Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 20th Dec, 2009

          မြန်မာနိုင်ငံမှ လာမည့်လတွင် မက်သဖက်တမင်း ဆေးပြားများ နယ်စပ်ကို ဖြတ်၍ အလုံးအရင်းလိုက် ဝင်လာဖွယ် ရှိကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး အာဏာပိုင်များအား တပ်လှန့်ထားပါသည်။ တိုင်းရင်းသား အဖွဲ့များသည် လက်နက်များ ဝယ်ယူရန် ငွေများလိုအပ်နေသောကြောင့်ဖြစ်ပါသည်။

          ကိုးကန့်နှင့် ဝ ဒေသတွင် မြန်မာစစ်တပ်၏ ရန်ကို တွန်းလှန်နိုင်ရေးအတွက် ငွေရရှိနိုင်ရန် မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အရှိန် မြှင့်လိမ့်မည်ဟု ယူဆရပေသည်။

          ထိုင်းနိုင်ငံ၏ စိုးရိမ်ပူပန်မှုများ တိုးပွားလာရခြင်းမှာ ပြီးခဲ့သည့်လက သီးခြား ဖြစ်စဉ် နှစ်ခုတွင် ဝ တပ်သားများ (UWSA) ထံမှ မူးယစ်ဆေးဝါး ဆေးပြား ငါးသိန်းကို ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

          ဝတပ်သားများကို ဖမ်းဆီး စစ်ဆေးရာ ၎င်းတို့က မူးယစ်ဆေးဝါး ရောင်းရငွေများကို မြန်မာစစ်တပ်နှင့် တိုက်ခိုက်ရာတွင် အသုံးပြုရန် ဖြစ်သည်ဟု ဝန်ခံ ပြောကြားကြပါသည်။

          မြန်မာအစိုးရကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို တိုက်ခိုက်လျက် ရှိကြောင်း၊ လာမည့်နှစ်တွင် အဆိုပါ တိုင်းရင်းသားအဖွဲ့များကို ပိုမို၍ ပြင်းထန်စွာ ဖိအားပေး နှိမ်နင်းလိမ့်မည်ဟု မိမိတို့ ယုံကြည်သည်ဟု ထိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုမှ ကော်မရှင်နာ Adithep Panjamanont က ပြောကြားခဲ့ပါသည်။

          သတင်းများ၏ အဆိုအရ ထိုင်း မြန်မာ နယ်စပ် ချင်းရိုင်၊ ချင်းမိုင်နှင့် မယ်ဟောင်ဆွန် တစ်ဖက်ကမ်းတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်ရုံ ငါးဆယ်ခန့်ကို ၎င်းဒေသတွင် နေထိုင်သော တိုင်းရင်းသား လူမျိုးစု အချို့က တည်ထောင်ထားကြသည်ဟု ဆိုပါသည်။

          ထိုင်း အာဏာပိုင်များသည် မြန်မာများနှင့် ပူးပေါင်း၍ စက်ရုံများကို ဖျက်ဆီးခြင်း၊ နယ်စပ်ဖြတ်၍ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းများကို စစ်ဆင်ရေးများ ပြုလုပ်ခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

          ရဲမှူးချုပ် Adithep က ပြောကြားရာတွင် နယ်စပ်ရှိ မက်သဖက်တမင်း ဆေးပြား ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး အခြေအနေမှာ နှစ်နိုင်ငံ အစိုးရက အကြီးအကျယ် နှိမ်နင်းနေသည့် ကြားမှ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေသည်ဟု ဆိုပါသည်။ ဆယ့်သုံးနှစ်အရွယ် ကလေးများပင် ဆေးစွဲနေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုပါသည်။

          ထိုင်း ဒုတိယ ဝန်ကြီးချုပ် Suthep Thangsuban သည် ချင်းမိုင်ဒေသရှိ Omkoi ခရိုင် Ban Khun Tuen Noi တွင် ဘိန်း စိုက်ပျိုးခြင်းကို ရပ်ဆိုင်းသွားရေးအတွက် ပရောဂျက် တိုးချဲ့ခြင်း အခမ်းအနားတွင် ရဲမှူးချုပ် Adithep က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

          ထို ပရောဂျက်သည် ချင်းရိုင်၊ ချင်းမိုင်နှင့် မယ်ဟောင်ဆွန် ဒေသများတွင် မကြာခင်က အတည်ပြုခဲ့သော ပရောဂျက် ၁၀ ခုတွင် တစ်ခု ဖြစ်ပါသည်။

          လွန်ခဲ့သည့် နှစ်လေးဆယ်အတွင်း ထိုင်းနိုင်ငံသည် ဘိန်းစိုက်ပျိုးခြင်းကို ဧက ၁၁၂၀၀၀ မှ ၁၃၁၉ ဧကအထိ လျှော့ချနိုင်ခဲ့ပါသည်။ Omkoi ဒေသတွင် မကြာသေးခင်က ဧက ၇၀၀ တွေ့ရှိခဲ့ရပါသည်။

          ထိုင်း ကက်ဘိနက်သည် မကြာသေးမီက ဘိန်းစိုက်ပျိုးမှုများ ပပျောက်သွားရေး အတွက် Investing From Strength to Strength စီမံကိန်း ခေါင်းစဉ်ဖြင့် ဘတ်ဂျက် ၁.၉ ဘီလီယံ ဘတ်ငွေကို အတည်ပြုခဲ့ပါသည်။

          အဆိုပါ စီမံကိန်းသည် လေးနှစ် စီမံကိန်း ဖြစ်ပြီး လာမည့်လတွင် စတင်မည် ဖြစ်ပြီး၊ ကရင်လူမျိုးများကို ကော်ဖီ၊ ပဲနှင့် ဆန်သီးနှံများကို စိုက်ပျိုးစေရန် အားပေးသွားမည် ဖြစ်ပါသည်။

          ဒုဝန်ကြီးချုပ် Suthep က Ban Khun Tuen Noi တွင် အာဏာပိုင်များအား ဥပဒေကို လေးစား လိုက်နာရန်နှင့် လာမည့်နှစ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို နှိမ်နင်းရာတွင် စုစည်း ညီညွှတ်စွာ ပူးပေါင်း လုပ်ဆောင်ကြရန် ပြောကြားခဲ့ပါသည်။

          မိမိတို့သည် လာမည့်နှစ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် တရားမဝင် သုံးစွဲမှုများကို ၅ % ကျဆင်းအောင် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း Suthep က ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment