Transparency Myanmar

transparency.myanmar@gmail.com

နော်ဝေ နိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) ၏ သတင်းထောက် ငွေစိုးလင်းအား ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက အင်းစိန်အကျဉ်း ထောင်အတွင်း ရုံးထိုင် စစ်ဆေးကာ ထောင်ဒဏ် ၁၃ နှစ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ၎င်း၏ အသိမိတ်ဆွေ များထံမှ တစ်ဆင့် ကြားသိရပါသည်။

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သော ငွေစိုးလင်း(၂၈ နှစ်) သည် အီလက်ထရွန်နစ် နှင့် လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပံ့ပိုးမှု အက်ဥပဒေများအရ တရားစွဲဆိုခြင်း ခံခဲ့ရပြီး အဆိုပါ အမှုနှစ်ခု အတွက် ထောင်ဒဏ် ၁၀ နှစ် နှင့် ၃ နှစ်စီ အသီးသီး ကျခံရခြင်း ဖြစ်သည်။

"ကိုငွေစိုးလင်းဟာ အီလက်ထရွန်းနစ် အက်ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ် နဲ့ လူဝင်မှု အက်ဥပဒေ ပုဒ်မ-၁၃ () အရ ထောင်ဒဏ် သုံးနှစ် ကျခံဖို့ မနေ့ကပဲ စီရင်ချက် ချလိုက်တာပါ" ဟု ငွေစိုးလင်း၏ ခယ်မဖြစ်သူ အေးမိစံက Mizzima သို့ ပြောကြားပါသည်။

တရားခံ ရှေ့နေဖြစ်သူ ဦးအောင်သိန်းက "ကိုငွေစိုးလင်းရဲ့ အမှုကို ကြားနာ စစ်ဆေးပြီး မနေ့ညနေကပဲ အဲဒီ ပုဒ်မတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်တာပါ" ဟု ပြောဆိုသည်။ DVB သတင်းထောက်ဖြစ်သူ ကိုငွေစိုးလင်းသည် ၂၀၀၈ ခုနှစ်မေလ ပထမပတ်က မြန်မာနိုင်ငံတွင် ကျရောက်သော နာဂစ်မုန်တိုင်း ဒဏ်ကြောင့် မိဘမဲ့ ဖြစ်သွားသည့် ကလေးများ၏ ဘဝကို မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခဲ့သည့် အတွက် Rory Peck ဆုချီးမြင့် ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

လန်ဒန်အခြေစိုက် Rory Peck Trust သည် ကမ္ဘာတစ်ဝန်း ဒေသအသီးသီးမှ ထူးခြား ရဲရင့်စွာ ထုတ်ဖော်နိုင်သော သတင်းထူးများကို တင်ပြနိုင်သူများအား ရှာဖွေပြီး ဂုဏ်ပြုပေးအပ်သော အဖွဲ့ ဖြစ်သည်။ အဆိုပါဂုဏ်ပြုဆု၏ အမည် Rory Peck သည် ဗြိတိသျှ သတင်းထောက် တစ်ဦး၏ အမည်ဖြစ်ပြီး သူသည် ၁၉၉၃ ခုနှစ် အောက်တိုဘာလက ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ သတင်းလိုက် နေစဉ် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ရသည်။

ထို့နောက် ၁၉၉၅ ခုနှစ်တွင် Rory Peck ၏ ဇနီးဖြစ်သူနှင့် မိတ်ဆွေများက သူ၏နာမည်ဖြင့် Trust အဖွဲ့ကို တည်ထောင်ခဲ့ကြပါသည်။

"ဒီလို ပြစ်ဒဏ်ချတာ မတရားပါဘူး၊ ဒါမျိုးတွေကိုလုပ်ရင်း အခုလို အလားတူ ပြစ်ဒဏ်တွေ ခံရမယ် ဆိုတာ တခြား သတင်းထောက်တွေလည်း သိအောင် ရှင်းရှင်းလင်းလင်း အသိပေးဖို့ လိုမယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ဖော်ထုတ်ရမှာပါ" ဟု DVB ၏ထိုင်းနိုင်ငံ ဗျူရို အကြီးအမှူးဖြစ်သူ တိုးဇော်လတ်က ပြောကြားသည်။

ငွေစိုးလင်းသည် ယမန်နှစ် ဇွန်လ ၂၆ ရက်နေ့၊ တာမွေမြို့နယ် ကျောက်မြောင်းရှိ အင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှ အထွက်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ငွေစိုးလင်းအား ဖမ်းဆီးပြီးနောက် သုံးရက် အကြာတွင် တာမွေမြို့နယ် အထူးစုံစမ်းရေးအဖွဲ့(SB) ရဲတပ်ဖွဲ့၊ ရပ်ကွက်ကောင်စီ အဖွဲ့ဝင်များနှင့် ရဲမှူးတို့က ၎င်း၏ နေအိမ်သို့ လာရောက်ပြီး ဗီဒီယို ကင်မရာကိုသိမ်းဆည်းခဲ့ကြောင်း၊ အမှုနှင့် ပတ်သက်၍ အယူခံဝင်မည် ဖြစ်ကြောင်း အေးမိစံက ပြောကြားပါသည်။

ကိုငွေစိုးလင်းနှင့် အတူ ထိုအချိန်က NLD လူငယ်အဖွဲ့ဝင် နိုင်ငံလင်းကိုလည်း ဖမ်းဆီးခဲ့သည်။ သို့သော် နိုင်ငံလင်းကိုမူ သြဂုတ်လ ၂၉ ရက်နေ့က ပြန်လွှတ်ခဲ့ကြောင်း ဦးအောင်သိန်းက ပြောပါသည်။ ငွေစိုးလင်းအား ဖမ်းဆီးပြီး ၂ လကျော်ကြာမှ အာဏာပိုင်များက အင်းစိန်ထောင်သို့ ပို့လိုက်ကြကြောင်း၊ အင်းစိန်ထောင်သို့ ရောက်ရှိပြီး ၃ လခွဲကြာမှ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း ၎င်း၏ အဆိုအရ သိရပါသည်။

ကိုငွေစိုးလင်းသည် ယခုအခါ ဘယ်ရီ ရောဂါ ခံစားနေရပြီး အာရုံကြောရောဂါ ဆေးများလည်း စားသုံး နေရသည်။ ၎င်း၏ အကိုဖြစ်သူ အောင်ထွန်းမြင့်သည်လည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ လူထု ဆန္ဒခံယူပွဲအတွင်း မှော်ဘီမြို့နယ် ဆန္ဒမဲရုံတစ်ခုတွင် ဓာတ်ပုံ ရိုက်ကူးခဲ့ခြင်းကြောင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ကျခံနေရပါသည်။

မြန်မာနိုင်ငံ မီဒီယာအသင်း (BMA) ၏ သတင်း ထုတ်ပြန်ချက်များအရ ၂၀၀၇ ခုနှစ် အရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး) အရေးအခင်းဖြစ်ပြီး နောက် မြန်မာသတင်းထောက် (ဂျာနယ်လစ်) အနည်းဆုံး ၁၄ ဦး ဖမ်းဆီး အပြစ်ပေးခံခဲ့ရကြောင်း သိရှိရပါသည်။

Mizzima သတင်းဌာန ၏ DVB reporter sentenced to 13 years ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment