Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် အီဘရာဟင် ဂမ်ဘာရီသည် လာမည့် ရက်သတ္တပတ်တွင် ဒါဖာဆိုင်ရာ အထူး သံတမန်အဖြစ် တာဝန် ပြောင်းလဲ ရယူမည် ဖြစ်သောကြောင့် ၎င်း၏ နေရာတွင် အစားထိုး ဝင်ရောက်မည့် သံတမန် ကိစ္စနှင့် ပတ်သက်၍ ကုလ အနေနှင့် နှောင့်နှေးနေသကဲ့သို့ ဖြစ်လျက် ရှိရာ အဆိုပါ ကိစ္စအတွက် ကုလက မြန်မာအစိုးရနှင့် ဆက်သွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါ သည်။

လက်ရှိ အနေအထားတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့် ရှိသူမှာ မြန်မာနိုင်ငံအတွက် အထူး သံတမန် ခန့်အပ်ရေး ကိစ္စကို အလျင်အမြန် မဆောင်ရွက် နိုင်သေးသောကြောင့် ပြစ်တင် ဝေဖန်မှုများစွာကို ခုခံ ပြောဆိုနေရသည်။

မစ္စတာ ဂမ်ဘာရီ နေရာ၌ တရားဝင် အစားထိုး ခန့်အပ်မှု မပြုလုပ်နိုင်မီ ကာလအတွင်း ကုလသမဂ္ဂ အရာရှိချုပ် ဗီဂျေနမ်ဘီးရားက မြန်မာနိုင်ငံ ဆိုင်ရာ အထူး သံတမန်အဖြစ် ယာယီ ထမ်းဆောင်လျက် ရှိသည်။ သို့သော် မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်ရာ ယင်းသို့ အထူး သံတမန် မခန့်အပ် နိုင်သေးသည့် ကိစ္စအတွက် ကုလသမဂ္ဂမှာ ပြစ်တင် ဝေဖန် ထိုးနှက်မှုပေါင်း များစွာ ခံနေရသည်။

ကုလ၏ ပြောရေးဆိုခွင့် ရှိသူ မာတင်နီဆာကီက မိမိတို့တွင် အဆိုပါ ကိစ္စအတွက် လျော့ရဲမှုများ မရှိပါကြောင်း၊ ဂမ်ဘာရီ၏ လုပ်ငန်းများကို မစ္စတာ နမ်ဘီးယားက ဆက်လက် ထမ်းဆောင်ပေးလျက် ရှိကြောင်း၊ မစ္စတာ ဂမ်ဘာရီက တစ်ဦး တစ်ယောက်တည်း မလုပ်ဆောင်ဘဲ ညှိနှိုင်း လုပ်ဆောင်ခဲ့သည့် အတိုင်း မစ္စတာ နမ်ဘီးရားကလည်း ညှိနှိုင်း လုပ်ဆောင်လျက် ရှိကြောင်း ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးသည် မြန်မာအစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်နေပြီး တိုးတက်မှုများ ရရှိအောင်လည်း ဆောင်ရွက်လျက် ရှိသည် ဟု မစ္စတာ မာတင်နီဆာကီက ဆိုသည်။

ယင်းသို့ ညှိနှိုင်း ဆောင်ရွက်မှုများတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရက် သတ်မှတ်ခြင်း မရှိသေးသည့် ကိစ္စ၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် တရားရုံး၌ အယူခံဝင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စတို့ ပါဝင်ပါသည်။

ဂမ်ဘာရီ၏ နေရာတွင် အစားထိုး ဝင်ရောက်မည့် ပုဂ္ဂိုလ်အား တရားဝင် မခန့်အပ် နိုင်သေးခြင်းသည် မြန်မာစစ်အစိုးရ၏ ဆက်ဆံရေး တင်းမာမှုကြောင့် ဖြစ်ကြောင်း၊ ဆက်ဆံမှု တင်းမာနေသည့် အပေါ် ယုံကြည်မှု မရှိသောကြောင့် အချိန်မီ မခန့်အပ်နိုင်၊ မကြေညာနိုင် ဖြစ်နေရကြောင်း ၎င်းက ပြောဆိုပါသည်။

မစ္စတာ ဂမ်ဘာရီသည် ၂၀၀၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန် အဖြစ် ပထမဆုံး လာရောက်ခဲ့သည်။ မစ္စတာ ဂမ်ဘာရီသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကဲ့သို့ပင် သိမ်မွေ့ နားလည်မှု နည်းလမ်း (Soft Approach) ကို အသုံးပြုခဲ့သည်။

၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလတွင် ကုလသမဂ္ဂ အရာရှိချုပ် တာဝန်ကို စတင် ထမ်းဆောင်ခဲ့သော မစ္စတာ နမ်ဘီးယားသည် ယခင်က ပါကစ္စတန်၊ တရုတ်၊ မလေးရှား၊ နှင့် အာဖဂန် နစ္စတန် ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် စပ်လျဉ်း၍ အစဉ် ချောမွေ့မှု မရှိလှသော နိုင်ငံတစ်ခု ဖြစ်သည်။ အထူးသဖြင့် အမြဲတမ်း ကိုယ်စားလှယ် ငါးနိုင်ငံဖြင့် ဖွဲ့စည်းထားသော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC) တွင်လည်း လူ့အခွင့်အရေးနှင့် ပတ်သက်သော အရေးကိစ္စများ၊ ပြဿနာများ မကြာခဏ ဖန်တီး ဖြစ်ပေါ်စေသော နိုင်ငံ တစ်ခုလည်း ဖြစ်သည်။

DVB သတင်းဌာန၏ UN defends hiatus on Burma envoy ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment