Transparency Myanmar

transparency.myanmar@gmail.com

Xinhua news, 11th January 2010

          မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့သည် မြန်မာနိုင်ငံတွင်းရှိ မသန်စွမ်းသူများအတွက် ပြန်လည် ပျိုးထောင်ရေး စီမံကိန်းကို ပူးပေါင်း အကောင်အထည် ဖော်လျက် ရှိပြီး ဒုက္ခိတ မသန်စွမ်းသူများ ပြန်လည် နာလံထရန် ကြိုးစားနေချိန်တွင် အကူအညီ ပေးရန် ရည်ရွယ် မျှော်လင့်ထားသည်ဟု ဝန်ကြီးဌာန သတင်း ရပ်ကွက်မှ တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။

          အထက်ပါ ၅ နှစ် စီမံကိန်းကို (၂၀၀၉-၂၀၁၃) ရန်ကုန်ရှိ အမျိုးသား မသန်စွမ်းသူများ ပြန်လည် ကျန်းမာရေး ဆေးရုံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ပညာ သင်ကြားရေး၊ လူသားရင်းမြစ် ဖွံ့ဖြိုးရေးနှင့် ဆေးရုံရှိ ဆေးပစ္စည်း ကိရိယာများ အဆင့်မြှင့်ရေးတို့ ပါဝင်သည်ဟု ဆိုပါသည်။ ထို့အပြင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် NGO အဖွဲ့အစည်းများ အတွင်း သတင်း အချက်အလက် ကွန်ယက် တစ်ခုကို စတင် တည်ထောင်မည် ဟုလည်း သိရပါသည်။

          နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်း၏ အောက်တွင် JICA က မြန်မာနိုင်ငံသို့ နည်းပညာဆိုင်ရာ ဗဟုသုတများ ထောက်ပံ့ပေးသွားမည် ဖြစ်သလို မြန်မာအစိုးရ ဝန်ထမ်းကိုလည်း ဂျပန်တွင် လေ့ကျင့် သင်ကြားပေးမည် ဖြစ်သည်။ ယခင်နှစ်က မြန်မာ မသန်စွမ်းသူများ အဖွဲ့အစည်း MDPA သည် နိုင်ငံတွင်းရှိ မသန်စွမ်းသူ များအတွက် နှစ်ရှည် ပြန်လည်ပျိုးထောင်ရေး စီမံကိန်း ၂ ခုကို ရေးဆွဲခဲ့ပြီး ၎င်းတို့အတွက် သက်မွေး ဝမ်းကျောင်း အခွင့်အလမ်းများ ရှာဖွေပေးခြင်းဖြင့် အားပေး ဆောင်ရွက်သွားရန် ဖြစ်သည်။

          အဆိုပါ စီမံကိန်း ၂ ခုအနက် ၃ နှစ် စီမံကိန်းကို ရန်ကုန် စည်ပင်သာယာ နယ်နမိတ် အတွင်းရှိ မြို့နယ် ၅ ခုတွင် အီးယူ အဖွဲ့နှင့် နိုင်ငံတကာ အနာကြီး ရောဂါမစ်ရှင် အဖွဲ့တို့က စတင် အကောင်အထည် ဖော်လျက် ရှိပါသည်။

          နောက်ထပ် ၅ နှစ် စီမံကိန်း တစ်ခုကို မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ ပခုက္ကူနှင့် ကျိုင်းတုံဒေသ များတွင် နိုင်ငံတကာ အနာကြီးရောဂါ မစ်ရှင် TLMI က အကောင်အထည် ဖော်မည် ဖြစ်၍ပညာပေး ဆွေးနွေးခြင်း၊ ပညာ သင်ကြားခြင်း၊ သက်မွေးဝမ်းကျောင်း ပညာလေ့ကျင့်ပေးခြင်း အစီအစဉ်များကို ကျယ်ပြန့်စွာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

          မြန်မာနိုင်ငံ၏ လူဦးရေ ၅၈ သန်းတွင် မသန်စွမ်းသူ ဒုက္ခိတ အရေအတွက် ၁.၃ သန်းခန့် ရှိနေ သည်ဟုလည်း သိရပါသည်။

          ၎င်းတို့အနက် ခြေလက် မသန်စွမ်းသူများမှာ အများဆုံး ဖြစ်၍ ၇၂.၃ %၊ မျက်စိမမြင်သူ ၁၀.၉ %၊ နားမကြားသူ ၉.၅ % နှင့် စိတ်ရောဂါ ဝေဒနာရှင် ၉ % တို့ အသီးသီး ပါဝင်သည်ဟု စာရင်းဇယားများအရ သိရှိရသည်။

0 comments:

Post a Comment