Transparency Myanmar

transparency.myanmar@gmail.com

နယူးယောက် အခြေစိုက် Inner City Press ၏ သတင်း ပေးပို့ချက်အရ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အီဘရာဟမ် ဂမ်ဘာရီ၏ နေရာတွင် အိန္ဒိယ သံတမန်ဟောင်း ဗီဂျေ နမ်ဘီယားကို ကုလသမဂ္ဂက အစားထိုး ခန့်အပ်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂက သတင်းထုတ်ပြန်ချက် တစ်စုံတရာ မပြုလုပ်သေးသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ လဆန်းပိုင်းတွင် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မစ္စတာဂမ်ဘာရီကို ဒါဖာတွင် အခြေစိုက်သည့် African Union-United Nations Hybrid Operation ၏ ပူးတွဲ ကိုယ်စားလှယ်အဖြစ် လာမည့် ဇန်နဝါရီလတွင် ပြောင်းလဲ တာဝန်ပေးမည် ဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ ခရီးစဉ်များနှင့် ဆက်စပ်ပြီး နိုင်ငံရေး ကျွမ်းကျင်သူများနှင့် အတိုက်အခံ နိုင်ငံရေးသမားများ၏ ပြစ်တင် ဝေဖန်ခြင်းကို များစွာ ခံခဲ့ရသည်။

          မစ္စတာဂမ်ဘာရီ နေရာတွင် အစားထိုး ဝင်ရောက်မည့် မစ္စတာ ဗီဂျေ နမ်ဘီးယားသည် အသက် ၆၆ နှစ်အရွယ် ရှိပြီး ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ လက်အောက်တွင် အမှုဆောင် အရာရှိချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့ပြင် သူသည် ယခင် အထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန် လက်ထက်တွင်လည်း အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

မစ္စတာ ဗီဂျေ နမ်ဘီးယားသည် အိန္ဒိယ အစိုးရ၏ အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၀၂ မှ ၂၀၀၄ ခုနှစ်အတွင်း အိန္ဒိယ နိုင်ငံ၏ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ်ပါ တာဝန်ယူခဲ့ဖူးသည်။

မှတ်တမ်းများအရ မစ္စတာ ဗီဂျေ နမ်ဘီးယားသည် ပါကစ္စတန်၊ တရုတ်၊ မလေးရှား၊ အာဖဂန် နစ္စတန် နှင့် အယ်လ်ဂျီးရီးယားတို့တွင် အိန္ဒိယ သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ သူသည် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာနသို့ ၁၉၇၆ ခုနှစ် တွင် ဝင်ရောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် နာဂစ် ဆိုင်ကလုန်း ဝင်ရောက် တိုက်ခတ်ပြီး နှစ်ရက် မြောက်နေ့တွင် မစ္စတာ နမ်ဘီးယားသည် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင့်ဆွေနှင့် တွေ့ဆုံပြီး ကုလသမဂ္ဂ၏ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဆိုင်ရာ ရန်ပုံငွေ သုံးစွဲရေးအတွက် ဆွေးနွေးခဲ့သည်။ ကုလသမဂ္ဂက ပေးသော ရန်ပုံငွေ မှာ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ဖြစ်သည်။

ထို့သို့ ဆွေးနွေးပြီးနောက် မြန်မာစစ်အစိုးရက နာဂစ်ဒဏ် သင့်ခဲ့သော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ လေကြောင်းမှ တစ်ဆင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ခွင့် ပြုခဲ့ပါသည်။

 

The Irrawaddy သတင်းဌာနမှ Indian Diplomat to Succeed Gambari ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment