Transparency Myanmar

transparency.myanmar@gmail.com

          နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် တိုးမြှင့် ကျခံနေရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံဝင်မှု အပေါ် မြန်မာနိုင်ငံ တရားရုံးချုပ်က အပြီးသတ် ကြားနာ စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

          ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က အင်းလျား ကန်စောင်းမှ သူမ၏ နေအိမ်သို့ အမေရိကန် အမျိုးသား တစ်ဦး ရေကူးကာ ဝင်ရောက်ခဲ့မှုနှင့် ပတ်သက်၍ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ၁၈ လ တိုးမြှင့် ချမှတ်ခြင်း ခံခဲ့ရသည်။

          ယင်းပြစ်ဒဏ် နှင့် ပတ်သက်၍ အစောပိုင်းက အောက်တရားရုံးသို့ အယူခံ ဝင်ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ အဖွဲ့ဝင် ကိုယ်စားလှယ်တို့ မကြာခဏ တွေ့ဆုံ ဆွေးနွေးပြီး နောက်ပိုင်းမှသာ ဤသို့ ကြားနာခွင့် ရသည့် အခြေအနေ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အရှေ့တောင် အာရှဒေသ ဆိုင်ရာ BBC သတင်းထောက်၏ အဆိုအရ အဆိုပါ အမှုကို အမှုသွား အမှုလာ အကြောင်းရပ်ထက် တရားရေး ဆိုင်ရာ အရေးကိစ္စအပေါ် အခြေခံ၍ ကြားနာ ခဲ့ကြောင်းလည်း သိရပါသည်။

          မြန်မာ စစ်အစိုးရက ပယ်ပျက်သွားပြီ ဖြစ်သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေပါ ပုဒ်မကို အသုံးပြု၍ အမှုသည်အပေါ် စွဲချက် တင်ထားခြင်း ဖြစ်ပါသည်။

          အယူခံလွှာကို မတင်သွင်းမီ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အနက် တစ်ဦးကို BBC သတင်းဌာနက တွေ့ဆုံ မေးမြန်းရာတွင် အဆိုပါ ရှေ့နေက "တကယ့် အမှန်တရား ဥပဒေ ရှုထောင့်က ကြည့်ရင် ကျွန်တော်တို့ ဒေါ်စုဘက်က နိုင်မှာပါ" ဟု ပြောကြားပါသည်။

          သို့သော် ရန်ကုန်မြို့ရှိ အနောက်တိုင်း သံတမန် ရပ်ကွက်ကမူ ဤကိစ္စတွင် မျှော်လင့်ရုံသာ ရှိပြီး အပြည့်အဝ မျှော်မှန်း၍ မဖြစ်နိုင်သေးဟု ဆိုကြသည်။ နောင် ရက်သတ္တပတ်အတွင်း ဆုံးဖြတ် နိုင်ဦးမည်လည်း မဟုတ်ကြောင်း သိရပါသည်။

ရွေးကောက်ပွဲ အစီအမံများ

          ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်တို့ နှစ်ဦး တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းပြီး ရက်ပိုင်း အတွင်း အယူခံ အမှုကို ကြားနာ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆက်သွယ်ရေး ဝန်ကြီးနှင့် မည်ကဲ့သို့ ဆွေးနွေးခဲ့ကြသည် ကိုမူ အသေးစိတ် မသိရှိရပေ။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တိုက်ရိုက် တွေ့ဆုံကာ နိုင်ငံတကာ ပိတ်ဆို့မှု များ လျော့ပါးအောင် ညှိနှိုင်း ပြောဆိုမည်ဟု တောင်းဆိုခဲ့ဖူးသည်။

          အဆိုပါ အကြံပြုမှုကို လွန်ခဲ့သော ၄ လက ဦးစွာ တောင်းဆိုခဲ့သော်လည်း ယခု အချိန်အထိ တရားဝင် တုံ့ပြန်ချက် တစ်စုံတရာ မရရှိသေးပေ။

          မြန်မာ စစ်အစိုးရသည် ယခုနှစ်ထဲတွင် ရွေးကောက်ပွဲ လုပ်ရန် စီစဉ်လျက် ရှိသည်။ ၁၉၉၀ ပြည့်နှစ်က အမျိုးသား ဒီမိုကရေစီ ပါတီ(NLD) သည် မဲ အပြတ်အသတ်ဖြင့် အနိုင် ရရှိသော်လည်း စစ်အစိုးရက အသိအမှတ် မပြုဘဲ အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားခြင်းဖြင့် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုနိုင်အောင် ပြုလုပ်ထားခြင်းပင် ဖြစ်ပါသည်။

 BBC သတင်းဌာန၏ Burma court hears Suu Kyi appeal ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment