Irrawaddy Magazine, By Sean Turnell, Vol 18, No 1, January
မြန်မာနိုင်ငံ၏ စီးပွားရေးသည် အလွန်တရာ ခြားနားသော လမ်းနှစ်သွယ်အနက် တစ်ခုခုကို သွားရမည် ဖြစ်ပါသည်။ စီးပွားရေး အတက်ဖက်ကို သွားမည်လား (သို့မဟုတ်) အရင်လို ထိန်းမနိုင် သိမ်းမရ တလိမ့်လိမ့်နှင့် အောက်သို့ လိမ့်ဆင်းမည်လား။
မြန်မာ့ စီးပွားရေး၏ အနာဂတ်အား ဓာတ်လုံးတွင် ကြည့်၍ ဟောကိန်း ထုတ်ရန် အလုပ်မှာ အန္တရာယ်များသော အလုပ်ပင် ဖြစ်ပါသည်။ သို့သော် အပိုင်း နှစ်ပိုင်း ခွဲပြောလျှင် နည်းနည်း နီးစပ်လိမ့်မည် ထင်ပါသည်။ ပထမတစ်ပိုင်း အနေဖြင့် ၂၀၁၀ တွင် မိမိတို့ မျှော်လင့်သည်များ ဖြစ်လာမည်လားဟု ဖြစ်ပါသည်။ ဒုတိယတစ်ပိုင်း အနေဖြင့် ခန့်မှန်းရလျှင် စိတ်ပျက်စရာ ကောင်းပြီး၊ အတွေ့အကြုံအရ ပြောရလျှင် ဖြစ်လာနိုင်သည်များမှာ စိတ်ပျက်စရာ ကောင်းလှသည်ဟု ဆိုရမည် ဖြစ်ပါသည်။
အကောင်းများကို ရဲရဲကြီး မျှော်လင့် ကြည့်ရလျှင် ၂၀၁၀ တွင် အပေါင်း လက္ခဏာ ဆောင်သော တိုးတက်မှုများ မည်သို့ ဖြစ်လာနိုင်မည်နည်း။ သဘာဝ ကျကျ စဉ်းစားမည် ဆိုလျှင် ဖြစ်နိုင်ချေသည် ရွေးကောက်ပွဲ အပေါ်တွင် အများကြီး မူတည်နေပါသည်။ ရွေးကောက်ပွဲအရ ထွက်ပေါ်လာမည့် အစိုးရသစ် သည် အခြေအနေ ကောင်းများကို သယ်ဆောင် လာလိမ့်မည်ဟု ယူဆရပါသည်။ အဆိုပါ အစိုးရသစ်သည် မြန်မာနိုင်ငံသားများကို စီးပွားရေး ပတ်ဝန်းကျင်ကောင်းများ ရရှိစေရန် အမှန်တကယ် ရည်ရွယ်ခဲ့သည် ဆိုလျှင်၊ တိုင်းပြည်၏ ကံကြမ္မာကို အလှည့်အပြောင်း ဖြစ်စေမည့် ပြုပြင် ပြောင်းလဲရေး အစီအစဉ် များကို ပြုလုပ်ရလိမ့်မည် ဖြစ်ပါသည်။
လူတိုင်း သိရှိသော သဘာဝဓာတ်ငွေ့ ရောင်းရငွေများ အကြောင်းမှ စပြောရလျှင်၊ အစိုးရသစ် သည် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ဓာတ်ငွေ့ ရောင်းရငွေများကို ကျေးလက် စီးပွားရေးတွင် လိုအပ်နေသော အရင်းအနှီးများသို့ ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။ သို့မှသာ စစ်ရေးနှင့် လုံခြုံရေး ကိစ္စ ရပ်များတွင် အသုံးပြုခြင်းကို လျှော့ချနိုင်မည် ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေးနှင့် အရေးကြီးသော အခြေခံ အဆောက်အဦများတွင် မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။
အစိုးရသစ်သည် အထက်ပါအတိုင်း လုပ်ဆောင်ပေးမှုများ၊ အခြား လုပ်ဆောင်မှုများနှင့် ကတိပြု မှုများ ရှိခဲ့လျှင် မိမိကိုယ်မိမိ ယုံကြည်မှုများ တိုးပွားလာမည် ဖြစ်ပြီး အခြေပစ္စည်း ရပိုင်ခွင့်များကို လေးစား လိုက်နာလာမည် ဖြစ်ကာ တရားဥပဒေ စိုးမိုးမှုကို ရရှိလိမ့်မည် ဖြစ်ပါသည်။ အထက်ပါ အချက်များသည် ဒီမိုကရေစီ အုတ်မြစ်များ ခိုင်မာမှု၏ ဘေးထွက်ရလဒ် ဖြစ်ပြီး တိုင်းရင်းသားများကိုလည်း ၎င်းတို့အပေါ်မှ အမြတ် ထုတ်နေသည်ဟု အထင်မှားမှုများ ကိုလည်း ဖြေဖျောက်နိုင်မည် ဖြစ်ပါသည်။
အဆိုပါ လုပ်ဆောင်ချက်များသည် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများကို ယုံကြည်မှု တိုးပွားစေပြီး၊ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်စေရန် အားပေးသလို ဖြစ်မည် ဖြစ်ပါသည်။ သဘာဝ အရင်းအမြစ်များတွင် ရင်းနှီး မြှုပ်နှံလိမ့်မည် ဖြစ်ပြီး၊ မြန်မာ လုပ်သားများကို စံချိန်မီ လုပ်အားခများ ပေးလာမည် ဖြစ်ပြီး ရေရှည် ခရီးသွား ဧည့်သည်များကိုလည်း တိုးတက် ဆွဲဆောင်လာမည် ဖြစ်ပါသည်။
အကယ်၍ အထက်ပါ မျှော်လင့်ချက်များ ဖြစ်မလာခဲ့လျှင်၊ ၂၀၁၀ တွင် မြန်မာ့ စီးပွားရေး မည်သို့ ဖြစ်လာမည်နည်း။ အဖြေကို ပြောရမည်မှာ ပျော်ရွှင်စရာ ကောင်းလိမ့်မည် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ငါးဆယ်က သွားခဲ့သော အဆင်း လမ်းကြောင်း၊ လမ်းဟောင်းအတိုင်း သွားပြီး ဆင်းရဲမွဲတေမြဲ ဖြစ်နေဦး ပေလိမ့်မည်။
အထက်က ဆိုခဲ့သော မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့ရောင်းရငွေများသည် နိုင်ငံ၏ GDP ကို တိုးတက်လာပြီး တိုင်းပြည်အသွင် ပြောင်းခဲ့သည် ဆိုသော်လည်း စီးပွားရေး အခြေအနေသည် ဒုတိယ ကမ္ဘာစစ်ပြီး ကတည်းကထက် တဖြည်းဖြည်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပါသည်။ မြန်မာ စစ်အစိုးရသည် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ကာကွယ် ပေးသူများအဖြစ် မိမိ ကိုယ်မိမိ ဂုဏ်ယူ နေသည် ဆိုသော်လည်း ၎င်းတို့၏ စီးပွားရေး အမြင်မှာ တိုင်းပြည် သယံဇာတများ ဖြစ်သော ကျောက်များ၊ သတ္တုများနှင့် သဘာဝ ဓာတ်ငွေ့များကို ထုတ်ယူ စားသုံးရေးထက် မပိုပေ။
ထို့ကြောင့် မြန်မာ့ သယံဇာတ များအပေါ် အမြတ်ထုတ်နေသော စွမ်းအင် ဆာလောင် မွတ်သိပ် နေသော မြန်မာနိုင်ငံ၏ အိမ်နီးချင်း များကိုသာ အပြစ်တင် ရတော့မည် ဖြစ်သည်။ ၂၀၁၀ တွင် မြန်မာနိုင်ငံ ကတော့ ဦးမရှိ၊ ပဲ့မရှိ၊ ဦးတည်ရာမဲ့နှင့် မာယာများလှသော အခြေအနေ ရုတ်ချည်း ပြောင်းနိုင် သော ကမ္ဘာ့ ကုန်ပစ္စည်း ဈေးကွက် ပင်လယ်ကြောတွင် မျောနေပေဦးတော့မည်။