Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံမှ တင်ပို့လိုက်သော ဆန်အိတ်ပေါင်း ၁၅၀၀၀ အား ဂါနာ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဘုတ်အဖွဲ့(FDB) နှင့် အမျိုးသား လုံခြုံရေးနှင့် စုံစမ်း စစ်ဆေးရေး ဗျူရိုအဖွဲ့ (BNI) တို့က မြန်မာပြည်သို့ ပြန်လည် တင်ပို့လိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆန်အိတ်များကို Stefanis သင်္ဘောဖြင့် မြန်မာပြည်မှ တင်ပို့လိုက်ခြင်း ဖြစ်ကြောင်း၊ သင်္ဘောပေါ်တွင် ဆန်အိတ်ပေါင်း နှစ်သိန်းသုံးသောင်း ပါဝင်ကာ ယခုအခါ မူလတင်ပို့နိုင်ငံ ဖြစ်သည့် မြန်မာပြည်သို့ ပြန်ပို့ရန် အမိန့် ထုတ်ထားကြောင်း ဂါနာနိုင်ငံ FDB က ဆိုသည်။

ဆန်များ မြန်မာပြည်သို့ ပြန်လည် တင်ပို့ရန် ပြင်ဆင်နေခိုက် Tema ဆိပ်ကမ်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ FDB အဖွဲ့၏ သွင်းကုန်၊ ထုတ်ကုန် ဌာနစု အကြီးအကဲ မစ္စတာ Emmanuel Yaw Kwarteng က အဆိုပါ ဆန်များကို ဓာတ်ခွဲခန်းတွင် စစ်ဆေးကြည့်ရာ အာဟာရ မပြည့်ဝသော ဆန်များ ဖြစ်ကာ စားသုံးရန် မသင့်သည်ကို တွေ့ရှိရသောကြောင့် မူလနိုင်ငံသို့ ပြန်လည် တင်ပို့ရန် အမိန့်ထုတ် လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဆန်အိတ် ၁၅၀၀၀ ကို သင်္ဘောပေါ်မှ ချကာ ကုန်လှောင်ရုံတွင် ထားရှိခဲ့ကြောင်း၊ ထို့နောက်တွင်မှ ဓာတ်ခွဲခန်းသို့ ပို့ကာ စစ်ဆေး ကြည့်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆန်အိတ်များကို တင်ပို့လိုက်သူမှာ တောင်အာဖရိက နိုင်ငံမှ ဖြစ်သည်ဟု ယူဆရကြောင်း FDB က ဆိုသည်။

ယခုကဲ့သို့ ဆန်အိတ်များ ပြန်လည် တင်ပို့ရသည့် အဓိက ဦးတည်ချက်မှာ စားသုံးသူများအတွက် ကျန်းမာရေးနှင့် ကိုက်ညီသော အစားအသောက်များ ရရှိစေလိုသောကြောင့် ဖြစ်ပြီး အစားအသောက် လုံခြုံရေးကို ရည်ရွယ်ပါသည်ဟု မစ္စတာ Emmanuel က ပြောသည်။ ဆန်များ ဓာတ်ခွဲ စစ်ဆေးခြင်းနှင့် ပြန်လည် တင်ပို့ရန် ပြင်ဆင်ခြင်း စသည့် လုပ်ရပ်များကို ဂါနာနိုင်ငံ FDB၊ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့နှင့် BNI တို့က ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

GNA သတင်းဌာန၏ FDB orders re-loading of unwholesome rice ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment