစ်မှန်သော တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရေးနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်များ ချောမွေ့ရေးတို့ကို ဖြစ်ပေါ် စေနိုင်လိမ့်မည်ဟု အခိုင်အမာ ပြောကြား ခဲ့ပါသည်။
မြန်မာအစိုးရ၏ အတိုက်အခံ အဖွဲ့အစည်းများနှင့် တိုင်းရင်းသား လူမျိုးစုများအပေါ် ပြုမူ ဆက်ဆံပုံသည် ရွေးကောက်ပွဲ ရလဒ်အပေါ် အာဆီယံ၏ လက်ခံနိုင်မှုကို အကျိုး သက်ရောက် စေလိမ့်မည်ဟု အာဆီယံက ရည်ညွှန်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသေးသည်။
အာဆီယံသည် မြန်မာ အစိုးရအပေါ် လူသိရှင်ကြား ဝေဖန် ပြစ်တင်ရန် ပိုမို ဆန္ဒ ရှိလာကြောင်း ပြသခဲ့သော်လည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရန် အကြီးအကျယ် ဆန္ဒရှိကြောင်းကိုမူ ပြသခဲ့ခြင်း မရှိပါဟု အစီရင်ခံစာတွင် မှတ်ချက်ပေးထားပါသည်။
မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ်ဖက် နိုင်ငံများ ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမှ ရရှိသော စီးပွားရေး အကျိုးအမြတ်များကို စွန့်လွှတ်ရန် လိုလားပုံ မရပါ။ စစ်အုပ်ချုပ်ရေး သမိုင်းကြောင်း ရှိခဲ့ပြီး မြန်မာ မွတ်ဆလင် လူနည်းစုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု ရှိနေသော အင်ဒိုနီးရှား အရပ်ဖက်အစိုးရကမူ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဖိအားပေးမှုကို စဉ်းစားရန် ပိုမို ဆန္ဒရှိပုံရပါသည်။
အစီရင်ခံစာ၏ အဆိုအရ အိုဘားမား အစိုးရ၏ မြန်မာနိုင်ငံ မူဝါဒအပေါ် ပြန်လည် သုံးသပ်မှုသည် အာဆီယံ၏ မြန်မာအစိုးရနှင့် ဆက်ဆံရေးအပေါ် အလားတူ ပြန်လည် သုံးသပ်မှုနှင့် တိုက်ဆိုင်နေသည်ဟု သိရပါသည်။
အရေးယူ ပိတ်ဆို့သည့် နည်းလမ်း တစ်ခုတည်းဖြင့် မြန်မာနိုင်ငံကို ထိရောက်စွာ ပြောင်းလဲစေနိုင်မည် မဟုတ်ကြောင်းကို အမေရိကန် မူဝါဒသစ်က ပြောစရာ မလိုသော ဝန်ခံမှုအဖြစ် ရှုမြင်ခဲ့ချိန်တွင် အာဆီယံ၏ လတ်တလော အစီရင်ခံစာနှင့် လှုပ်ရှားမှုများကလည်း ၎င်းတို့၏ အပြုသဘော ဆောင်သော ဆွေးနွေးညှိနှိုင်းမှု မူဝါဒမှာ ထိရောက်သော ရလဒ်များ မရရှိကြောင်း ရည်ညွှန်းခဲ့ပါသည်။
နောက်ဆုံးတွင် အာဆီယံနှင့် အမေရိကန် ပြည်ထောင်စုတို့အနေဖြင့် မြန်မာ တပ်မတော် အစိုးရနှင့် ပတ်သက်သော ၎င်းတို့၏ မူဝါဒများကို တိုင်ပင် ညှိနှိုင်း၍ ဆောင်ရွက်ရန် အခွင့်အလမ်းများ ပေါ်ထွက်လာသည်ဟု အစီရင်ခံစာက ဆိုပါသည်။
မြန်မာနိုင်ငံအပေါ် အပြုသဘော ဆောင်သော ဆွေးနွေးမှု "အာဆီယံ၏ မူဝါဒကို အခိုင်အမာ ထောက်ခံသူ အချို့မှာ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ အစိုးရများ ဖြစ်ပြီး အနည်းငယ် ကွဲပြားသော အကြောင်းရင်းများ ရှိကြသည်ဟု CRS က ပြောကြားပါသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်း မငြိမ်သက်မှုသည် ထိုင်းနိုင်ငံအပေါ်တွင် လတ်တလော၊ အန္တရာယ်ရှိသည့် သက်ရောက်မှုများ ပိုမို ဖြစ်ပေါ်စေသောကြောင့် မြန်မာနိုင်ငံအပေါ် ထိုင်းနိုင်ငံ၏ အမြင်မှာ ရောထွေးနေခဲ့ပုံ ရပါသည်။ မြန်မာနိုင်ငံက အာဆီယံသို့ ဝင်ခွင့်ရသော အချိန်၌ ထိုင်းနိုင်ငံသည် စစ်တပ် အာဏာသိမ်းမှုမှ လွတ်မြောက်ကာစ အနေအထား ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ ထိုင်းအရပ်ဖက် အစိုးရသစ်သည် မြန်မာနိုင်ငံ၏ အာဆီယံ ဝင်ခွင့်ကို ထောက်ခံရန် ဆုံးဖြတ်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းရေး မူဝါဒကို ကျင့်သုံးခဲ့ပါသည်။
ဆူဟာတို လက်ထက် အင်ဒိုနီးရှား အစိုးရသည်လည်း မြန်မာစစ်အစိုးရနှင့် သဘောထားအမြင် အချို့တူညီမှု ရှိခဲ့သောကြောင့် မြန်မာနိုင်ငံ၏ အာဆီယံ အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို ထောက်ခံခဲ့ပါသည်။ နိုင်ငံတွင် ဒီမိုကရေစီစနစ် ကျင့်သုံးလာသော အချိန်ရောက်မှသာ ဂျကာတာက ၎င်း၏ ဒီမိုကရေစီ လိုလားသော သဘောထားကို ပြတ်ပြတ်သားသား ပြသခဲ့ခြင်း ဖြစ်သည်။
မလေးရှားသည်လည်း ဒေသတွင်း တရုတ်နှင့် အမေရိကန်တို့ လွှမ်းမိုးလာခြင်းနှင့် ပတ်သက်၍ စိုးရိန်ပူပန်နေခဲ့ပြီး မြန်မာစစ်အစိုးရ အုပ်ချုပ်သူများ ကြားတွင်လည်း အလားတူ ရှုမြင်မှုမျိုး ရှိကြောင်း တွေ့ရပါသည်။
စင်ကာပူ အစိုးရကမူ မြန်မာစစ်ဖက် အုပ်ချုပ်သူများနှင့် ရင်းနှီးစွာ ဆက်ဆံခြင်းဖြင့် စီးပွားရေး အခွင့်အလမ်းများ ရရှိနိုင်ကြောင်း ရှုမြင်ခဲ့ပြီး ထိုအချိန်က မြန်မာစစ်တပ်အတွက် လက်နက်ပစ္စည်း အဓိက ထောက်ပံ့ ရောင်းချသူ ဖြစ်ခဲ့ပါသည်ဟု CRS က ၎င်း၏ အစီရင်ခံစာတွင် သုံးသပ် တင်ပြခဲ့ပါသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.