Transparency Myanmar

transparency.myanmar@gmail.com

          တရုတ်နိုင်ငံသည် မကြာသေးမီက စတင် အသက်ဝင်ခဲ့သော တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာကို အကြောင်းပြုပြီး မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံတွင် လုပ်အားခ သက်သာသော အထည်ချုပ် စက်ရုံများ တည်ဆောင်ရန် ကြိုးပမ်းနေသည်ဟု ယုံကြည်ရပါသည်။

          တရုတ် နိုင်ငံပိုင် မီဒီယာများ ဖြစ်သော China Daily နှင့် People's Daily သတင်းစာများ၏ ရေးသား ဖော်ပြချက်အရ တရုတ်အစိုးရသည် မြန်မာနှင့် ကမ္ဘောဒီးယားတို့တွင် အထည်အလိပ် လုပ်ငန်းနှင့် ပတ်သက်သော စီးပွားရေးကို ရင်းနှီးမြှုပ်နှံရန် တရုတ်အစိုးရက အသိပေး ပြောဆိုထားပြီး ဖြစ်သည်။

          တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု သဘော တူညီချက်အရ အမျိုးအစား များပြားသော ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် စည်းကြပ် ကောက်ခံမှုကို လျှော့ချ (သို့မဟုတ်) ပယ်ဖျက်ပေးသွားမည် ဖြစ်သည်။

          သတင်း ပေးပို့ချက်များအရ ကမ္ဘောဒီးယားရှိ အထည်ချုပ်စက်ရုံ အတော်များများမှာ တရုတ် နိုင်ငံသားပိုင်များ ဖြစ်ကြပြီး အဆိုပါ စက်ရုံများတွင် လုပ်ကိုင်သူများသည် လုပ်အားခ လွန်စွာ နည်းပါးကြောင်း သိရပါသည်။

"အထည်ချုပ် လုပ်ငန်း ဟူသည် ဒေသကြီးနှစ်ခု အနီးကပ် ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်နိုင်သော အခန်းကဏ္ဍတစ်ခု ဖြစ်သည်။ အာဆီယံဒေသ အထည်ချုပ် လုပ်ငန်းများက အချော မသတ်ရသေးသော တစ်ဝက်တစ်ပျက် အထည်အလိပ် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပြီး တရုတ်ပြည်က အထည်အလိပ် ပစ္စည်းများ အချောသတ် ထုတ်လုပ်မှုတွင် အားသာချက် ရှိသည်" ဟု China Daily သတင်းစာက ရေးသားသည်။

          တရုတ်ပြည်မှ ဈေးနှုန်း ချိုသာသော ကုန်ပစ္စည်းများ အာဆီယံဒေသသို့ ဝင်ရောက်လာမှုကြောင့် မိမိတို့ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်လာမည်ကို အာဆီယံနိုင်ငံ အချို့က စိုးရိမ် ပူပန်လျက် ရှိသည်။

          "အဲဒီလို စိုးရိမ် ပူပန်မှုတွေ ရှိနေတယ်ဆိုတာ သဘောပေါက်ပါတယ်၊ ဒါပေမဲ့ ဒီ လွတ်လပ်စွာ ကုန်သွယ်မှုဆိုတာ နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ဖြစ်ပေါ်စေမယ့် ကိစ္စပါ" ဟု တရုတ်ပြည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုတိယ ဝန်ကြီး Yi Xiaozhun ၏ ပြောကြားချက်ကို ကိုးကားပြီး China Daily သတင်းစာက ဖော်ပြပါသည်။

          တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု မစတင်မီ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံထဲမှ အထည်ချုပ် ထုတ်ကုန်များ အရည်အသွေး မြှင့်တင်ရေးအတွက် ငွေကြေး ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားလျက် ရှိကြောင်း ထုတ်ဖော် ပြောဆိုထားပါသည်။

China Daily မှ China Eyes Burma Textiles Via New Asean Free Trade Deal ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment