Transparency Myanmar

transparency.myanmar@gmail.com

ယခု နှစ်အတွင်း ကျင်းပရန် အစီအစဉ် ရေးဆွဲထားသည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆောင်ရွက်ချက်များကို အာရုံ လွှဲပြောင်းနိုင်ရေးနှင့် ကရင်ပြည်နယ်ကို ထိန်းချုပ် ကိုင်တွယ်နိုင်ရေးအတွက် မြန်မာ စစ်တပ်က ကရင်ပြည်နယ်ရှိ ကျေးရွာသူ၊ ကျေးရွာသားများကို ပစ်ခတ် သတ်ဖြတ်ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးလျက် ရှိကြောင်း KNU အဖွဲ့က စွပ်စွဲ ပြောဆိုလိုက်ပါသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ညောင်လေးပင် ခရိုင်၊ ကေဒါ ကျေးရွာမှ ရွာသား နှစ်ဦးအား မြန်မာ စစ်တပ်၏ ခြေမြန် တပ်မ အမှတ်-၃၆၇ မှ စစ်သားများက ပစ်ခတ် သတ်ဖြတ်လိုက်ပြီး အဆိုပါရွာမှ နေအိမ် ၁၃ လုံးကိုလည်း မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရပါသည်။

KNU အဖွဲ့၏ အတွင်းရေးမှူး-၁ ဗိုလ်မှူး စောလှငွေက "ကျွန်တော်တို့ KNU တွေက ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ဆန့်ကျင် ကန့်ကွက်ပါတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားပါတယ်" ဟု Mizzima သတင်းဌာနသို့ ပြောဆိုပါသည်။

"ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ကိစ္စက ကျွန်တော်တို့ရဲ့ တာဝန်ပါ။ မြန်မာ စစ်အစိုးရဟာ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ အာရုံကို ပြောင်းလဲအောင် လုပ်နေပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။

KNU သည် မြန်မာ စစ်အစိုးရကို ကာလ အကြာရှည်ဆုံး လက်နက်ကိုင် တိုက်ခိုက်ခဲ့ပြီး မြန်မာ နိုင်ငံတွင် အကြီးဆုံးသော လက်နက်ကိုင် သူပုန်များ အဖွဲ့လည်း ဖြစ်သည်။

"ကေဒါ ကျေးရွာ အပါအဝင် ရွာပေါင်း ၁၀ ရွာ လောက်က ကရင် တိုင်းရင်းသား ၁၀၀၀ ကျော် လောက်ဟာ နေရာ ရွှေ့ပြောင်း ထွက်ပြေးပြီး တောထဲမှာ ပုန်းခိုနေကြရပါတယ်" ဟု ဗိုလ်မှူး စောလှငွေက ပြောပါသည်။

ကရင်ပြည်နယ်တွင်း နေရာ ရွှေ့ပြောင်း ထွက်ပြေး နေကြရသော ဒုက္ခသည်များကို အကူအညီ ပေးလျက် ရှိသည့် အဖွဲ့တစ်ခု ဖြစ်သည့် Free Burma Rangers (FBR) ၏ အဆိုအရ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် တောတွင်း ဒေသတွင် ပုန်းအောင်းနေကြသော ဒုက္ခသည်များသည် ယခုအခါ အခက်အခဲ များစွာဖြင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။

FBR အဖွဲ့ဝင် တစ်ဦး ဖြစ်သော ဘောဖိုးက ဒုက္ခသည်များအတွက် အစားအသောက်၊ နေထိုင်စရာ နှင့် အဝတ်အထည်များ အလွန်အမင်း လိုအပ်လျက် ရှိကြောင်း၊ ၎င်းတို့၏ အခြေအနေမှာ လွန်စွာ ဆိုးရွားလျက် ရှိကြောင်း Mizzima သတင်းဌာနသို့ ပြောကြားပါသည်။

"ကျွန်တော်တို့ အနေနဲ့ Free Burma Rangers အဖွဲ့နဲ့ ပူးပေါင်းပြီး ကရင် ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကြိုးပမ်းနေပါတယ်။ အဲဒီလို လုပ်တဲ့ နေရာမှာ အိုးမဲ့အိမ်မဲ့ လုံးဝ ဖြစ်သွားတဲ့ သူတွေကို ဦးစားပေး နေပါတယ်" ဟု Committee for Internally Displaced Karen People အဖွဲ့မှ အဖွဲ့ဝင် စောစတိဗ်က ပြောကြားသည်။

ညောင်လေးပင် ဒေသတွင်မူ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့(KLNA) နှင့် DKBA တို့အကြား စစ်ရေး ပဋိပက္ခ ဖြစ်ပွားလျက် ရှိသည်။ DKBA သည် မြန်မာ စစ်တပ်နှင့် ပူးပေါင်းပြီး အဆိုပါ ဒေသမှ ကျေးရွာများကို တိုက်ခိုက်လျက် ရှိသည်ဟု KNU က စွပ်စွဲ ပြောဆိုထားသည်။

KLNA သည် လက်ရှိတွင် KNU ၏ စစ်ဘက်ဆိုင်ရာ အဖွဲ့ခွဲ တစ်ခု ဖြစ်ပြီး DKBA မှာ KNU က ခွဲထွက်ပြီး ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရယူလိုက်သော အဖွဲ့ ဖြစ်ပါသည်။

Mizzima သတင်းဌာန၏ Villages burnt, Karen villagers hide in jungles ကို ဘာသာပြန် ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment