Transparency Myanmar

transparency.myanmar@gmail.com

Bloomberg News, 16th January 2010

          နျူကလီးယား လက်နက် ထုတ်လုပ်ရန် ကြိုးစားနေသော အီရန်ကို တားဆီးရန် တင်းကြပ်သော ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရေးအတွက် စဉ်းစား သုံးသပ်မည်ဟု တရုတ်နှင့် ရုရှားက ယနေ့ သဘောတူခဲ့ကြကြောင်း ဥရောပသမဂ္ဂ နိုင်ငံရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Robert Cooper က ပြောကြားပါသည်။

          ရှေ့ဆက်၍ ဆောင်ရွက်သင့်သော ကိစ္စများကို စဉ်းစား သုံးသပ်မှု စတင်နေပြီဟု အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီနှင့် ရုရှားနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် နယူးယောက်မြို့တွင် တွေ့ဆုံအပြီးတွင် Cooper က သတင်းထောက်များကို ပြောကြားလိုက်ပါသည်။ အဆိုပါ အစီရင်ခံစာတွင် ဥရောပ သမဂ္ဂ ရုံးတွင် ကျင်းပသော အစည်းအဝေး၌ အများဆန္ဒအရ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု လည်း Cooperm ဆိုပါသည်။

          ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Sergei Ryabkov က ပြောကြားတွင် အီရန်အပေါ် ကျင့်သုံးမည့် လုံခြုံရေး ကောင်စီ၏​  မဟာဗျူဟာမှ ဒုတိယ နည်းလမ်းနှင့် ပတ်သက်၍ အများဆုံး ဆွေးနွေးခဲ့ကြသည်ဟု အရေးယူ ပိတ်ဆို့မှုကို ရည်ညွှန်းလိုက်ပါသည်။ အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သော အကျပ်အတည်းကို ဖြေရှင်းရာတွင် စေ့စပ် ညှိနှိုင်းခြင်းသည် ပထမ နည်းလမ်း ဖြစ်သည်ဟုလည်း ဆိုပါသည်။

          ကုလသမဂ္ဂ ဆိုင်ရာ တရုတ် မစ်ရှင်အဖွဲ့၏ ကောင်ဆယ်လာ အရာရှိ Kang Yong သည် တရုတ်အစိုးရ ကိုယ်စားပြုခဲ့ပြီး ယခု အစည်းအဝေးသို့ တက်ရောက်သည့် သံတမန်များအနက် ရာထူး အငယ်ဆုံး ဖြစ်ပါသည်။ ၎င်းက သတင်းထောက်များကို ပြောဆိုခြင်း မပြုခဲ့ပါ။

          ကုလသမဂ္ဂ ဆိုင်ရာ တရုတ် သံအမတ်ကြီး Zhang Yesui က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားရာ၌ ယခုအချိန်သည် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် အချိန် မဟုတ်သေးဟု ဆိုခဲ့ပြီး စေ့စပ် ဆွေးနွေးရေးကို ပိုမို ကြိုးစားရန် တောင်းဆိုခဲ့ပါသည်။

          အီရန်နိုင်ငံက ရှေ့ဆက်၍ ကျင်းပမည့် အစည်းအဝေးများကို ငြင်းပယ်ခဲ့ခြင်း၊ နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA နှင့် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သော ၆ နိုင်ငံ စလုံးက စိုးရိမ် ပူပန်နေကြသည်ဟု Cooper က ဆိုပါသည်။ ဆေးဝါးဆိုင်ရာ အိုင်ဆိုတုပ် ထုတ်လုပ်မည့် ဓာတ်ပေါင်းဖိုအတွက် လိုအပ်သော သန့်စင်ပြီး ယူရေနီယမ် နှင့် ပတ်သက်သည့် အောက်တိုဘာ (၁) ရက် အဆိုပြုချက် အပေါ် အီရန်၏ တုံ့ပြန်မှုမှာ လုံလောက်မှု မရှိ ဟု ၆ နိုင်ငံစလုံးက သဘောတူခဲ့ကြသည်ဟု Cooper က ပြောကြားပါသည်။

ပိတ်ဆို့ အရေးယူမှု အစီအစဉ်များ

          လက်နက် ထုတ်လုပ်ရန် ရည်ရွယ်နေသည်ဟု အမေရိကန်နှင့် ဥရောပ နိုင်ငံများက ယုံကြည်ထားကြသော အီရန်၏ နျူကလီးယား အစီအစဉ် ရုတ်သိမ်းရေးနှင့် ယူရေနီယမ် သန့်စင်ခြင်းကို ရပ်ဆိုင်းရေးအတွက် အီရန်ကို ဖိအားပေးရန် ရည်ရွယ်သည့် အရေးယူ ပိတ်ဆို့မှု အစီအစဉ် ၃ ခုကို လုံခြုံရေး ကောင်စီက လက်ခံခဲ့ပါသည်။ အီရန်နိုင်ငံကမူ အရပ်ဖက် စွမ်းအင် စီမံကိန်းများ အတွက်သာ ဖြစ်သည်ဟု အခိုင်အမာ ငြင်းဆိုနေဆဲ ဖြစ်ပါသည်။

          အစည်းအဝေးနှင့် ပတ်သက်၍ ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားရာ၌ မည်သည့် ဆုံးဖြတ်ချက်မှ မချရသေးသောကြောင့် စဉ်းစား သုံးသပ်နေဆဲ အဆင့်သာ ဖြစ်သည်ဟု ဆိုပါသည်။ ယခု အစီအစဉ်၏ ကဏ္ဍသစ်ကို စတင်နေပြီ ဖြစ်သည်။ အောက်တိုဘာ ၁ ရက် အဆိုပြုချက်၏ အခြေခံ အချက်များနှင့် ပတ်သက်၍ အီရန်နှင့် တွေ့ဆုံ ဆွေးနွေးလိုသော မိမိတို့၏ ဆန္ဒကို အတည်ပြုခဲ့ကြသည်။ ပြဿနာ၏ အဖြေကို ရရှိရေးအတွက် ကြိုးစားရန်၊ မှန်ကန်သော နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးမှု ပြုလုပ်ရန် အချိန် ရှိသေးသည်ဟု မိမိတို့ ယုံကြည်နေသည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

          ယခု အစည်းအဝေးသည် အလွန် အရေးပါသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ လက်အောက်မှ အရာရှိ William Burms က ပြောဆိုပါသည်။ ယူရေနီယမ် သန့်စင်ခြင်း ဆိုင်ရာ အဆိုပြုချက်အား အီရန်မှ တုန့်ပြန်ရန် အတွက် ဒီဇင်ဘာ ၃၁ ရက်ကို နောက်ဆုံးရက် အဖြစ် အမေရိကန် ပြည်ထောင်စုက သတ်မှတ်ခဲ့ပါသည်။

          ချမှတ်ဖွယ် ရှိသည့် အရေးယူ ပိတ်ဆို့မှု အများစုသည် ကုလသမဂ္ဂ လက်နက် ကုန်သွယ်မှု တားမြစ်ချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲ ခံနေရသော သင်္ဘော ကုမ္ပဏီများနှင့် အီရန် တော်လှန်ရေး အစောင့် တပ်ဖွဲ့ကို ပစ်မှတ်ထားမည် ဖြစ်ပြီး ကမ္ဘာဘဏ် ကဲ့သို့သော နိုင်ငံတကာ ငွေကြေးအဖွဲ့များ၊ ကမ္ဘာ့နိုင်ငံများအား လူသားခြင်း စာနာမှုနှင့် ဖွံ့ဖြိုးရေး ကိစ္စများမှ လွဲ၍ အီရန်အား အာမခံပေးခြင်း၊ ငွေချေးခြင်း၊ ငွေကြေး အကူအညီ ပေးခြင်းများကို တားမြစ်သွားမည် ဖြစ်ပါသည်။

0 comments:

Post a Comment