Transparency Myanmar

transparency.myanmar@gmail.com

Mizzima News, 19th Dec, 2009

          နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် မြန်မာအစိုးရ၏ ပြင်းထန်စွာ ဖိအားပေးခြင်းကို ခံနေရသော ဝ စစ်တပ် (UWSA) သည် အရေးပေါ် အခြေအနေအတွက် ကြိုတင် ပြင်ဆင်မှုများကို ပြုလုပ်နေသည်ဟု အကဲခတ်သမားများက ပြောကြားပါသည်။

          UWSA သည် ၎င်း၏ လက်နက်ကိုင်တပ်မှ အငြိမ်းစား ယူ၍ တရုတ်နိုင်ငံတွင် နေထိုင်နေသော စစ်မှုထမ်းဟောင်းများကို ပြန်လည် ခေါ်ယူ၍ တိုက်ပွဲအတွက် ပြင်ဆင်နေခြင်း ဖြစ်ပါသည်။ အဆိုပါ စစ်သားဟောင်းများမှာ အသက် ၄၀ မှ ၅၀ အတွင်း ရှိသူများ ဖြစ်၍ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) လက်ထက်ကပင် အငြိမ်းစား ယူသွားသူများ ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က ပြောကြာခဲ့ပြီး ၎င်းသည် ရှမ်း အရှေ့မြောက် ဒေသကို အနီးကပ် စောင့်ကြည့် လေ့လာနေသူ ဖြစ်ပါသည်။

          UWSA သည် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၃ သောင်းခန့် ရှိသည်ဟုလည်း ခန့်မှန်းထားကြပါသည်။

          ဝ လူဦးရေ ၇ သိန်းခန့် ရှိသည့်အနက် ၄ သိန်းခန့်မှာ မြန်မာနိုင်ငံတွင် နေထိုင်၍ ၃ သိန်းခန့်မှာ တရုတ်နိုင်ငံတွင် နေထိုင်ပါသည်။

          UWSA သည် နေရာတိုင်းမှ တပ်ဖွဲ့ဝင်ဟောင်းများကို ခေါ်ယူ စုဆောင်းနေပါသည်။ ၎င်းတို့ကို ကျွမ်းကျင်မှုအလိုက် တာဝန်များ ပေးအပ်မည် ဖြစ်ပြီး တချို့ကို လေ့ကျင့်ရေး တာဝန်၊ အချို့ကို တိုက်ခိုက်ရေး တာဝန်၊ အချို့ကို အခြား စစ်ဒေသများအကြား ထောက်ပံ့ ပို့ဆောင်ရေး တာဝန် စသဖြင့် နေရာချထားမည် ဖြစ်ပါသည်။ အထူးသဖြင့် တပ်သားသစ်များကို ကြီးကြပ်ကြပါလိမ့်မည်။ တပ်သားသစ်များနှင့် ပြည်သူ့စစ်များကို လေ့ကျင့် သင်တန်းပေးခြင်းနှင့် ဦးဆောင် လှုပ်ရှားခြင်း တာဝန်များကို ထမ်းဆောင် ကြပါလိမ့်မည်။ အတွင်းသတင်းများအရ တပ်ဖွဲ့ဝင်ဟောင်း များစွာ တဖွဲဖွဲ လာရောက် ပူးပေါင်းနေကြသည်ဟု သိရှိရကြောင်း ဦးစိန်ကြည်က ပြောကြားပါသည်။

          ဝ စစ်တပ် ခေါင်းဆောင်များနှင့် မြန်မာစစ်တပ် ခေါင်းဆောင်များသည် နိုဝင်ဘာ ၁၄ ရက်က တန့်ယန်းတွင် တွေ့ဆုံ၍ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စကို ဆွေးနွေးခဲ့ကြပါသည်။ သို့ရာတွင် ဝ စစ်တပ်က တင်ပြသော တောင်းဆိုမှုများကြောင့် အစည်းအဝေးတွင် ရလဒ်များ ထွက်ပေါ်ခြင်း မရှိခဲ့ပါ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နောက်ဆုံး သတ်မှတ်ရက်ကို ဒီဇင်ဘာလကုန်အထိ တိုးချဲ့ သတ်မှတ်ခဲ့ပါသည်။

          မြန်မာအစိုးရထံ တောင်းဆိုထားသော စည်းကမ်းချက် ၉ ချက်နှင့် ပတ်သက်၍ အလျှော့ပေး ညှိနှိုင်းမည် မဟုတ်ကြောင်း ဝ စစ်တပ် သတင်းရပ်ကွက်မှ ကြားသိရပါသည်။

          အကယ်၍ လိုအပ်လာပါက မြန်မာ့တပ်မတော်နှင့် တိုက်ခိုက်ရန်အတွက် UWSA သည် ကတုတ်ကျင်းများ တူးခြင်း၊ မိုင်းတုံ၊ ဟိုပန်၊ သံလွင်မြစ် အနောက်ခြမ်း တန့်ယန်း အနီးတဝိုက်တွင် လမ်းများ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နေသည်ဟုလည်း ကြားသိရပါသည်။

          UWSA သည် ပြည်သူ့စစ် အဖွဲ့များကိုလည်း အမြင့်ဆုံး တပ်လှန့်ထားပြီး တိုက်ပွဲဝင်ရန် အသင့် အနေအထား ရှိနေသည်ဟု ဝ အဖွဲ့အစည်းနှင့် နီးစပ်သူ တရုတ်မြန်မာ နယ်စပ် အခြေစိုက် အကဲခတ် လေ့လာရေးသမား အောင်ကျော်ဇောက ပြောကြားပါသည်။

          ယခင် စစ်သားဟောင်းများသည် အသက်အရွယ် ကြီးရင့်ခြင်း အပါအဝင် အကြောင်းပေါင်းစုံဖြင့် အနားယူခဲ့ကြသူများ ဖြစ်ပြီး အများစုမှာ တိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ပြည်သူ့စစ်များက အမြဲတမ်း စစ်တပ်ထက် ပို၍ အသုံးဝင်ပြီး တိုက်ရည် ခိုက်ရည် ပိုကောင်းသည်ဟု အများစုက ယူဆကြသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

          မြန်မာ တပ်မတော် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ချန်ဒူးစစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး အိုက်ဟူးရှင်းသည် ဒီဇင်ဘာ ၇ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နေပြည်တော် ပေါင်းလောင်း ဧည့်ရိပ်သာတွင် မြန်မာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။

          တရုတ် တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း တို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ဝ အရေးကိစ္စကို ဆွေးနွေးခဲ့ကြပုံ ရသည်ဟု အောင်ကျော်ဇောက ဆိုပါသည်။

          မြန်မာ့တပ်မတော်က အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များကို ယခုနှစ်ကုန်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးနေခြင်းကြောင့် ၎င်းတို့၏ အနာဂတ်နှင့် ပတ်သက်၍ စိုးရိမ် ပူပန်နေကြပြီး တရုတ်မြန်မာ နယ်ခြားတစ်လျှောက် နိုင်ငံရေး မငြိမ်သက်မှုများ ရှိနေသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များသည် လက်နက်နှင့် ခဲယမ်း မီးကျောက်များ ဝယ်ယူရန်အတွက် ဘိန်းနှင့် အခြား မူးယစ်ဆေးဝါးများ ထုတ်လုပ်မှုကို တိုးမြှင့် နေပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ ၂၀၀၆ မှ စ၍ ၅၀ % မြင့်တက်လာခဲ့သည်ဟု မူးယစ်ဆေးဝါးနှင့် ရာဇာဝတ်မှု ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ရုံး (UNODC) က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသည်။

          အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ဝ နှင့် ကချင်အဖွဲ့များသည် လက်နက် ဝယ်ယူရန်အတွက် မူးယစ်ဆေးဝါးများကို ရောင်းချခဲ့ပြီး စုံစမ်း ထောက်လှမ်းခံရခြင်းကို ရှောင်းရှားရန် ၎င်းတို့၏ သိုလှောင် ပိုင်ဆိုင်မှုများကို ရွှေ့ပြောင်းခဲ့ကြသည်ဟု သြစတြီးယားနိုင်ငံ ဗီယင်နာ အခြေစိုက် ကုလသမဂ္ဂ မူးယစ်ဆေး ထိန်းချုပ်ရေးဌာန အကြီးအကဲ အန်တိုနီယို မာရီယာက နောက်ဆုံး အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment