Irrawaddy Magazine,By Zarni, January - 2010
ကျွန်ုပ်သည် မြန်မာ တစ်ဦးအနေဖြင့် ပိုမို ကောင်းမွန်သော၊ ပိုမို၍ လွတ်လပ်သော မြန်မာနိုင်ငံအဖြစ် မျှော်လင့်သည်။ ဖြစ်စေချင်ပါသည်။ ခွဲခြမ်း စိတ်ဖြာ လေ့လာသူ တစ်ဦး အနေဖြင့် ပြောရမည် ဆိုလျှင် တိုင်းပြည်၏ အနာဂတ်နှင့် ပတ်သက်၍ အကောင်း မြင်ရန် လက်တွေ့ မည်သည့် လက္ခဏာမျှ မြင်တွေ့ရခြင်း မရှိသေးဟု ဆိုရမည် ဖြစ်ပါသည်။
မြင်ကွင်း တစ်ခုလုံးကို ခြုံကြည့်ရလျှင် မျှော်လင့်စရာ ဘာမျှမရှိ ဝေဝါးလျက် ရှိသည်ကိုသာ တွေ့ရပါမည်။ အချို့ ပညာရှင် အစိတ်အပိုင်းမှ ပြောနေကြသော ရွေးကောက်ပွဲကြောင့် ပိုမို ကောင်းမွန်သော အုပ်ချုပ်မှု စနစ်အရ အရပ်သား နိုင်ငံရေး ပါဝင်လာလိမ့်မည် ဟူသော အကောင်းမြင်မှုကို ကျွန်ုပ် သဘောမတူပေ။
စစ်တပ် အစိုးရ၏ ဖက်ဆစ် အတွေးအခေါ်များနှင့် အမြစ်တွယ်နေသော ၎င်းတို့၏ အဖွဲ့အစည်းများ အောက်မှ ရုန်းထွက်ရန် လွယ်လိမ့်မည် မထင်ပေ။ စစ်တပ်နှင့် ၎င်း၏ ခေါင်းဆောင်မှုသည် အလယ်ခေတ်က ပေါ်ထွန်းခဲ့သော မြေယာစနစ် ဆန်ဆန် အုပ်ချုပ်မှုမှ အမြတ်များစွာ ရရှိမှုကြောင့် ထိုစနစ်ကို ကာကွယ် ထားလိမ့်မည် ဖြစ်ပြီး၊ ပြည်သူလူထု၏ လိုအပ်ချက်များ၊ စိုးရိမ် ပူပန်မှုများနှင့် မျှော်မှန်းမှု များကို တုန့်ပြန်လိမ့်မည် မဟုတ်ပေ။
တစ်ချိန်တည်းတွင် စစ်တပ်ထဲမှ ဤ ရက်စက် ကြမ်းကြုတ်သော ခေါင်းဆောင်မှုကို အံတုမည့် သူရဲကောင်း မပေါ်ခဲ့လျှင် တိုင်းပြည်တွင် မိမိတို့ ချမ်းသာအောင် တိုင်းပြည် ဘဏ္ဍာကို သူခိုးခိုး အမြတ်ထုတ်မှုမှာ အစိုးရ၏ တရားဝင် အလုပ်တစ်ခု သဖွယ် ဖြစ်လာပေလိမ့်မည်။
အကျိုးဆက်မှာ တိုင်းပြည်စီးပွားရေးသည် ယိုင်နဲ့နဲ့ အခြေအနေ တွင်သာ ရှိနေဆဲ ဖြစ်လိမ့်မည်။ အားနည်းသူ အပေါ်မှာ အမြတ်ထုတ်သည့် အခြေအနေကြောင့် ရေတိုကို ကြည့်ပြီး ကျဉ်းမြောင်းသော အမြင်ဖြင့် တိုင်းပြည်အပေါ်မှ တန်ဖိုးရှိသော အရာမှန်သမျှ ဂုတ်သွေးစုပ် အမြတ်ထုတ်မှုမှာ ဆက်လက် ရှိနေလိမ့်ဦးမည် ဖြစ်ပြီး၊ ပြည်သူလူထုနှင့် လူ့အဖွဲ့အစည်း အတွင်း မည်သည့် ရင်းနှီး မြှုပ်နှံမှုကိုမျှ ပြန်လည် ပြုလုပ် ပေးလိမ့်မည် မဟုတ်ပေ။
သဘာဝ ဓာတ်ငွေ့များနှင့် အခြား သဘာဝ အရင်းအမြစ်များမှ ရောင်းရငွေများကြောင့် ဗိုလ်ချုပ်များ၏ ကိုယ်ပိုင်ငွေများ တိုးပွား လာသည်နှင့်အမျှ တိုင်းပြည်၏ ဆင်းရဲ မွဲတေမှုကတော့ အရှိန်မြင့် နေလိမ့်ဦးမည် ဖြစ်ပါသည်။ ပြည်သူလူထုမှာ သဘာဝ သယံဇာတ ကျိန်စာ မိနေပြီး၊ အစိုးရ၏ ပတ်ဝန်းကျင် ဆိုင်ရာ စီမံခန့်ခွဲမှု အမှားများကြောင့် ပြည်သူလူထုမှာ ကြီးစွာသော ပေးဆပ်မှုများကို ပေးဆပ်နေရပါသည်။
ပညာရေး၊ လူထု ကျန်းမာရေးနှင့် လူမှု ဖူလုံရေး စနစ်များမှာ ပုံမှန် မဟုတ်တော့ဘဲ၊ အရေအတွက်များ တိုးချဲ့နေပြီး၊ စစ်တပ်မှာရော၊ အရပ်ဖက်မှာပါ လူ့စွမ်းအား အရင်းအမြစ် အရည်အသွေးမှာ ကျဆင်းနေမှုမှာ အရှိန်ကောင်းလျက် ရှိနေပေသည်။
ထို့ကြောင့် မြန်မာ အများစုသည် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ကြရပြီး ရရာ လုပ်အား ရင်းပြီး အသက်ရှင်ကြရသည်။ ဒေသတွင်းတွင် ရွှေ့ပြောင်း လုပ်သား သန်းချီ ရှိပြီး ပြည်တွင်းတွင် ငါးသိန်းခန့် လူများ ရွှေ့ပြောင်း ခံနေရကာ နိုင်ငံခြား တိုင်းပြည်များတွင် မှတ်ပုံတင်ထားသော ဒုက္ခသည် တစ်သိန်းခွဲ ရှိပါသည်။ မြန်မာပြည်ကတော့ ကမ္ဘာပေါ်မှ ငရဲခန်း တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်ပါသည်။
တစ်ချိန်တည်းတွင် နယ်စပ် ဒေသများတွင် အပစ်အခတ် ရပ်စဲမှုများ ပျက်စီးတော့မည့် အခြေအနေ ဖြစ်နေပြီး၊ ပြည်တွင်းမှာရော၊ ဒေသတွင်းမှာပါ မတည်ငြိမ်မှုများ တိုးပွား လာတော့မည် ဖြစ်ပါသည်။
လူသားချင်း စာနာ ထောက်ထားမှု လုပ်ငန်း၊ လူ့အခွင့်အရေး မာဖီးယားများ၊ ဖွံ့ဖြိုး တိုးတက်ရေး ပညာရှင်များ၊ သတင်းစာ ဆရာများနှင့် အတွေ့အကြုံ မရှိသေးသော သံတမန်များအတွက် မြန်မာနိုင်ငံသည် ငွေရှာလို့ ကောင်းသော အလုပ်များ ရနိုင်သော အခွင့်အလမ်း တစ်ခု ဖြစ်နေပါသည်။
ကမ္ဘာပေါ်မှ အမြတ်ထုတ် စားသောက် တတ်သူများနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းများသည် မြန်မာနိုင်ငံတွင် ဂိုဏ်းဖွဲ့၍ အမြတ်ထုတ် နေသည်ကို ကမ္ဘာကြီးက ဝင်ရောက် စွက်ဖက်ခြင်း မရှိဘဲ စောင့်ကြည့်နေမြဲ ဖြစ်ပါသည်။
ဝင်ရောက် စွက်ဖက်ခြင်း မပြုရခြင်းမှာ မြန်မာနိုင်ငံသည် အနောက်နိုင်ငံ ပါဝါများအတွက် ဦးစားပေးရမည့် အရေးကိစ္စတွင် မရှိသောကြောင့် ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် စနစ်တကျ ပြောင်းလဲမှုများ အခိုင်အမာ ပြုလုပ်နိုင်ခြင်း မရှိမချင်း၊ လေသံ ပစ်ရုံသာ စိုးရိမ်မှုကို ပြသ ကြလိမ့်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အစိုးရ ဆန့်ကျင်သူများရော သာမန် ပြည်သူများသည် ပြောင်းလဲမှု အတွက် ၎င်းတို့၏ ရုန်းကန် လှုပ်ရှားမှုများကို လက်လျှော့ လိမ့်မည်တော့ မဟုတ်ပေ။
မြန်မာလူမျိုးများသည် ဗုဒ္ဓဘာသာများ ဖြစ်သည့်အလျောက် မမြဲခြင်း တရားကို ယုံကြည်သည် ဖြစ်၍ စစ်တပ်၏ အာဏာ ဆုပ်ကိုင်ထားမှုကိုလည်း တည်မြဲလိမ့်မည် မဟုတ်ဟု ယုံကြည်ကြပါသည်။