Transparency Myanmar

transparency.myanmar@gmail.com

          ထိုင်း၊ ဗီယက်နမ် အစရှိသည့် နိုင်ငံများနှင့် အပြိုင် ကမ္ဘာ့ဈေးကွက်သို့ ဆန်တင်ပို့မှုကို မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံက ဆန်လုပ်ငန်းဆိုင်ရာ အသင်းကြီး တစ်ရပ်ကို ဖွဲ့စည်း ထူထောင်လိုက်ပြီ ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများ၏ သတင်း ပေးပို့ချက်များအရ သိရှိရပါသည်။

          သတင်းများအရ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာ့ ဆန်လုပ်ငန်း အသင်း (MRIA) ကို အမျိုးသား အသင်းကြီး တစ်ခုအနေဖြင့် ဖွဲ့စည်းလိုက်ပြီး MRIA နှင့်အတူ မြန်မာ့ ဆန်စပါး ကုန်သည်ကြီးများ အသင်း၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းနှင့်  မြန်မာ့ဆန်စပါး ထုတ်လုပ်သူများ အသင်း စသည့် အသင်းအဖွဲ့ သုံးခု ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

          "အခုလို မြန်မာနိုင်ငံရဲ့ ဆန်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် လတ်တလော ထူထောင်ထားတဲ့ ဆန်စပါး ကုမ္ပဏီ၂၉ ခုနဲ့ အတူ ရှိပြီးသား အသင်းကြီး သုံးခုကို စည်းရုံးလိုက်တာဟာ ကျွန်တော်တို့အတွက် ပထမဆုံးပါပဲ" ဟု MRIA ၏ ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောကြားသည်။

"နိုင်ငံတကာ ဈေးကွက်ကို အရည်အသွေး ပြည့်မီတဲ့ ဆန်တွေ တင်ပို့ရာမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ဆန်လုပ်ငန်းဟာ ထိုင်းနဲ့ ဗီယက်နမ်တို့နဲ့ နှိုင်းယှဉ်ရင် ဒေသတွင်းမှာ နောက်ကျ ကျန်ရစ်နေတာကို တွေ့ရပါတယ်"

          "အဲဒါကြောင့် မြန်မာနိုင်ငံဟာ ဆန် အဓိက တင်ပို့တဲ့ နိုင်ငံကြီးတစ်ခု ဖြစ်လာဖို့ လုပ်ဆောင်ရာမှာ အဲဒီ နိုင်ငံတွေကို အမီလိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီအတွက် အခု ကျွန်တော်တို့ အသစ် ဖွဲ့လိုက်တဲ့ အမျိုးသား အသင်းကြီးက လုပ်သလိုမျိုး မတူညီတဲ့ ရင်းမြစ်တွေကို စုစည်းစေပြီး အတူလက်တွဲ လုပ်ကိုင်သွားကြရပါမယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုပါသည်။

          မြန်မာနိုင်ငံသည် ယခင်က ကမ္ဘာပေါ်တွင် ဆန် အများဆုံး တင်ပို့သည့် နိုင်ငံတစ်ခု ဖြစ်ခဲ့ဖူးသည်။ ပြီးခဲ့သည့် ၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသည် ဆန်တန်ချိန် ငါးသိန်း (၅၀၀၀၀၀) ခန့် ပြည်ပသို့ တင်ပို့နိုင်ခဲ့သည်။

          မှတ်တမ်းများအရ ၂၀၀၉ ခုနှစ်တွင် ဗီယက်နမ်သည် ဆန်တန်ချိန် ၅ သန်း တင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံက ၉ သန်း တင်ပို့နိုင်ခဲ့သည်ကို တွေ့ရပါသည်။

          ၁၉၆၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် 'မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် စနစ်' ကို စတင် အကောင်အထည် ဖော်သည့် အချိန်မှ စ၍ ထိုင်းနိုင်ငံသည် ယခင် မြန်မာနိုင်ငံ၏ နေရာကို ဝင်ရောက် ရယူကာ ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့သည့် နိုင်ငံတစ်ခု ဖြစ်လာတော့သည်။

Monster Sand Critics ဝက်ဘ်ဆိုက်မှ Myanmar forms national association to boost rice exports ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment