Transparency Myanmar

transparency.myanmar@gmail.com

BBC News, 10th January 2010

          တရုတ်နိုင်ငံ၏ ပို့ကုန်လုပ်ငန်းသည် ယခင်နှစ် အစောပိုင်းနှင့် နှိုင်းယှဉ်လျှင် ၁၇.၇% မြင့်တက်ခဲ့ပြီး ၁၃ လ ဆက်တိုက် ကုန်သွယ်ရေး ကျဆင်းနေမှုကို ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ပါသည်။

          ၂၀၀၉ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ ပို့ကုန် တန်ဖိုးမှာ ဒေါ်လာ ၁.၂ ထရီလီယံ ရှိခဲ့ပြီး တရုတ်သည် ဂျာမနီကို ကျော်လွှား၍ ကမ္ဘာအကြီးဆုံး ပို့ကုန်နိုင်ငံ ဖြစ်လာသည်ဟု သတ်မှတ်နိုင်ကြောင်း အစီရင်ခံစာ အချို့က ဖော်ပြခဲ့သည်ဟု Xinhua က ပြောကြားပါသည်။

          သို့ရာတွင် တစ်နှစ်လုံးအတွက် စုစုပေါင်း ပြည်ပ ကုန်သွယ်ရေး တန်ဖိုးမှာမူ ၂၀၀၈ ကထက် ၁၃.၉ % ကျဆင်းခဲ့သည်ဟု Xinhua က ဆိုပါသည်။

          ယခုကဲ့သို့ ပို့ကုန် တန်ဖိုး မြင့်တက်ခဲ့ခြင်းသည် တရုတ်နိုင်ငံအတွက် အရေးကြီးသော အလှည့် အပြောင်းတစ်ခု ဖြစ်သည်ဟု ပြောကြားသူမှာ အကောက်ခွန်ဌာန ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဖြစ်ပါသည်။ တရုတ် ပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် ခက်ခဲသော ကာလတစ်ခုကို ကျော်လွှား ဖြတ်သန်းနိုင်ခဲ့ပြီဟု စိတ်ချလက်ချ ပြောဆိုနိုင်ကြောင်း အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေး (GAC) ဌာနမှ စာရင်းအင်း ပညာရှင် ဟောင်ရိုဟွာက ပြောကြားပါသည်။

          ၂၀၀၉ ခုနှစ် သွင်းကုန် လုပ်ငန်းမှာ ဒေါ်လာ ၁.၀၁ ထရီလီယံ ရှိ၍ ၂၀၀၈ ကထက် ၁၁.၂ % ကျဆင်းခဲ့ပြီး စုစုပေါင်း ကုန်သွယ်ရေး ပိုငွေပြမှုမှာလည်း ၃၄.၂ % ကျဆင်းကာ ဒေါ်လာ ၁၉၆.၁ ဘီလျံသာ ရှိခဲ့သည်ဟု GAC က ထုတ်ပြန်ပါသည်။

          ယခုကဲ့သို့ တရုတ် ကုန်သွယ်ရေး ဖြည်းညင်းစွာ ကျဆင်းခြင်းသည် နိုင်ငံတော်၏ တွန်းအားပေး အင်အားစုများ ကောင်းမွန်စွာ အလုပ်လုပ်နေခြင်း၏ လက္ခဏာပင် ဖြစ်သည်။

          ၂၀၀၉ ခုနှစ်အတွင်း ဘီဂျင်းသည် ပို့ကုန် လုပ်ငန်းများ အပေါ်တွင် တန်ဖိုးမြှင့် အခွန်များကို အကြိမ်ကြိမ် လျော့ပေးခဲ့ပြီး အခွန် ပြန်အမ်းငွေ မြင့်တက်ခဲ့ကာ ပို့ကုန်လုပ်ငန်းများ အပေါ် အာမခံ ပေးနိုင်မှုလည်း တိုးတက်ခဲ့ပါသည်။

          ထို့အပြင် ၂၀၀၈ ဇူလိုင်မှ စ၍ ဒေါ်လာနှင့် ချိတ်ဆက်၍ ယွမ်ငွေ တန်ဖိုး မြင့်တက်ခြင်းကိုလည်း ဗဟိုဘဏ်က ထိရောက်စွာ ဟန့်တားနိုင်ခဲ့ပါသည်။

0 comments:

Post a Comment