Transparency Myanmar

transparency.myanmar@gmail.com

Mizzima News,11 Jan 2010

        မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများ ဆင်းရဲကျပ်တည်း နေခြင်းကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ကမ္ဘာတလွှား အဓိက ဆန်တင်ပို့သူ ဖြစ်လာရေးသည် မြန်မာ့ဆန်စပါး စီးပွားရေး ကဏ္ဍအတွက် အရေးကြီးဆုံး အချက်ဖြစ်သည်ဟု ရန်ကုန်မှ စီးပွားရေး ပညာရှင်များက ပြောဆိုပါသည်။

        ယခင်လက နေပြည်တော်တွင် ကျင်းပခဲ့သော စီးပွားရေး နိုဘယ်ဆုရှင် ဂျိုးဇက်စတစ်ဂလစ်နှင့် မြန်မာအစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ၏ ဆွေးနွေးပွဲနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲကို စနေ့က ရန်ကုန်တွင် ပြုလုပ်ခဲ့ရာ၌ ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟု စတစ်ဂလစ်က အခိုင်အမာ ပြောကြားခဲ့ကြောင်း ဒေါက်တာဦးမြင့်က ပြောဆိုပါသည်။

        ဆန်စပါးသည် လယ်ယာထွက် ကုန်စီးပွားရေး လုပ်ငန်း၏ အဓိက ကဏ္ဍတစ်ခု ဖြစ်၍ တောင်သူလယ်သမား အများစု၏ သက်မွေး ဝမ်းကျောင်း လုပ်ငန်းလည်း ဖြစ် သည်ဟု ထင်ရှားသော စီးပွားရေးပညာရှင်ဒေါက်တာဦးမြင့်က ပြောကြားပါသည်။

        စုစုပေါင်း နယ်မြေဧရိယာ ၆၇၆,၅၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော မြန်မာနိုင်ငံသည် ၁၉၃၀ ခုနှစ်များက ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်ခဲ့ဘူးပါသည်။ သို့သော်လည်း ၁၉၄၀ ခုနှစ်များတွင် ဆန်စပါးတင်ပို့မှု သုံးပုံနှစ်ပုံ ကျဆင်း သွားခဲ့ပြီးချိန်မှစ၍ ကမ္ဘာ့ဆန်စပါး ကုန်သွယ်ရေး လောက၏ အဓိကနေရာကို ပြန်လည် တက်လှမ်းနိုင်ခြင်း လုံးဝမရှိတော့ပါ။ လက်ရှိ ကမ္ဘာ့တင်ပို့မှု လုပ်ငန်းကို ထိုင်းနှင့် ဗီယက်နမ်က ဦးဆောင်နေပါသည်။

        ၁၉၃၈-၃၉ ဘဏ္ဍာရေးနှစ်က မြန်မာ့ ပို့ကုန်ဝင်ငွေ တန်ဖိုးတွင် ဆန်စပါးတင်ပို့မှုမှ ၄၇% ရရှိခဲ့ဘူးသော်လည်း ပြီးခဲ့သော ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်တွင် ဆန်စပါး၏ ပို့ကုန် ဝင်ငွေ အချိုးသည် ၂% ပင် မပြည့်သည်ကို တွေ့ရပါသည်။ ကမ္ဘာ့ဆန်တင်ပို့မှု ဝင်ငွေ ပမာဏတွင် ၁.၂%မျှသာ ရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် အရည်အသွေးနိမ့်ဆန်ကို တင်ပို့ရန် ကြိုးစားနေခြင်းကြောင့် ပြိုင်ဘက် နိုင်ငံများနှင့် ယှဉ်လျှင် ပို့ကုန်တန်ဖိုး ကျဆင်းလျော့နည်းနေရခြင်း ဖြစ်သည်။

        ထို့အပြင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့၏ ကောက်ပဲသီးနှံနှစ်စဉ်ထုတ် လုပ်မှုကို ပြန်ကြည့်ပါက ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုမှာ တရားဝင် စာရင်းဇယားများအရ မက်တရစ်တန် ၃၅ သန်း နီးပါးရှိနေပြီး မြန်မာနိုင်ငံထက် ၈ ဆမှ ၁၀ ဆအတွင်း ပိုမို ထုတ်လုပ် တင်ပို့နိုင်သည်ကို တွေ့ရှိရပါသည်။

        ယခုကဲ့သို့ အိမ်နီးခြင်း ၂ နိုင်ငံ ကွာခြားနေခြင်းမှာ ပျှမ်းမျှ အိမ်ထောင်စု စီးပွားရေး အခြေအနေ ကွာခြားနေသော အချက်ကလည်း တစိတ်တပိုင်း ပါဝင်သည်ဟု အနည်းဆုံး တွေးဆကြည့်နိုင်ပါသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီးဌာန၏ ဗဟို စာရင်းဇယားအဖွဲ့မှ ထုတ်ပြန်ချက်များအရ ပျှမ်းမျှ မြန်မာအိမ်ထောင်စု တစ်ခုသည် စုစု ပေါင်း အသုံးစရိတ်၏ ၇၂% ကို စားစရိတ်အတွက် သုံးစွဲနေရပြီး ထိုင်းနိုင်ငံတွင်မူ ၃၂% သာရှိသည်ဟု ဆိုပါသည်။

အခြား ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများကိုကြည့်လျှင်လည်း စားစရိတ်သုံးစွဲမှုမှာ မြန်မာနိုင်ငံထက် လျော့နည်းသည်ကို တွေ့ရမည်ဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ် တွင် ၅၂%၊ ကမ္ဘောဒီယားတွင် ၅၇%နှင့် လာအိုတွင် ၆၁%သာ ရှိပါသည်။ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ်စားစရိတ်သုံးစွဲမှုမှာ အိမ်ထောင်စု အသုံးစရိတ်၏ ပျှမ်းမျှ ၁၄%ခန့်သာရှိပါသည်။

        ကမ္ဘာ့ဆန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန်အတွက် ဆန်စပါးစီးပွားရေးလုပ်ငန်းကို ပြန်လည်စုစည်းခြင်းသည် ဆန်အရည်အသွေးနှင့် အရေအတွက် ၂ ခုလုံးတိုးတက်လာ စေရန် တွန်းအား ပေးနိုင်မည်ဖြစ်၍ နိုင်ငံလူဦးရေ ၅၈ သန်း၏ ၆၅% ရှိသော ကျေးလက် လူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေကိုပါ တိုးပွား စေလိမ့်မည်ဟု ဒေါက်တာဦးမြင့်က ပြောကြားခဲ့ပါသည်။ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတွင် စိုက်ပျိုး ဧက ၃၁ သန်းခန့် ရှိသည့်အနက် စိုက်ဧက ၁၆ သန်းမှာ ဆန်စပါးကိုသာ တစိုက်မတ်မတ် စိုက်ပျိုးခဲ့ကြသည်ဟု ဆိုပါသည်။

        စီးပွားရေးပညာရှင် စတစ်ဂလစ်က မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးပွဲတွင် ကမ္ဘာ့ဆန် အဓိက တင်ပို့သူအဖြစ် မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရန် အလေး ပေး ပြောကြားခဲ့ပြီးနောက် ထိုသုံးသပ်ချက်သည် အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စ အဖြစ် သဘောထား ကိုက်ညီမှုရှိခဲ့သည်။ မြန်မာ တာဝန်ရှိပုဂ္ဂိုလ်များ၏ အားပေး ထောက်ခံမှုကို ရရှိခဲ့ပါသည်။

        မြန်မာနိုင်ငံ၏ ဆန်စပါးမူဝါဒ ပျော့ပြောင်းလာမှုနှင့် ကမ္ဘာ့ဆန် ဈေးကွက်သို့ ပြန်လည် ဝင်ရောက်ရန် ကြိုးပမ်းမှုသည် ဒေသတွင်း ဆန်တင်ပို့သော နိုင်ငံများအကြား ပြိုင်ဆိုင်မှု ပိုမိုမြင့်တက် လာစေလိမ့်မည်ဟု ဒေါက်ဦးမြင့်က သုံးသပ် ပြောကြား ခဲ့ပါသည်။

        သို့ရာတွင် ဆန်ဈေးကွက်မူဝါဒ တင်းကြပ်မှုကို လျော့ပေးခြင်းဖြင့် ဆန်လုပ်ငန်း နယ်ပယ်တွင် လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်၍ ယခုအခွင့်ထူး ခံစားနေသူများ အခက်ကြုံဖွယ်ရှိပြီး အတွေ့အကြုံရှိသော ဆန်လုပ်ငန်းရှင်များ ရှင်သန်နိုင်ဖွယ်ရှိသည် ဟုလည်း ၎င်းကပြောပါသည်။

        လက်ရှိ မြန်မာနိုင်ငံသည် တနှစ်လျှင် ဆန်တန်ချိန် ၁၈ သန်းခန့် ထုတ်လုပ်နေပြီး ၎င်းအနက်မှ ငါးပုံတစ်ပုံကို ပြည်ပသို့ တင်ပို့နေသည်ဟု ပြည်တွင်း ဆန် ပို့ကုန်လုပ်ငန်းရှင် တစ်ဦး၏ အဆိုအရ သိရှိရပါသည်။

        ဆန်စပါး စိုက်ပျိုးမှု ကဏ္ဍအတွင်းမှ အထွက်တိုး ထုတ်လုပ်မှု၊ ထွက်ငွေ၊ ဝင်ငွေနှင့် အလုပ်အကိုင်များသည် ကျေးလက်ဆင်းရဲမှု လျော့ပါးစေရန် အထောက်အကူ ပြုမည်ဖြစ် သလို စားနပ်ရိက္ခာ ဖူလုံမှုကိုလည်း ကြီးမားစွာ အထောက်အပံ့ ပြုလိမ့်မည်ဟု ဦးမြင့်က ပြောကြားခဲ့ပြီး ရရှိသော ဝင်ငွေ၊ အခွန်များ အားလုံး တပ်မတော်အစိုးရထံ ရောက်ရှိသွားသည့် ရေနံနှင့် ဓာတ်ငွေ့ စီးပွားရေးကဏ္ဍနှင့် ဆန်စပါး စီးပွားရေးကဏ္ဍသည် သဘော သဘာဝခြင်း မတူဟုလည်း ၎င်းက မှတ်ချက်ပေးပါသည်။

        ထို့အပြင် ပွင့်လင်းမြင်သာမှု အားနည်းစေပြီး လဘ်ပေးလဘ်ယူမှုများ တိုးပွားစေသည့် မလိုအပ်သော လုပ်ထုံးလုပ်နည်းများနှင့် အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက် သွားရေးကိုလည်း ၎င်းက တိုက်တွန်းခဲ့ပါသည်။ ကြိုးနီစနစ်နှင့် အကျင့်ပျက် ခြစားမှုများကြောင့် စရိတ်ပိုမို ကုန်ကျခြင်းသည် လယ်သမားများ ရသင့်သော ဝင်ငွေကို လျော့နည်း သွားစေပြီး ကျေးလက်ပြည်သူများကို ဆင်းရဲတွင်း သံသရာအတွင်းမှ မရုန်း ထွက်နိုင်အောင် ဆွဲနှစ်ထားသလို ဖြစ်နေသည်ဟုလည်း ဝေဖန်ခဲ့ပါသည်။

        တစ်ချိန်ထဲတွင် စတစ်ဂလစ်၏ ခရီးစဉ်သည် မည်သည့်အသီးအပွင့် မှ မရရှိဘဲ တိုင်းပြည်အတွက် အကြံဥာဏ်သစ်များလည်း ထွက်ပေါ်ခဲ့ခြင်းမရှိဟု ဝေဖန်နေမှုများကို လည်း ၎င်းက ပြန်လည်ထိုးနှက်လိုက်ပါသည်။

        စတစ်ဂလစ်၏ ခရီးစဉ်နှင့် ဆွေးနွေးပွဲသည် အချို့သောသူများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပုံ ရသော်လည်း မိမိကိုမူ စိတ်အနှောက်အယှက်ဖြစ်စေ ခြင်းမရှိဟု ၎င်းက ဆိုပါသည်။ ဤကိစ္စကို ယခင်က မည်သူ ပြောဆိုခွင့် ရခဲ့သည် ဆိုသည်ကို အသာထား၍ တိုင်းပြည်အတွက် အကျိုးရှိ၊ အသုံးဝင်သော အကြံဥာဏ်ကို ထပ်မံ ပြောကြားခြင်းသည် စိတ်အနှောက်အယှက် မဖြစ်သင့်သလို သံသယလည်း မထားသင့် ဟု မိမိယုံကြည်ကြောင်း ဦးမြင့်က ဝေဖန်သူများကို စောဒက တက်လိုက် ပါသည်။ မိမိတို့ သဘောမတူသော သဘောထားအမြင်များ၊ အကြံဥာဏ်များ၊ လုပ်ဆောင်ချက်များကို အကြံပေးနေသူများ အသွင်မတူသူများနှင့် ကျေနပ် သင့်မြတ်စွာ ဆက်ဆံ ဆောင်ရွက်မှု ပြုလုပ်ရန် မိမိတို့တွင် အရည်အချင်းမရှိသေးခြင်း၊ အဖြေမထွက်သေးသော ပြဿနာများ စသည်တို့ အပါအဝင် မြန်မာ လူ့အဖွဲ့အစည်း အတွင်းမှ ချို့ယွင်း အားနည်းချက်များကို ကြိုးစား ဖြေရှင်း ဆောင်ရွက် သွားကြရန်သာ ရှိသည်ဟုလည်း ၎င်းကပြောဆို ခဲ့ပါသည်။

        လက်ရှိ စစ်ဖက် ခေါင်းဆောင်များ၏ အငြင်းပွားဖွယ် ရပ်တည်နေမှုနှင့် ပတ်သက်၍ ဦးမြင့်က မှတ်ချက်ပေးရာတွင် တပ်မတော်အတွင်း၌ သဘောထား တင်းမာသူများနှင့် သဘောထား ပျော့ပြောင်းသူများ ဟူ၍ အုပ်စု ၂ စုရှိကြောင်း၊ တပ်မတော် ခေါင်းဆောင်များ စိတ်နေသဘောထား ပြောင်းလဲလာအောင် လုပ်ဆောင်ရေးမှာ လွယ်ကူသော အလုပ် မဟုတ်ဟု ပြောကြားပါသည်။

        သို့ရာတွင် တိုင်းပြည်ကောင်းစားရေး အပေါ်တွင် အာရုံစူးစိုက်ရန် မိမိတို့၏ စိုးရိမ် ပူပန်မှုများကို မျှဝေခံစားပေးမည့် သူအချို့ တာဝန်ရှိနေရာများ ရယူထားခြင်း အပါအဝင် အစပျိုးမှုများစွာ ရှိနေသည့် အချက်ကိုမူ မိမိအခိုင်အမာ ပြောကြားနိုင်ကြောင်း ဦးမြင့်က အသေးစိတ် ရှင်းလင်းခဲ့ပါသည်။

 

0 comments:

Post a Comment