Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 20th Dec, 2009

          ပြီးခဲ့သည့် နှစ်က အတည်ပြုခဲ့သော မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဒီမိုကရေစီမကျဟု ဝေဖန်မှုများ ရှိနေသော်လည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အခြေခံ ဥပဒေကို ပြောင်းလဲမှုများ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း နိုင်ငံပိုင် မီဒီယာများက တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါ သည်။ တနင်္ဂနွေနေ့က ထုတ်ဝေသော New Light of Myanmar နှင့် အခြား သတင်းစာများတွင် ပါရှိသော ဆောင်းပါး၌၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအား ၎င်းတို့၏ တောင်းဆိုမှုကို ဂရုပြုလိမ့်မည် မဟုတ်ကြောင်း ဖော်ပြခဲ့ပါသည်။

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်သည် မျှတမှု မရှိဟုဆိုကာ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည်ဟု ထုတ်ဖော် ပြောကြားခြင်း မရှိသေးချေ။ NLD သည် စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုလျက် ရှိပါသည်။

          နိုင်ငံပိုင် မီဒီယာများတွင် ပါဝင်သော သုံးသပ်ချက်များသည် သာမန်အားဖြင့် လက်ရှိ အစိုးရ၏ အာဘော်အမြင်များကို ထင်ဟပ်လေ့ ရှိပြီး တစ်ခါတစ်ရံ အစိုးရက တရားဝင် ထုတ်ဖော် ပြောကြားခြင်း မရှိသေးသော်လည်း ပြည်သူများနှင့် နိုင်ငံတကာ၏ တုံ့ပြန်မှုများကို စမ်းသပ်သည့် အနေဖြင့် ဖော်ပြသော အာဘော်များလည်း ရှိပါသည်။

          တနင်္ဂနွေနေ့က ဖော်ပြသော သုံးသပ်ချက် ဆောင်းပါးတွင် အစိုးရက ယခင်ကပင် ဖော်ပြခဲ့ပြီး ဖြစ်သော ရပ်တည်ချက်ကို အတည်ပြုခဲ့ပါသည်။ ပါလီမန်တွင် ၂၅ % ကို စစ်တပ်မှ ခွဲတမ်း ယူထားခြင်းနှင့် အရေးပေါ် အခြေအနေတွင် သမ္မတသည် အာဏာကို စစ်တပ်သို့ လွှဲပြောင်းပေးနိုင်ခြင်းတို့ကို ပြောင်းလဲ ပြင်ဆင်ပေးမည် မဟုတ်ကြောင်း အတည်ပြု ရေးသားထားပါသည်။

အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ ဝင်ရောက်နိုင်ရေးမှ တားဆီး ထားသော အပိုဒ်တစ်ခု ပါဝင်ပါသည်။

          အဆိုပါ ဆောင်းပါးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၀ ရွေးကောက်ပွဲအရ ပေါ်ထွက်လာမည့် ပါလီမန်အသစ်ကသာ ပြင်ဆင်နိုင်မည် ဖြစ်သည်ဟု ဖော်ပြထားပါသည်။

          မြန်မာအစိုးရသည် လာမည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု ဆိုနေသော်လည်း၊ ကျင်းပမည့်ရက်နှင့် လိုအပ်သော ဥပဒေများ ကြေညာခြင်း မရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း စစ်တပ်က အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့ပါသည်။

          တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုထားခြင်းကို လိုက်လျောမည် မဟုတ်ကြောင်း အဆိုပါ ဆောင်းပါးတွင် ဖော်ပြထားပါသည်။ ထို့အပြင် ဒီမိုကရေစီ နည်းလမ်းကျကျ အတည်ပြုထားသော ဖွဲ့စည်းပုံ ဥပဒေကို လူတစ်စု တစ်ဖွဲ့က ပြင်ဆင်ရန် အခွင့်အရေး မရှိကြောင်း ဖော်ပြထားပါသည်။

          ဆောင်းပါးတွင် မည်သည့် လူတစ်စု၊ လူတစ်ဖွဲ့ ဖြစ်ကြောင်း အမည်ဖော်၍ ရည်ညွှန်းထားခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် အခြား ဒီမိုကရေစီအဖွဲ့များသည် အခြေခံဥပဒေအား အတင်းအကျပ် တရားမဝင် အတည်ပြုထားကြောင်းနှင့် အစိုးရကို ပြန်လည် ပြင်ဆင်ရန် တောင်းဆိုထားကြသည်။

          ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးမီက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့် ရရန် တောင်းဆိုထားရာ အခြေခံဥပဒေနှင့် ပတ်သက်၍ ဖော်ပြထားခြင်း မရှိဘဲ နိုင်ငံအကျိုးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် သူမက ရှင်းပြလိုသည်ဟုသာ ဖော်ပြထားပါသည်။

          အဆိုပါ ဆောင်းပါးတွင် အခြေခံဥပဒေကို ပြည်သူများက အတည်ပြုပြီး ဖြစ်ကြောင်းနှင့် နိုင်ငံခြား သံအမတ်ကြီးများ၊ စစ်သံမှူးများအား မဲဆန္ဒပေးမှုကို ကြည့်ရှုခွင့် ပြုခဲ့ပြီး ရလဒ်ကို အသိအမှတ်ပြု ခဲ့ကြပြီး ဖြစ်သည်ဟု ဖော်ပြထားပါသည်။

          ပြီးခဲ့သည့်နှစ် နာဂစ်မုန်တိုင်း အပြီးတွင် ကျင်းပသော ဆန္ဒခံယူပွဲတွင် မဲပေးခွင့် ရှိသူ၏ ၉၂ % ကျော်က အတည်ပြုခဲ့သည်ဟု မြန်မာဗိုလ်ချုပ်များက ရှင်းလင်း ပြောခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment