Transparency Myanmar

transparency.myanmar@gmail.com

နိုင်ငံတကာ အလုပ်သမား အဖွဲ့(ILO) အနေဖြင့် မြန်မာနိုင်ငံတွင်းမှ အရေးကိစ္စကြီးများ ဖြစ်သည့် ကလေး စစ်သားကိစ္စ၊ အဓမ္မလုပ်သား ကိစ္စ စသည်တို့ကို ချဉ်းကပ် ဖြေရှင်းပုံ နည်းလမ်း ပြောင်းလဲရန် ကြိုးစားလျက် ရှိကြောင်း ရှေ့ရက်သတ္တပတ် အတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် ILO မှ ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားလိုက်သည်။

မြန်မာ စစ်တပ်သည် ကမ္ဘာပေါ်တွင် ကလေးစစ်သား အများဆုံး စုဆောင်းသည့် လက်နက်ကိုင် တပ်ဖွဲ့များ၌ တစ်ခု အပါအဝင် ဖြစ်ပြီး မြန်မာပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေများ အောက်တွင် တရားမဝင်သည့် လုပ်ရပ်များ ဆောင်ရွက်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများ၏ စွပ်စွဲ ပြောဆိုခြင်း ခံထားရသည်။

ရန်ကုန်မြို့ အခြေစိုက် ILO အဖွဲ့မှ ပြန်ကြားရေးနှင့် ဆက်ဆံရေး အရာရှိ Steve Marshall ၏ အဆိုအရ ကလေးစစ်သားများ အသုံးပြုသည့် ကိစ္စအတွက် မြန်မာစစ်အစိုးရနှင့် နောက်ဆက်တွဲ နားလည်မှု ရယူထားသော်လည်း ကုလသမဂ္ဂ အဖွဲ့ကြီးအနေဖြင့် ကလေးစစ်သား စုဆောင်းသည့် ကိစ္စနှင့် ပတ်သက်သော တိုင်ကြားမှုများကို ဆက်လက် လက်ခံ ရရှိနေကြောင်း သိရသည်။

ILO အဖွဲ့ကြီးသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်သော တိုင်ကြားမှုပေါင်း ၈၃ခု လက်ခံ ရရှိခဲ့ကြောင်း၊ ထိုနှစ်တွင်ပင် မြန်မာစစ်တပ်က ကလေးစစ်သား ၄၆ ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း Steve Marshall က ပြောကြားသည်။

ILO သည် ယင်းသို့သော တိုင်ကြားမှုများကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှ စတင် ရရှိခဲ့ပြီး ယနေ့ အချိန် အထိ ဆိုလျှင် တိုင်တန်းမှုပေါင်း ၁၂၀ ကျော် ရှိသွားပြီ ဖြစ်သည်။

ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ်သည် လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး  အဆိုပါ ခရီးစဉ်အတွင်း ကလေးစစ်သားကိစ္စနှင့် ပတ်သက်၍ နောက်ဆက်တွဲ နားလည်မှု သက်တမ်း တစ်နှစ် ထပ်တိုးမည့် စာချုပ် ချုပ်ဆိုရန် စီစဉ်ထားကြောင်း ၎င်းက ဆိုပါသည်။

ထို့ပြင် ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ်သည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ အသက် မပြည့်သေးသူများ စည်းရုံး စုဆောင်းမှုမှ ကာကွယ်ရေး ကော်မတီ နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ILO အနေဖြင့် မြန်မာ စစ်အစိုးရနှင့် တွဲဖက်၍ အလုပ် လုပ်ကိုင်ရာတွင် လက်ရှိ အသုံးပြုနေသော ပြဿနာ ဖြစ်လာမှ တုံ့ပြန် ဆောင်ရွက်မှု ပြုသည့် နည်းလမ်းထက် ကြိုတင် ပြင်ဆင် ဖန်တီးယူသည့် နည်းလမ်းကို အသုံးပြုသွားမည် ဖြစ်ကြောင်း မစ္စတာ Steve Marshall က ပြောဆိုပါသည်။

မြန်မာ ပြည်တွင်း ဥပဒေရေးရာ အဖွဲ့အစည်းတစ်ခု ဖြစ်သော လမ်းပြကြယ် အဖွဲ့၏ အဆိုအရ မြန်မာစစ်တပ်အတွင်း တပ်ရင်းများ တိုးချဲ့ ဖွဲ့စည်းရေးအတွက် မက်လုံးပေးမှုများ ထွက်ပေါ် လာပြီးနောက် ကလေးစစ်သား စုဆောင်းမှုများ ပိုမို များပြားလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း ကလေးစစ်သား စုဆောင်းမှု နှိမ်နင်း တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသော အခြား အဖွဲ့အစည်း တစ်ခု ဖြစ်သည့် Human Rights Defenders and Promoters Network (HRDP) က DVB သတင်းဌာနသို့ ပြောပြချက်အရ ဧရာဝတီတိုင်း၊ ဘိုကလေး မြို့နယ်မှ အသက် ၁၆ နှစ် အရွယ် ဆယ်ကျော်သက် ယောင်္ကျားလေး တစ်ဦးအား မြန်မာစစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦးက အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားကာ ရန်ကုန်တွင် အခြေစိုက်သော တပ်ရင်းသို့ ခေါ်ဆောင် သွားသည် ဟု ဆိုပါသည်။

အဆိုပါ ဖြစ်ရပ်ကို ILO သို့ သတင်း ပေးပို့ခဲ့ကြောင်း HRDP အဖွဲ့မှ ကိုမောင်မောင်လေးက ပြောဆိုသည်။ HRPD သည် ၂၀၀၉ ခုနှစ်အတွင်း ကလေးစစ်သား အမှုပေါင်း ၄၆ မှုကို ဖြေရှင်း ပေးခဲ့ကာ ကလေး အယောက် ၂၀ ကို မိဘများထံ ပြန်လည် အပ်နှံ ပေးနိုင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

"တကယ်လို့ ကလေးငယ် တစ်ဦးဟာ စစ်သား စုဆောင်းရေး စင်တာမှာပဲ ရှိနေသေးတယ် ဆိုရင် သူ့ကို ပြန်ခေါ်ဖို့ အခွင့်အရေး အများကြီး ရှိပါတယ်။ ဒါပေမဲ့ စစ်တပ်မှာ တာဝန်နဲ့ အဆင့်တစ်ခုခု ပေးလိုက်ပြီ ဆိုရင်တော့ ပြန်ခေါ်ဖို့ တော်တော် ခက်ခဲသွားပါပြီ" ဟု ကိုမောင်မောင်လေးက ရှင်းပြပါသည်။

DVB သတင်းဌာန၏ ILO to be more proactive, not reactive in Burma ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment