Transparency Myanmar

transparency.myanmar@gmail.com

 မြောက်ကိုရီးယားနိုင်ငံမှ လာသော လေယာဉ်တစ်စင်းပေါ်မှ တရားမဝင် လက်နက်များ ဖမ်းဆီးရမိလိုက်ပြီးနောက် ထိုင်းအာဏာပိုင်များသည် အမေရိကန် အစိုးရက ပေးသော သတင်း အချက်အလက်များကို ရယူကာ  အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ထိုင်း အာဏာပိုင်များ၏ အဆိုအရ Ilyushin Il-76 အမည်ရ သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စင်းသည် ထိုင်းနိုင်ငံသို့ ဆီဖြည့်ရန် ခဏတာ ဝင်ရောက်စဉ် အဆိုပါ တရားမဝင် လက်နက်များ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

လေယာဉ်ပေါ်တွင် ပါရှိသော လက်နက်များမှာ စုစုပေါင်း တန်ချိန်မှာ ၃၅ တန် ဖြစ်ပြီး အားလုံးမှာ မြောက်ကိုရီးယားက တင်ပို့လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုကို တော်လှန်သည့် အနေဖြင့် ယင်းသို့ တင်ပို့ခြင်း ဖြစ်သည်။

ယင်းသို့ တရားမဝင် လက်နက်များ ဖမ်းဆီးရမိခြင်းသည် အမေရိကန် ပြည်ထောင်စု၏ အကူအညီကြောင့် ဖြစ်ကြောင်း၊ အဆိုပါ လက်နက်များကို ဖျက်ဆီးသင့်၊ မဖျက်ဆီးသင့် ဟူသော ကိစ္စအတွက် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းလျက် ရှိကြောင်း ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ Thawil Pliensri က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား သည်။

သို့သော် လက်နက် ဖမ်းဆီးရမိသည့် ကိစ္စနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ။

မြောက်ကိုရီးယားသည် နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် ကုလသမဂ္ဂက ပြီးခဲ့သည့် ဇွန်လတွင် အဆိုပါ နိုင်ငံအား ပိတ်ဆို့ အရေးယူသည့် အမိန့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့်အရ မြောက်ကိုရီးယားမှ တင်ပို့သော မည်သည့် လက်နက်မဆို ပိတ်ပင် တားဆီးရမည် ဖြစ်သည်။ ကုလသမဂ္ဂက ယင်းသို့ ပိတ်ဆို့ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ် ဖျက်သိမ်းရေး သာမက အဆိုပါနိုင်ငံမှ ရောင်းချသော မည်သည့် သမားရိုးကျ လက်နက်မဆို ပိတ်ပင်နိုင်ရေးလည်း ဖြစ်သည်။

ThawilPliensri သည် ဖမ်းဆီးရမိသည့် မြောက်ကိုရီးယား လက်နက်များနှင့် ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလများကို ချေဖျက်နိုင်ရန် အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပုံ ရသည်။

ထိုင်းနိုင်ငံသည် ဤသို့ မြောက်ကိုရီးယား လက်နက်များ ဖမ်းဆီးရမိ လိုက်ခြင်း ကြောင့် ကုလသမဂ္ဂ၏ ဂုဏ်ပြုခြင်း ခံရမည်၊ သို့မဟုတ် ယင်းသို့ ဖမ်းဆီးရန် ဖိအားပေး ခံခဲ့ရသည် ဟူသော ကောလာဟလများကို ၎င်းက မဟုတ်မမှန်ကြောင်း ငြင်းပယ်သည်။

ယင်းသို့ ဖမ်းဆီးလိုက်ရသည့် အကြောင်းမှာ ထိုင်းနိုင်ငံသည် ကမ္ဘာ့ လူ့အဖွဲ့အစည်းထဲမှ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသောကြောင့် ဟု ၎င်းက ဆိုသည်။

မည်သို့ပင်ဖြစ်စေ ထိုင်းနိုင်ငံသည် ဖြစ်နိုင်ပါက လက်နက်များ သယ်ယူ ပြောင်းရွှေ့ ပေးခဲ့သည့်အတွက် ကုလသမဂ္ဂက ပေးသော နစ်နာကြေးကို ရယူလိုပါကြောင်း မစ္စတာ Thawil Pliensri က ဖြည့်စွက် ပြောဆိုသည်။ အဆိုပါ လက်နက်များကို Nakhon Sawan ပြည်နယ် နှင့် နီးစပ်သော လေတပ်စခန်း တစ်ခုသို့ ပြောင်းရွှေ့ထားသည် ဟု သိရသည်။

အဆိုပါ လေယာဉ်ပေါ်တွင် ရော့ကက်များ၊ လက်ပစ်ဗုံးများ၊ ပေါက်ကွဲမှု ပြင်းထန်သော လက်နက်များ၊ မြေပြင်မှ ဝေဟင်ပစ် ရောကက် ပြုလုပ်နိုင်သည့် အစိတ်အပိုင်းများ နှင့် အခြားသော လက်နက်များ ပါဝင်သည် ဟုဆိုသည်။ အဆိုပါ လေယာဉ်ကို အသိအမှတ်ပြုသော စာရွက်စာတမ်းများအရ ရေနံတူးဖော်ရေး ပစ္စည်းများ တင်ဆောင်သော ကုန်တင်လေယာဉ် ဖြစ်ပြီး အဆိုပါ ပစ္စည်းများကို ပေးပို့ရမည့် နောက်ဆုံးနေရာမှာ သီရိလင်္ကာ နိုင်ငံ ဖြစ်သည်။

လက်နက် မှောင်ခိုရေးရာ ကျွမ်းကျင်သူများက အဆိုပါ လက်နက် ကုန်ပစ္စည်းများကို ပဋိပက္ခ ဖြစ်ပွားရာ ဒေသများ ဖြစ်သော အာဖရိက၊ အီရန် သို့မဟုတ် မြန်မာနိုင်ငံသို့ တင်ပို့ရန် စီစဉ်ခဲ့ခြင်း ဖြစ်ဟန် ရှိကြောင်း သုံးသပ် ပြောကြားသည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ မှတ်တမ်းများအရ အဆိုပါ လေယာဉ်ကို ယခုအခါ ထိုင်းနိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရုရှားလူမျိုး Viktor Bout ၏ နာမည်ဖြင့် တစ်ချိန်က မှတ်ပုံတင်ခဲ့ဖူးသည်။ Viktor Bout သည် လက်နက် မှောင်ခိုကူးသူအဖြစ် သံသယရှိခြင်း ခံထားရသည်။ အမေရိကန် ပြည်ထောင်စုက ထိုသူအား ရုရှားနိုင်ငံသို့ လွှဲပြောင်းပေးရန် ကြိုးစားလျက် ရှိသည်။

ယခု မြောက်ကိုရီးယား လက်နက်ကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပါဝင်ပတ်သက်မှု မရှိပါကြောင်း Viktor Bout က ရုရှားသတင်းဌာန ITAR-Tss ၏ သတင်း ပေးပို့ချက်အပေါ် ငြင်းပယ်လိုက်သည်။ မိမိအား လွှဲပြောင်းပေးရေးအတွက် ကြားနာ စစ်ဆေးမှုကို လွှမ်းမိုးနိုင်ရန် အဆိုပါ မီဒီယာက ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက စွပ်စွဲ ပြောဆိုသည်။

ဖမ်းမိသော လေယာဉ်ပေါ်တွင် အမှုထမ်း ငါးဦး ပါဝင်ပြီး လေးဦးမှာ ကာဇက်စတန်နိုင်ငံမှ ဖြစ်ကာ ကျန်တစ်ဦးမှာ ဘီလာရုစ် နိုင်ငံမှ ဖြစ်သည်။ အဆိုပါ အမှုထမ်း ငါးဦးစလုံးမှာ တရားမဝင် လက်နက်များ မှောင်ခိုကူးမှုဖြင့် ဖမ်းဆီးအရေးခြင်း ခံထားရသည်။

ဖမ်းဆီးခံထားရသော လေယာဉ် အမှုထမ်းထဲမှ ဘီလာရုစ်-ရုရှား လူမျိုးဖြစ်သော Mikail Petukho ၏ ဇနီးဖြစ်သူက သူမ၏ ခင်ပွန်းသည် ဆိုဗီယက် တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း၊ နောက်ပိုင်းတွင် ရသည့် အလုပ်တစ်ခုကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် မိမိခင်ပွန်းသည် မည်သူမည်ဝါအတွက် အလုပ် လုပ်ကိုင်ပေးရမည် ဟူသော ကိစ္စကို လုံးဝ မသိရှိခဲ့ပါကြောင်း ၎င်းက ဆိုသည်။

Mikail Petukho ၏ မိတ်ဆွေတစ်ဦးက သူသည် မည်သည့် ကုန်ပစ္စည်းများကို သယ်ယူ ပို့ဆောင်ပေးရမည်ကို မသိရှိခဲ့ကြောင်း ပြောကြားသည်။

"လေယာဉ်ပေါ်မှာ ပါတဲ့ ကွန်တိန်နာတွေ အားလုံးကို ချိတ်ပိတ်ထားတာပါ။ လေယာဉ်မှူးက အဲဒီ ကွန်တိန်နာထဲမှာ ဘာတွေ ပါတယ်ဆိုတဲ့ စာရွက်စာတမ်းပဲ ရခဲ့တာပါ။ ကွန်တိန်နာထဲမှာ ပါလာတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မေးရမှာက အဲဒီပစ္စည်းတွေကို တင်ပေးလိုက်တဲ့ သူတွေကိုပါ" ဟု ဆိုဗီယက် လေတပ်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ Vladimir Migol က ဆိုသည်။ ဆိုဗီယက်လေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အမှုထမ်းများသည် အလုပ်မှ နုတ်ထွက်ပြီးနောက် ရရာအလုပ်ကို မဖြစ်မနေ ရှာဖွေကြရကြောင်း ၎င်းက ဆိုသည်။

အဆိုပါ လေယာဉ်သည် ဂျော်ဂျီယာနိုင်ငံမှ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော Air West တွင် မှတ်ပုံတင်ထားကြောင်း သိရသည်။

ကာဇက်စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါ လေယာဉ်ကို မကြာသေးမီ ရက်သတ္တပတ်က နယူးဇီလန်နိုင်ငံမှ SP Trading Company က ငှားရမ်းခဲ့သည်ဟု သတင်း ထုတ်ပြန်သည်။ နယူးဇီလန် အာဏာပိုင်များက အဆိုပါ ကိစ္စကို စုံစမ်း စစ်ဆေးဆဲ ဖြစ်သည် ဟု နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် James Funnell က ဆိုသည်။

"ကျွန်တော်တို့ နိုင်ငံဟာ မြောက်ကိုရီးယားကို ပိတ်ဆို့ အရေးယူတဲ့ မူဝါဒကို အမြဲတမ်း မားမားမတ်မတ် ထောက်ခံခဲ့တာပါ။ အခု ပြောနေကြတဲ့ စွပ်စွဲချက်တွေ အားလုံးကို စုံစမ်း ဖော်ထုတ်ဖို့လည်း ကြိုးစားနေပါတယ်" ဟု ၎င်းက ပြောကြားသည်။

လေယာဉ် ငှားရမ်းထားသူ SP Trading Company သည် နယူးဇီလန် အစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားသော ကုမ္ပဏီတစ်ခု ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် ဆင်းရဲနွမ်းပါးသော နိုင်ငံတစ်ခု ဖြစ်ပြီး အီရန်၊ ဆီးရီးယားနှင့် မြန်မာကဲ့သို့သော နိုင်ငံများသို့ နှစ်စဉ် ဒုံးကျည်လက်နက်များ တင်ပို့ ရောင်းချပြီး အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရှာဖွေလျက် ရှိသည်။

AP သတင်းဌာန၏ US tip led to seizure of arms from North Korea ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment