Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 16th January 2010

မြန်မာ စစ်ဖက် အစိုးရသည် နေပြည်တော် စစ်ရုံးမှ တပ်မတော် အရာရှိ (၆) ဦးကို ယခင် အပတ်က ရှေ့တန်း စစ်မြေပြင်သို့ တာဝန် ပြောင်းရွှေ့ ချထားလိုက်ပြီး မြန်မာနှင့် မြောက်ကိုရီးယား အကြား လျှို့ဝှက် စစ်ရေး သဘော တူညီမှုများ ယခင်နှစ်က သတင်း ပေါက်ကြားခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပုံ ရပါသည်။

ကြည်း ၊ ရေ ၊ လေ ပူးတွဲ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရွှေမန်း လက်အောက်မှ ဗိုလ်မှူးကြီး ဝင်းသိန်း အပါအဝင် အခြား အရာရှိ (၆) ဦးကို စစ်ရုံးမှ ရှေ့တန်း စစ်မြေပြင် ရာထူးများသို့ ပြောင်းရွှေ့ခံခြင်း ဖြစ်သည်ဟု စစ်ဖက် သတင်း ရပ်ကွက်မှ သိရှိရသည်။

အခြား အရာရှိများမှာ အောင်ဇော်အေး၊ သိုက်စိုး၊ သိန်းထွန်းဦး၊ ဝင်းမင်းထွန်း နှင့် အောင်ဇော်ဦးတို့ ဖြစ်သည်။ ၎င်းတို့ အားလုံးမှာ ဒုတိယ ဗိုလ်မှူးကြီး အဆင့် ဖြစ်၍ စစ်ဦးစီးမှူး ပထမတန်း ရာထူးရှိသူများ ဖြစ်သည်။ အောင်ဇော်ဦးမှာ စစ်ဖက် လုံခြုံရေးရာ ဌာန (တပ်မတော် ထောက်လှမ်းရေး) မှ ဖြစ်သည်။

ဒုတိယ ဗိုလ်မှူးကြီး နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ အရာရှိ (၃၀) ခန့်မှာလည်း ယခင်လက နေရာ ပြောင်းရွှေ့ခြင်း ခံရသည်ဟု စစ်ဖက် သတင်း ရပ်ကွက်က ဆိုပါသည်။

မြန်မာ အစိုးရ၏ တတိယ အာဏာ အရှိဆုံး ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး ရွှေမန်း၏ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ပြုံးယမ်း ခရီးစဉ်နှင့် ပတ်သက်သော ဓာတ်ပုံများ၊ အသေးစိတ် အချက်အလက်များ ပြီးခဲ့သော ဇွန်လက နိုင်ငံတကာ မီဒီယာများသို့ ပေါက်ကြား ခဲ့ပါသည်။ အဆိုပါ အထောက်အထားများတွင် မြန်မာအစိုးရက မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်နေသော ဥမင် လိုဏ်ခေါင်းများ၏ ဓာတ်ပုံများလည်း ပါဝင်ပါသည်။

အဆိုပါ သတင်း ပေါက်ကြားမှုကို အစိုးရသို့ တင်ပြပြီး မကြာမီတွင်ပင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး (SPDC) ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း အပါအဝင် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများစွာကို ဖမ်းဆီး၍ စစ်ကြော မေးမြန်းခဲ့ပါသည်။

ယခုလ အစောပိုင်းတွင် ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးကို သတင်း ပေါက်ကြားမှုတွင် အဓိက ပါဝင်မှုဖြင့် သေဒဏ် ချမှတ်ခဲ့ပါသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အခြား ဝန်ထမ်း တစ်ဦးကိုမူ နှစ်ရှည် ထောင်ဒဏ် စီရင် ခဲ့ပါသည်။

သို့ဖြစ်၍ ယခင် အပတ်က တပ်မတော်တွင်း ရာထူး ပြောင်းရွှေ့မှုများသည် စစ်ရေး သတင်း ပေါက်ကြားမှုနှင့် ဆက်စပ် ပတ်သက်နိုင်သည်ဟု အကဲခတ် လေ့လာရေးသမား အချို့က မှန်းဆခဲ့ ကြခြင်း ဖြစ်သည်။

မြန်မာ့ တပ်မတော်အတွင်း တာဝန် ပြောင်းရွှေ့ ချထားမှုမှာ ပုံမှန် လုပ်နေကျ ဖြစ်သော်လည်း ယခင် အပတ်က စစ်ရုံးမှ အရာရှိ (၆) ဦးကို တပြိုင်နက် ရွှေ့ပြောင်းခဲ့ခြင်းမှာမူ ပုံမှန်ဖြစ်စဉ် မဟုတ်ဟု မိမိယူဆသည်ဟု တရုတ် မြန်မာ နယ်စပ် အခြေစိုက် မြန်မာ အကဲခတ် လေ့လာသူ အောင်ကျော်ဇောက ပြောကြားပါသည်။

လတ်တလော ပြောင်းရွှေ့မှုများတွင် ဗိုလ်မှူးကြီး ဝင်းသိန်းကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူးအဖြစ်သို့ လည်းကောင်း၊ အခြား စစ်ဦးစီး အရာရှိများကို ယာယီ စစ်ဗျူဟာမှူးများအဖြစ် ဒေသခံ စစ်ဌာနချုပ်များနှင့် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များသို့ လည်းကောင်း ပြောင်းရွှေ့ တာဝန်ပေးခဲ့ပါသည်။ ရှမ်းပြည်နယ်တွင် (၄) နေရာ နှင့် ရခိုင် ပြည်နယ်တွင် (၁) နေရာ ဖြစ်ပါသည်။

စစ်ဖက် သတင်း ရပ်ကွက်၏ အဆိုအရ စစ်ရုံးမှ စစ်ဦးစီးမှူး ပထမတန်းများသည် ရှေ့တန်းမှ ယာယီ စစ်ဗျူဟာမှူးများထက် ပို၍ လုပ်ပိုင်ခွင့် ရှိသည်ဟု သိရပါသည်။ ဗိုလ်မှူးကြီး ဝင်းသိန်းကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး အဖြစ် ပြောင်းရွှေ့ခြင်းမှာ ရာထူးချခြင်းသာ ဖြစ်သည်ဟု ၎င်းတို့က ထောက်ပြပါသည်။

"ဒေသခံ စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်တယ် ဆိုရင်တော့ ရာထူးတိုးတယ်လို့ ပြောနိုင်ပေမယ့်၊ အခု ဒုတိုင်းမှူး အဖြစ် ခန့်တာကတော့ ရာထူးတိုးတယ်လို့  ပြောဖို့ခက်ပါတယ်" ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ အကဲခတ် လေ့လာရေးသမား ဝင်းမင်းက ပြောကြားပါသည်။

ပြီးတော့ ယာယီ စစ်ဗျူဟာမှူးတွေက စစ်ရုံးက စစ်ဦးစီးမှူး အရာရှိတွေလောက် အာဏာ မရှိပါဘူးဟု ၎င်းက ဆက်လက် သုံးသပ် ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment