Transparency Myanmar

transparency.myanmar@gmail.com

ဂျပန်နိုင်ငံ အလှူရှင် အဖွဲ့တစ်ခုနှင့် မြန်မာ့လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာန တို့ ပြုလုပ်သော အစည်းဝေးမှ ထွက်ပေါ်လာသည့် သတင်း ပေါက်ကြားချက် တစ်ရပ်အရ လာမည့် အောက်တိုဘာလတွင် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရ ပါသည်။

မြန်မာလယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် စစ်အစိုးရ၏ လက်ကိုင် အဖွဲ့အစည်းကြီး ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သော ဗိုလ်ချုပ်ဌေးဦး၏ ပြီးခဲ့သည့်နှစ် သြဂုတ်လက ဂျပန်နိုင်ငံသို့ သွားရောက်စဉ် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ တစ်ရပ်မှ အဆိုပါ သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုစဉ်က ဗိုလ်ချုပ်ဌေးဦးသည် ဂျပန်နိုင်ငံရေးတွင် သြဇာကြီးမားသူလည်း ဖြစ်ပြီး နီပွန် ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သူ Yohei Sasakawa နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ သတင်း ပေးပို့ချက်အရ ၎င်းသည် ထိုစဉ်က ဂျပန် ရွေးကောက်ပွဲကို လေ့လာရန် သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အမည် မဖော်လိုသော ဂျပန် သတင်းရင်းမြစ် တစ်ခုက DVB သို့ ပြောပြချက်အရ မြန်မာနိုင်ငံတွင် ၂၀၁၀ အောက်တိုဘာလ၌ ရွေးကောက်ပွဲ ကျင်းပမည်ဟု ဗိုလ်ချုပ်ဌေးဦးက မစ္စတာ Sasakawa အား ပြောဆိုခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲ ကျင်းပရန် လိုအပ်သော အထောက်အပံ့များနှင့် နည်းစနစ်များကို ပေးရန် ဂျပန်နိုင်ငံက ကမ်းလှမ်း ခဲ့သည်ဟုလည်း ဆိုသည်။

ထို့ပြင် အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်သော သတင်းမှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် Sasakawa Peace Foundation မှ အမှုဆောင် ဒါရိုက်တာ Seki Akinori မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက် ပိုမို ခိုင်မာလာကြောင်း၊ မစ္စတာ Seki သည် မြန်မာအစိုးရ၏ စီနီယာ အရာရှိကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ယူဆရကြောင်း သိရပါသည်။ Sasakawa Peace Foundation ကို မစ္စတာ Sasakawa က ထူထောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းရင်းမြစ်၏ အဆိုအရ ၂၀၁၀ အောက်တိုဘာတွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်ဟု မြန်မာအစိုးရက မစ္စတာ Seki အား အသိပေး ပြောဆိုခဲ့သည်။

ဇန်နဝါရီ ၇ ရက်နေ့ကလည်း ဂျပန်သတင်းစာ တစ်စောင် ဖြစ်သော Asahi Shimbun က အလားတူ သတင်းမျိုးကို ရေးသား ဖော်ပြခဲ့သေးသည်။ အဆိုပါ သတင်းစာ၏ အဆိုအရ ရွေးကောက်ပွဲနှင့် နိုင်ငံရေး ပါတီများ ဖွဲ့စည်းခွင့် ဆိုင်ရာ ဥပဒေများကို မြန်မာနှစ်သစ်ကူး ကာလ ဖြစ်သော ဧပြီလတွင် ထုတ်ပြန် ကြေညာလိမ့်မည်ဟု သိရသည်။

ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖိအားပေးမှုမှ သက်သာစေရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ရွေးကောက်ပွဲတွင် တရားဝင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီတစ်ခုအဖြစ် အသိအမှတ် ပြုလိမ့်မည်ဟု Asahi Shimbun က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားခြင်း၊ သူမ၏ NLD ပါတီအပေါ် ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်ခြင်းများကြောင့် လာမည့် ရွေးကောက်ပွဲတွင် NLD အနေဖြင့် အနိုင် ရရှိမည့် အခွင့်အလမ်း လျော့နည်းသွားမည်ဟု စစ်အစိုးရ ခေါင်းဆောင်များက ယုံကြည်ကြောင်း စစ်အစိုးရ သတင်းရင်းမြစ် တစ်ခုက Asahi Shimbun သတင်းစာသို့ ပြောကြားသည်။

ဇန်နဝါရီလ ပထမပတ်အတွင်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထုတ်ဖော် အသိပေးခဲ့သော်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်သော အသေးစိတ်မှာမူ မရှင်းမလင်း ရှိနေဆဲပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယခု ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ထုတ်ဖော် ကြေညာခြင်း မရှိသေးပေ။ ၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်လာသော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် စစ်တပ် အာဏာ ခိုင်မြဲရေးအတွက် အဓိက ဦးတည် ထားသောကြောင့် ပြန်လည် ပြင်ဆင် ရေးဆွဲရန် လိုအပ်သည်ဟုသာ NLD က ပြစ်တင် ဝေဖန်ထားသည်။

DVB သတင်းဌာန၏ Burma elections to be held in October ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment