Transparency Myanmar

transparency.myanmar@gmail.com

By Kirsten Grieshaber, Associated Press, 10th January 2010

ဥရောပတွင် တနင်္ဂနွေနေ့က ဆီးနှင်းများ ထူထပ်စွာ ကျရောက်မှုကြောင့် ရထားလမ်းများ၊ ကားလမ်းများ ပြန်လည် အသုံးပြုနိုင်ရေးအတွက် ကြိုးစား နေကြရပါသည်။ ဆီးနှင်းများ ကျရောက်မှုကြောင့် လမ်းကြောင်းများတွင် မတော်တဆ တိုက်ခိုက်မိမှုများ ရာနှင့် ချီ၍ ဖြစ်ပွားခဲ့ပြီး၊ ဂျာမနီနှင့် ပြင်သစ်မှ ထွက်မည့် လေကြောင်း ခရီးစဉ်များ အားလုံး ရပ်ဆိုင်း သွားခဲ့ပါသည်။ ပိုလန်တွင် ပါဝါလိုင်းများ ကျနေခဲ့ပြီး၊ ဆီးနှင်းများ ဖုံးလွှမ်းသွားသော ဂျာမနီ အဝေးပြေး လမ်းမပေါ်တွင် လူပေါင်း (၁၆၀) ခန့် တစ်ညလုံး ပိတ်မိနေခဲ့ကြပါသည်။

လူကြီး (၁၄၈) ဦး နှင့် ကလေး (၁၉) ဦး တို့သည် ဂျာမနီ ကမ်းရိုးတန်း တစ်လျှောက်ရှိ (A 20) အဝေးပြေး လမ်းမကြီးပေါ်တွင် ပိတ်မိနေပြီး၊ ကားစက်များကို နှိုးထား၍ ကယ်ဆယ်ရေးများ လာသည်အထိ စောင့်ကြရပါသည်။ ကယ်ဆယ်ရေးများသည် စက်ကြီးများဖြင့် (၆) ပေခွဲ (၂ မီတာ) အမြင့်ရှိ ဆီးနှင်းထုများကို ဖယ်ရှားပြီး၊ တနင်္ဂနွေနေ့ မနက်က ကယ်ဆယ်ခဲ့ကြောင်း Altentreptow မြို့မှ ရဲတစ်ဦးက ပြောပါသည်။

၎င်းတို့ကို ကယ်ထုတ်ပြီးနောက် ကယ်ဆယ်ရေး အဖွဲ့များ ပြုလုပ်ထားသော မိုးကာတဲများသို့ ခေါ်ဆောင်ပြီး၊ ပိတ်နေသော ကားများ အားလုံး ရှင်းပြီးသည်အထိ စောင့်ကြရပါသည်။ မီးသတ်သမားများက ၎င်းတို့ကို သောက်စရာ အပူများ၊ စားစရာများ ပေးခဲ့ကြောင်း Altentreptow အဝေးပြေးလမ်း ရဲအဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ် Jens Apelt က ပြောခဲ့ပါသည်။

ဒုတိယမြောက်နေ့အဖြစ် ဆီးနှင်းများ ထူထပ်စွာ ကျရောက် အပြီးတွင် ဂျာမနီ၌ လမ်းများပေါ်တွင် ရာသီဥတုကြောင့် ယာဉ်တိုက်မှုများ ရာချီ၍ ဖြစ်ပေါ်ခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။ အထူးသဖြင့် Baltic ကမ်းရိုးတန်း တစ်လျှောက်တွင် ပိုမို ကျရောက်သည်ဟု ဆိုပါသည်။ Nordvorpommern တွင် ကားနှင့် သစ်ပင် ဝင်တိုက်မှုကြောင့် လူနှစ်ဦး သေဆုံးရသည်ဟု ဆိုပါသည်။

Baltic ကို ဖြတ်ပြီး Seandinaria သို့ ကြိုပို့ လုပ်ငန်းမှာလည်း ဖျက်သိမ်းခဲ့ရပါသည်။ ပင်လယ်ရေမှာလည်း တက်လာပြီး Flensburg နှင့် Luebeck မြို့များ၏ လမ်းမများပေါ်အထိ ရောက်လာခဲ့ပါသည်။ Dahmeshoeved ရွာတွင် ရေကြီးမှုကို ကာကွယ်ထားသော အကာအရံများကို ဖြိုပစ်ရန်ပင် ခြိမ်းခြောက်နေပါသည်။ ကယ်ဆယ်ရေး အဖွဲ့များသည် ပျက်စီးမှုများကို ပြင်ဆင်နေရသဖြင့် အလုပ်များနေကြောင်း ဂျာမန်သတင်းဌာန DAPD က ဆိုပါသည်။

Baltic ပင်လယ်မှ လှိုင်းများသည် ဆိပ်ခံ တံတားများကို ရိုက်ခတ်ပြီး၊ နံရံမှ အုတ်များကိုပင် အင်နှင့် အားနှင့် ဖြိုမယောင် ရှိနေပါသည်ဟု Luebeck – Travemuende မှ ရဲတစ်ဦးက အစီရင်ခံ ဖော်ပြထားပါသည်။

ပြင်သစ် အရှေ့တောင်ပိုင်းရှိ လိုင်ယွန်မြို့တွင် လေယာဉ်ကွင်း၌ ဆီးနှင်းများဖြင့် ဖုံးလွှမ်းခဲ့မှုကြောင့် စနေနေ့ တစ်ညလုံး လေယာဉ် အဝင်အထွက်များ ရပ်ဆိုင်းသွားခဲ့ရာ လူ (၈၀၀) ခန့် တစ်ညလုံး ပိတ်မိနေခဲ့ပြီး တနင်္ဂနွေနေ့ မနက်မှ တဖြည်းဖြည်း လေယာဉ် ခရီးစဉ်များ စတင်နိုင်ခဲ့ပါသည်။

ပြင်သစ်၏ TF 1 TV ၏ အဆိုအရ Tours in France's Loire Valley ရှိ အဝေးပြေး ကားလမ်းတစ်ခုသည် ဆီးနှင်းများ ကျရောက်မှုကြောင့် စကိတ်ကွင်း အသွင် ပြောင်းသွားပြီး ကားများ လမ်းချော်ပြီး လမ်းဘေးရှိ အကာအရံများကို ဝင်တိုက် ကုန်ကြကြောင်း သိရှိရပါသည်။

ပိုလန် တောင်ပိုင်းတွင် ဆီးနှင်းများကြောင့် သစ်ပင် အကိုင်းများ ကျိုးကာ အချို့ ပါဝါလိုင်းများကို ထိခိုက်ကာ တနင်္ဂနွေနေ့က လျှပ်စစ် ဓာတ်အား ပြတ်တောက်သွားခဲ့သဖြင့် လူ (၈၀၀၀) ခန့် လျှပ်စစ်မီး ပြတ်ခဲ့ရသည်ဟု PAP သတင်းဌာနမှ ဆိုပါသည်။

ပိုလန် နယ်စပ်ရှိ ဂျာမနီ မြို့တစ်မြို့ ဖြစ်သော Anklam တွင် ဆီးနှင်းများကြောင့် ပိတ်မိနေသော ခရီးသည် (၁၄) ဦးပါ ရထားတစ်စင်းကို ကယ်တင်ခဲ့ရသည်ဟု DAPD သတင်းဌာနက ဆိုပါသည်။ ဂျာမနီ အရှေ့မြောက်ရှိ Mecklenburg Western – Pomerania တွင် ဆီးနှင်းကြောင့် ရထားလမ်းများ ပိတ်ဆို့၍ ခရီးစဉ်များ ရပ်နားထားခဲ့ရပါသည်။

ဂျာမနီရှိ အချို့ ကမ်းရိုးတန်းနှင့် ကျွန်းများရှိ မြို့များတွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့ပါသည်။

Frankfurt လေဆိပ်တွင် လေယာဉ်ခရီးစဉ် (၆၁) ခု ဖျက်သိမ်းခဲ့ရသဖြင့် လူပေါင်း လေးရာခန့် လေဆိပ်တွင် ညအိပ်ခဲ့ရသည်။

ဒိန်းမတ်နိုင်ငံ တောင်ပိုင်းတွင် လေပြင်းထန်ပြီး ဆီးနှင်းများ ကျရောက်မှုကြောင့် လမ်းများပေါ်တွင် ပရမ်းပတာ ဖြစ်ခဲ့ရပါသည်။ စစ်တပ် တင့်ကားများသည် ဆီးနှင်းများထဲမှ ကားများကို ကူညီနိုင်ရန် အသင့်ပြင် ထားကြရပြီး လေပြင်းဒဏ် မခံနိုင်သော မော်တော်ယာဉ်များ ဆွီဒင်သို့ သွားသော Oresund တံတားကို မဖြတ်သင့်ကြောင်း သတိပေး ထားပါသည်။

ဗြိတိန်နိုင်ငံတွင် ရာသီဥတုကြောင့် သေဆုံးသူ စာရင်းမှ (၂၆) ဦး ရှိပြီ ဖြစ်ကြောင်း Press Association သတင်းဌာနမှ စာရင်းအရ သိရှိရပါသည်။

ဗြိတိသျှ ခန့်မှန်းသူများက လာမည့် ရက်သတ္တပတ်တွင်လည်း အပူချိန်မှာ ဆိုးရွားစွာ ကျဆင်း နေလိမ့်ဦးမည်ဟု ခန့်မှန်းကြပါသည်။ ကြက်ခြေနီ နှင့် စစ်တပ်သည် ဆီးနှင်းများကြောင့် ဒုက္ခရောက်နေသူ ဗြိတိန် နိုင်ငံသားများကို ကူညီရန် အဆင်သင့် ပြင်ထားကြပါသည်။ ဗြိတိသျှ ဓာတ်ငွေ့ဌာနမှ ပြောကြားရာတွင် ၎င်းတို့ဌာနသည် အလုပ် အများဆုံး ရက်သတ္တပတ်အဖြစ် စံချိန်တင်ကြောင်း၊ ပိုက်များ အေးခဲမှု၊ ဘွိုင်လာများ ပျက်စီးမှုတို့အတွက် အကြောင်းကြားမှု များစွာ ရှိခဲ့သည်ဟု ဆိုပါသည်။

ခရိုအေးရှား နိုင်ငံတွင် ဆီးနှင်းများ ပြည့်နေသော မြစ်များသည် ရေလျှံမှု ဖြစ်ခဲ့ပါသည်။ တောင်ပိုင်းမြို့တစ်မြို့ ဖြစ်သော Metkovic တွင် ရေလျှံမှုကြောင့် တနင်္ဂနွေနေ့က ရွေးကောက်ပွဲအတွက် အိမ် အတော် များများသည် မဲရုံသို့ လှေဖြင့် သွားကြရသည်ဟု နိုင်ငံပိုင် သတင်းဌာန HINA က ဆိုပါသည်။

0 comments:

Post a Comment