Transparency Myanmar

transparency.myanmar@gmail.com

The Financial Times, By Tim Johnston, 28th January 2009

          ကမ္ဘာ့ဘဏ်သည် ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုတွင် မြန်မာ အစိုးရ၏ သွေးစွန်းသော ရက်စက်မှုများကြောင့် မြန်မာနိုင်ငံ အစိုးရ အပေါ် နှစ်ပေါင်း နှစ်ဆယ်ကျော် အေးခဲသော ဆက်ဆံရေး ရှိခဲ့ပြီးနောက် ယခုအခါ နည်းပညာ အကူအညီများ ပေးရန် စဉ်းစားလျက် ရှိပါသည်။

          ကမ္ဘာ့ဘဏ်မှ အကြီးတန်း တာဝန်ရှိ ပုဂ္ဂိုလ် James Adams က Financial Times သို့ ပြောကြားရာတွင် ကမ္ဘာ့ဘဏ် နှင့် အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) မှ ပုဂ္ဂိုလ်များသည် မကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ပြည်သူများအပေါ် အပေါင်း လက္ခဏာ ဆောင်သော တိုးတက်မှုများ ရရှိစေရေး အတွက် အနာဂတ်တွင် သေချာ စဉ်းစား လုပ်ဆောင်ရမည့် ဖြစ်နိုင်သည့် ကိစ္စရပ်များကို ကြည့်ရှုခဲ့သည်ဟု ဆိုပါသည်။

          သို့သော် မြန်မာ နှင့် မည်သည့် ပူးပေါင်း ဆောင်ရွက်မှုကိုမဆို အကန့်အသတ်များ ထားရှိမည် ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်သူ ပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့ သွားရောက်၍ စီမံကိန်းများတွင် နည်းပညာ အကူအညီများ ပေးရန်သာ အစီအစဉ် ရှိသည်ဟု ပြောကြားခဲ့ပါသည်။

          ကမ္ဘာ့ဘဏ်၏ အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ ဒုဥက္ကဋ္ဌဖြစ်သူ Mr. Adams က ဆက်လက် ပြောကြားရာတွင် ကမ္ဘာ့ဘဏ်သည် မြန်မာ အစိုးရကို ငွေကြေး အကူအညီ မပေးသည်မှာ ၁၉၈၇ ကတည်းက ဖြစ်ကြောင်း၊ ယခုလည်း မြန်မာ အစိုးရကိုသာမက အစုရှယ်ယာရှင်များနှင့် ဖွံ့ဖြိုးရေး ပါတနာများကို လည်းကောင်း ငွေကြေး အကူအညီများ ပေးလိမ့်ဦးမည် မဟုတ်ကြောင်း ရှင်းရှင်း လင်းလင်း ပြောကြားထားပြီး ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          ပူးပေါင်း ဆောင်ရွက်မှု အတွက် အကန့်အသတ် ရှိသည် ဆိုသော်လည်း ယခု ကမ္ဘာ့ဘဏ်၏ ပြန်လည် ဆက်ဆံလာခြင်းသည် ရှေ့ဆက်မည့် ခရီးအတွက် အရေးကြီးသော ခြေလှမ်း ဖြစ်ပါသည်။

          ယခုလို ပြန်လည် ဆက်ဆံလာခြင်းသည် ယခင်လို အခြေအနေမျိုး ပြန်မရနိုင်သေး သော်လည်း၊ ပစ်ပယ်ထားခြင်း ထက်စာလျှင် ပိုကောင်းသော အစီအစဉ် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်မှ တာဝန်ရှိ အခြား ပုဂ္ဂိုလ်တစ်ဦးက ပြောပါသည်။

          ပြီးခဲ့သည့် နှစ်က မြန်မာ ဗိုလ်ချုပ်များနှင့် အမေရိကန် အာဏာပိုင်များကြား ဆက်ဆံရေး တိုးတက်လာခြင်းကြောင့် ယခု ကမ္ဘာ့ဘဏ်ကလည်း လိုက်၍ ရွေ့လာခြင်း ဖြစ်ပါသည်။

          ယခင် အမေရိကန်တို့၏ အထီးကျန် ပစ်ပယ်ထားရေး မူဝါဒသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် အလုပ်မဖြစ်သောကြောင့် Obama အစိုးရသည် အဆင့်မြင့် ပုဂ္ဂိုလ်များ ဆက်ဆံရေးကို ပြန်လည် ထူထောင်ပြီး မြန်မာ အစိုးရကို ပြုပြင် ပြောင်းလဲရေး အတွက် မက်လုံးများ ပေးခဲ့ပါသည်။ ဥရောပ သမဂ္ဂကလည်း လူသားချင်း စာနာသော အကူအညီများ ပိုမို ထိရောက်စွာ ပေးရန် စီစဉ်လာပါသည်။

          သို့သော် ယခု အချိန် အထိတိုင်အောင် မြန်မာ ဗိုလ်ချုပ်များသည် ၎င်းတို့၏ မြို့တော်သစ် နေပြည်တော်ရှိ ဘန်ကာကျင်းများ၌သာ အောင်းလျက် ရှိပြီး ပျော့ပျောင်းသည့် အသွင်သဏ္ဍာန် အနည်းငယ်ကိုသာ ပြသလျက် ရှိပါသည်။

          အစိုးရသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် ထားရှိမှုကို သက်တမ်းတိုး ခဲ့ပါသည်။ သတင်းစာ ဆရာများ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် အစိုးရ ဆန့်ကျင်သူများကိုလည်း ဖမ်းဆီးနေဆဲ ဖြစ်ပါသည်။ သုံးသပ်သူ အနည်းငယ်ကသာ ရွေးကောက် ပွဲသည် ဒီမိုကရေစီ ရလဒ်များ ဆောင်ကြဉ်းပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ယုံကြည်နေပါသည်။

          လတ်တလော ကမ္ဘာ့ဘဏ်နှင့် ဆွေးနွေးလျက် ရှိသော စီမံချက်များတွင် နိုင်ငံ၏ ခေတ်မမီ တော့သော နိုင်ငံတော် ငွေစာရင်း (National Account) ကို ပြုပြင် ပြောင်းလဲရေး ပါဝင်ပါသည်။ အဆိုပါ ငွေစာရင်း ပုံစံသည် ၁၉၆၈ ခုနှစ်က စံနှုန်းသာ ရှိပါသည်။

          ကမ္ဘာ့ဘဏ်သည် နိုင်ငံရေးအရ ဖိနှိပ်မှုကြောင့် ငွေကြေး အကူအညီများ မပေးဟု ဆိုသော်လည်း၊ မြန်မာ အစိုးရ ကိုယ်တိုင် ငွေကြေး အကူအညီများ မရယူမီ ဖြေရှင်းရမည့် ပြဿနာ ရှိနေပါသည်။ မြန်မာ အစိုးရသည် နိုင်ငံတကာ ငွေကြေးအဖွဲ့များသို့ ပေးရန် အကြွေး ဒေါ်လာ သန်း (၃၀၀)  ရှိနေပါသည်။

          "သူတို့ကလည်း နားလည်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ စည်းမျဉ်းတွေကို သိပါတယ်။ သူတို့ ပေးရန် ရှိတာတွေကို မရှင်း မချင်း ကျွန်တော်တို့ ငွေမချေးပါဘူး" ဟု ၎င်းက ပြောပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment