Transparency Myanmar

transparency.myanmar@gmail.com

          မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းများတွင် ပြည်ပရေနံ ကုမ္ပဏီကြီး နှစ်ခုက တိုးချဲ့ ဝင်ရောက် လုပ်ကိုင်တော့မည် ဖြစ်ကြောင်း အစိုးရ၏ သတင်း ထုတ်ပြန်ချက် တစ်ခုအရ သိရပါသည်။

          MPRLE & P Pte, Limited နှင့် Twinza Oil (Asia) Limited တို့သည် ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ကာ ကမ်းလွန် ပင်လယ်ပြင် လုပ်ကွက်အမှတ် A-6 နှင့် ရေတံခွန် အရှေ့ရပ်ကွက် (YEB) တို့တွင် 'ဆက်စမစ်' ငလျင် တိုင်းတာမှုများကို စတင် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်က သတင်း ထုတ်ပြန်ခဲ့သည်။

          မြန်မာ့ရေနံ အရင်းအမြစ် လီမိတက် ဖြစ်သော MPRL & P Ltd သည် ယခင်က စင်ကာပူ နိုင်ငံတွင်လည်း မှတ်ပုံတင် ထားရှိသော ကုမ္ပဏီ ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ ကုန်းတွင်း ရေနံလုပ်ငန်း ဖြစ်သော 'မန်း' ရေနံ၊ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း (MOGE) တို့နှင့် အတူ အပြန်အလှန် လျော်ကြေး ကန်ထရိုက် စနစ်ဖြင့် ပူးတွဲ လုပ်ကိုင်လျက် ရှိသည်။

          အဆိုပါ ကုမ္ပဏီသည် ရခိုင်ပြည်နယ် ရွှေဓာတ်ငွေ့ စီမံကိန်း ဖြစ်သော လုပ်ကွက်အမှတ် A-6 ၌ ရှိသည့် ၉၈၃၀ စတုရန်း ကီလိုမီတာ အကျယ် ကမ်းလွန် ဒေသတွင် သဘာဝ ဓာတ်ငွေ့ ရှာဖွေကာ ထုတ်လုပ်မှု မျှဝေ ရယူရန် ကန်ထရိုက် စာချုပ်ကို ၂၀၀၇ ခုနှစ် အစောပိုင်း ကာလက လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

          MPRL သည် ဇန်နဝါရီ ၈ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ကမ်းလွန် လုပ်ကွက် အမှတ် A-6 တွင် 'ဆက်စမစ်' တိုင်းတာမှုများ လုပ်ဆောင်မည်ဟု သိရသည်။

          ထိုအချိန် ကာလတွင် သြစတြေးလျ ရေနံ ကုမ္ပဏီ ဖြစ်သော Twinza Oil (Asia) လီမိတက် သည် တနင်္သာရီ ကမ်းရိုးတန်းရှိ ရေတံခွန် အရှေ့ဘက် လုပ်ကွက် (YEB) တွင် ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းကို ဆောင်ရွက်လျက် ရှိသည်။

          အဆိုပါ ကုမ္ပဏီသည် လွန်ခဲ့သော နှစ်က ရေတံခွန် အရှေ့လုပ်ကွက်၌ သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ရန် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) နှင့် ထုတ်လုပ်မှု အကျိုးတူ မျှဝေခံစားရေး ကန်ထရိုက် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ ယင်းလုပ်ကွက်သည် ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၄၀၀ တင်ပို့လျက် ရှိသော ရေတံခွန် သဘာဝဓာတ်ငွေ့ လုပ်ကွက် အနီးနားတွင် တည်ရှိသည်။

          Twinza Oil လီမိတက်၏ လုပ်ငန်းအစ ဖြစ်သော 'ဆက်စမစ်' တိုင်းတာခြင်းနှင့် ရေနံ ရှာဖွေ ထုတ်လုပ်ခြင်းများကို ဇန်နဝါရီလ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အတွင်း လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။

Mizzima သတင်းဌာနမှ Two Foreign Energy Firms Expand Operations ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment