Transparency Myanmar

transparency.myanmar@gmail.com


အမျိုးသား ဒီမိုကရေစီပါတီ (NLD) သည် ပါတီတွင်း ပြန်လည် စည်းရုံးရေးနှင့် တိုးချဲ့ ဖွဲ့စည်းရေး အတွက် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦး မျက်နှာစုံညီ အစည်းအဝေး ကျင်းပရန် စိတ်အား ထက်သန်လျက် ရှိကြောင်း သတင်း ရရှိသည်။

"ဒီကိစ္စဟာ ကျွန်တော်တို့ ပါတီရဲ့ ရှေ့အနာဂတ် အစီအစဉ်နဲ့ ပတ်သက်ပါတယ်။အဲဒါကြောင့် စစ်အစိုးရက ကျွန်တော်တို့ကို မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်ခွင့် ပေးရမှာပါ။ တကယ်လို့ သူတို့ ခွင့်မပြုခဲ့ဘူး ဆိုရင်တောင် နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ဥပဒေနဲ့ တခြား ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ထွက်ရှိလာရင် ကျွန်တော်တို့ အစည်းအဝေး လုပ်မှာပါ" ဟု NLD ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေက မဇ္ဈိမသို့ ပြောကြားသည်။

"တကယ်လို့ စစ်အစိုးရက ကျွန်တော်တို့ကို အစည်းအဝေး ပြုလုပ်ခွင့် မပြုဘူးဆိုရင် NLD ရဲ့ လက်ရှိ ဗဟိုကော်မတီ အနေနဲ့ အစီအစဉ်အတိုင်း မဖြစ်မနေ လုပ်ဖြစ်အောင် ကြိုးစားသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အကြောင်းကြားမှာပါ" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက် နိုင်ငံတော် ဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့စဉ်အတွင်း NLD ပါတီ၏ သက်ကြီးပိုင်း ခေါင်းဆောင်များ ဖြစ်သော ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင် နှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးလွန်းတင်တို့က လက်ရှိ ကော်မတီကို တိုးချဲ့ဖွဲ့စည်းရန် သဘော တူညီခဲ့ကြသည်။

နှစ်ပေါင်း ၁၄ တာမျှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ အတွင်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသား ပေးပို့ခဲ့သည်။ မိမိအနေဖြင့် NLD ပါတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ဗဟို အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်က စာဖြင့် ရေးသား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်အစိုးရက ယနေ့ အချိန်အထိ တွေ့ဆုံခွင့် မပြုသေးပေ။ ပါတီ ခေါင်းဆောင်ကြီးများ က NLD ဗဟို အလုပ်အမှုဆောင် ကော်မတီကို တိုးချဲ့ ဖွဲ့စည်းရန် သဘော တူခဲ့ပြီ ဖြစ်သော်လည်း ကော်မတီအနေဖြင့် အဖွဲ့ဝင် ၁၁ ဦးစလုံး မျက်နှာစုံညီ အစည်းအဝေး မပြုလုပ်ဘဲ နောက်ဆုံးပိတ် ဆုံးဖြတ်ချက် ချမှတ်၍ မရနိုင်ကြောင်း၊ ယင်းသို့ စုံညီ အစည်းအဝေး ကျင်းပရန် စစ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်း နေရဆဲ ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် NLD ပါတီက လက်ရှိ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ စာရင်းကို ထုတ်ပြန် ကြေညာခဲ့သည်။ လက်ရှိ အဖွဲ့ဝင်များမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုတိယ ဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေအတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး)၊ ဦးဝင်းတင် (အဖွဲ့ဝင်)၊ ဦးသန်းထွန်း (အဖွဲ့ဝင်)၊ ဦးစိုးမြင့် (အဖွဲ့ဝင်)၊ ဦးလှဖေ (အဖွဲ့ဝင်)၊ ဦးလွန်းတင် (အဖွဲ့ဝင်)၊ ဦးညွန့်ဝေ (အဖွဲ့ဝင်)၊ ဦးခင်မောင်ဆွေ (အဖွဲ့ဝင်) တို့ ဖြစ်ကြသည်။

Mizzima သတင်းဌာနမှ NLD keen on holding CEC plenary meet ကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment