Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ၊ ဒုတိယသမ္မတ Xi Jinpin သည် ကမ္ဘောဒီယားသို့ မထွက်ခွာမီ မြို့တော်သစ် နေပြည်တော်၌ စစ်အစိုးရ၏ ထိပ်တန်း ခေါင်းဆောင်နှစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း အစိုးရ အရာရှိကြီးများက အတည်ပြု ပြောကြားသည်။

မစ္စတာ Xi Jinping သည် မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှင့် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် နှစ်ဦးနှင့် တရုတ် ဒုတိယသမ္မတတို့ တွေ့ဆုံ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို မူ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယင်းသို့ တွေ့ဆုံမှု ပြုလုပ်ပြီးနောက် တရုတ် ဒုတိယသမ္မတသည် နေပြည်တော်မှ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိပ်ဒ် မြို့သို့ လေယာဉ်ဖြင့် ထွက်ခွာ သွားခဲ့သည်ဟု ဆိုသည်။ မစ္စတာ Xi Jinping သည် ဆီရမ်ရိပ်ဒ်ရှိ နာမည်ကျော် အန်ကောဝပ် ဘုရားကျောင်းသို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြို့တော် ဖနွမ်ပင်သို့ သွားရောက်ကာ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းများကဆို သည်။

မစ္စတာ Xi Jinping သည် ဒီဇင်ဘာလ ၁၉ ရက်နေ့ တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ တောင်ကိုရီးယား နိုင်ငံမှ ရောက်ရှိခဲ့သည်။ ၎င်းသည် အာရှ လေးနိုင်ငံ ခရီးစဉ်၏ တတိယ မြောက် နိုင်ငံအဖြစ် မြန်မာသို့ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံများသို့ အစီအစဉ်အလိုက် သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

နိုင်ငံတကာ နိုင်ငံရေး အခင်းအကျင်းတွင် တရုတ်နိုင်ငံသည် မြန်မာ၏ မဟာမိတ် နိုင်ငံတစ်ခု ဖြစ်သည်။ ဤသို့ မဟာမိတ် ဖြစ်ရခြင်းမှာလည်း မြန်မာပြည်တွင် ရှိသော သဘာဝဓာတ်ငွေ့ အရင်းအမြစ်များကို တရုတ်နိုင်ငံက ဝယ်ယူလိုသောကြောင့် ဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဝေဖန် ပြောဆိုလျက် ရှိသည်။ ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာပြည်မှ ယူနန်ပြည်နယ်သို့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် စီစဉ်လျက် ရှိသည်။

"တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုဟာ အနာဂတ် ကာလမှာ ပိုမိုကျယ် ပြန့်လာမှာပါ" ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Ye Dabo က ပြောကြားသည်။

တရုတ် ဒုတိယသမ္မတ Xi Jinping သည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်နှင့် ကျောက်မျက်ရတနာ ပြတိုက်သို့ သွားရောက် လည်ပတ်ခဲ့သည်။

ရန်ကုန်အခြေစိုက် တရုတ်နိုင်ငံ သံရုံးမှ သတင်းရင်းမြစ်များ၏ အဆိုအရ ဒုတိယသမ္မတ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာများနှင့် သဘောတူညီချက် စာချုပ်များစွာ လက်မှတ် ရေးထိုးခဲ့ကြ ကြောင်းသိရသည်။ သို့သော် လက်မှတ် ရေးထိုးသည့် အကြောင်း အရာများနှင့် အသေးစိတ် အချက်အလက်များ မသိရှိရပေ။

တရုတ်သည် မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် နိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုးစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ ရှိသည်။ ၂၀၀၈ ခုနှစ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု တန်ဖိုးမှာလည်း ၂ ဒဿမ ၆ ဘီလီယံ ဒေါ်လာ အထိ ရောက်ရှိခဲ့သည်။

Monster Sand Critics ဝက်ဘ်ဆိုက်မှ Chinese vice president Xi Jinping meets Myanmar Junta chief ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment