Transparency Myanmar

transparency.myanmar@gmail.com

Office of UN Resident and Humanitarian Coordinator for Myanmar, 27th January 2009

လယ်ယာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍတွင် ရင်းနှီး မြှုပ်နှံခြင်းသည် ဆင်းရဲသော ကျေးလက်ဒေသကို အကျိုးရှိစေမည် သာမကပဲ နိုင်ငံလုံး စီးပွားရေး ဖွံ့ဖြိုးမှုကိုပါ ဆောင်ကြဉ်းပေးမည် ဖြစ်ကာ ဆင်းရဲ မွဲတေမှုကိုလည်း လျော့ချနိုင်ပါလိမ့်မည်။ ဤသည်မှာ ဇန်နဝါရီ (၂၆) ရက်က ရန်ကုန်တွင် ကျင်းပသော Myanmar Humanitarian Partnership Group ၏ အစည်းအဝေးမှ ထွက်ပေါ်လာသော သတင်းကောင်း တစ်ခု ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍသည် စဉ်းစား ဆင်ခြင်ဖွယ် ဖွံ့ဖြိုးမှု အခွင့်အလမ်းများ ရှိနေပြီး မြန်မာနိုင်ငံတွင် လက်ရှိ စီးပွားရေး စိန်ခေါ်မှုများကို အစီအစဉ် တကျ တုန့်ပြန်ရာတွင် ဦးစားပေး စဉ်းစားသင့်သည့် ကိစ္စတစ်ခု ဖြစ်ပါသည်။

အလှူရှင်များ ဖြစ်သော ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံတွင်းရှိ အခြား လူသားချင်း စာနာ ထောက်ထားရေး အဖွဲ့များ တက်ရောက်ကြသော လစဉ် အစည်းအဝေး တစ်ခုဖြစ်သည့် Myanmar Humanitarian Partnership Group ၏ အစည်းအဝေးမှ ယခု သုံးသပ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ဆင်းရဲမှု လျော့ချရေးသည် လယ်ယာထွက် ကောက်ပဲသီးနှံ ကဏ္ဍ၊ ငါးလုပ်ငန်း ကဏ္ဍ၊ မွေးမြူရေး ကဏ္ဍတို့၏ ထုတ်လုပ်မှု၊ ဖွံ့ဖြိုးမှုများ တိုးတက်လာခြင်းပေါ်တွင် မှီခို နေပါသည်။ နိုင်ငံ လူဦးရေ၏ (၇၀ %) သည် ကျေးလက်ဒေသများတွင် နေထိုင်လျက် ရှိပြီး အားလုံးသော အချက်အလက်များက လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် စဉ်းစားဖွယ် ဖွံ့ဖြိုးရေး အခွင့်အလမ်းများ၊ အလားအလာများ ရှိနေကြောင်း ညွှန်ပြနေကြသည်ဟု ပြောကြားသူမှာ UNDP မူဝါဒ အကြံပေး Shafique Rahman ဖြစ်၍ ၎င်းက စားနပ် ရိက္ခာ ဖူလုံရေးဆိုင်ရာ UN/NGO Working Group ကိုယ်စား "စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် စီစဉ်တကျ တုန့်ပြန်မှု ဆိုင်ရာ စီးပွားရေး ခြုံငုံ သုံးသပ်ချက်" ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တချိန်ထဲတွင်ပင် ကျေးလက်ဒေသ၌ လယ်မဲ့ ယာမဲ့ ပြဿနာ ကြီးထွား မြင့်မားလျက် ရှိပြီး လယ်မြေ မပိုင်သူ ဆင်းရဲသားများသည် လယ်ယာမြေ မလိုသော စီးပွားရေးလုပ်ငန်းများကို မှီခိုနေရပါသည်။ အနှစ်ချုပ်ရလျှင် ကျေးလက် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ၏ ပြဿနာ ရင်းမြစ်များကို ရှာဖွေ ဖြေရှင်းပေးမှုများ တိုးမြှင့် ဆောင်ရွက်ရန် လိုအပ်နေပါသည်ဟု Mr. Rahman က ဆိုပါသည်။

အဆိုပါ အစည်းအဝေးသို့ ကျွမ်းကျင် ပညာရှင်များ၊ မစ်ရှင်နှင့် အေဂျင်စီ ခေါင်းဆောင်များ၊ သံတမန်များနှင့် ကယ်ဆယ်ရေး လုပ်သားများ စုစုပေါင်း (၇၀) ကျော် တက်ရောက်ခဲ့ပြီး ကျေးလက် ငွေချေးစနစ်၊ ဈေးကွက် အခွင့်အလမ်း၊ စိုက်ပျိုးရေး မဟုတ်သော စီးပွားရေးနှင့် အခြေခံ အဆောက်အဦး စသော နယ်ပယ်များတွင် ဖြေရှင်းရန် လိုအပ်နေသည့် စိန်ခေါ်မှုများကို နံပါတ်စဉ် တပ်ကာ မီးမောင်းထိုးပြခဲ့ပါသည်။ ယင်းကဲ့သို့ စီးပွားရေး မူဝါဒနှင့် စနစ်တကျ တုန့်ပြန်မှုများ အပေါ်တွင် ကွက်၍ သုံးသပ် ဆွေးနွေးကြခြင်းမှာ ပါမောက္ခ ဂျိုးဇက် စတစ်ကလစ်၏ ဒီဇင်ဘာလ ခရီးစဉ် အပါအဝင် လတ်တလော ဖြစ်ရပ်များ၏ သက်ရောက်မှုကြောင့် ဖြစ်ပါသည်။

ရှေ့ဆက်၍ စိုးရိမ် ပူပန်စရာ ဖြစ်နေသော ကိစ္စမှာ အသေးစား ချေးငွေ စီမံကိန်းများ အတွက် ရန်ပုံငွေ ဖြည့်တင်းရာတွင် ကြီးမားသော လစ်ဟာမှုများ ရှိနေခြင်း ဖြစ်သည်။ အသေးစား ချေးငွေ စီမံကိန်းများအတွက် လိုအပ်ချက်မှာ အမေရိကန် ဒေါ်လာ သန်း ၃၄၀ မှ သန်း ၄၇၀ အတွင်း ရှိနေသည်ဟု ခန့်မှန်း တွက်ချက်မှုများအရ သိရှိရပါသည်။

အသေးစား ချေးငွေ စီမံကန်းကို ထောက်ပံ့နေသည့် နိုင်ငံတကာ အဖွဲ့အစည်း (၇) ခု၊ ဒေသတွင်း အဖွဲ့အစည်း အနည်းငယ်နှင့် ဘဏ်များသည် စုစုပေါင်း လိုအပ်ချက်၏ (၁၀ %) မျှသာ တတ်နိုင်ကြသဖြင့် ကျေးလက် ဆင်းရဲသား သန်းပေါင်းများစွာကို အတိုးနှုန်း ကြီးကြီးဖြင့် ငွေချေးသူများထံ ကျေးဇူးတင်ခံ၍ ငွေချေးရသည့် ဘဝသို့ ရောက်ရှိစေခဲ့သည်ဟု သိရပါသည်။

မြန်မာနိုင်ငံတွင်းရှိ အကြီးဆုံး အသေးစား ချေးငွေ စီမံကိန်းကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ၁၉၉၇ ခုနှစ်က စတင်ခဲ့သော ၎င်း စီမံကိန်းသည် မြန်မာနိုင်ငံတဝှမ်း မြို့နယ်ပေါင်း (၂၂) မြို့နယ်ရှိ ကျေးရွာပေါင်း (၄၆၄၅) ရွာမှ အိမ်ထောင်စုပေါင်း သုံးသိန်း ငါးသောင်းခန့်ကို ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။ အဆိုပါ စီမံကိန်းအရ လယ်ပိုင်ဆိုင်မှု (၅) ဧက မပြည့်သည့် လယ်သမား မိသားစုများအား အကူအညီပေးခြင်း ဖြစ်၍ ၎င်းတို့အား ရင်းနှီးငွေနှင့် လုပ်ငန်း ချဲ့ထွင်နိုင်ရန် ရည်ရွယ် ကူညီခြင်း ဖြစ်သည်။

လက်ရှိ တတ်နိုင်တဲ့ ရန်ပုံငွေ အနေအထားနဲ့ လက်လှမ်း မမှီနိုင်လောက်အောင် လိုအပ်ချက်က ကြီးမားနေပါတယ်ဟု ပြောကြားသူမှာ PACT Myanmar မှ ဌာနေ ကိုယ်စားလှယ် Fahmid Karim Bhuiya ဖြစ်ပြီး ၎င်းသည် UNDP ၏ (၂၂) မြို့နယ် အသေးစား ငွေချေး စီမံကိန်းကို အကောင်အထည် ဖော်နေသူ ဖြစ်သည်။

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ UNDP ကိုယ်စားလှယ် Bishow Parajuli ၏ အဆိုအရ အသေးစား ငွေချေးစီမံကိန်းနှင့် အခြား လူမှု အဖွဲ့အစည်း အခြေပြု နည်းလမ်းသစ် ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံအတွက် အချိန် စောလွန်း နေသေးကြောင်း သိရှိရပါသည်။

သို့ရာတွင် အသေးစား ချေးငွေ စီမံကိန်းများသည် ဆင်းရဲ မွဲတေမှု လျော့ချရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးအတွက် ထိရောက်သော နည်းလမ်း ဖြစ်နိုင်သည် ဆိုသော အချက်ကို ယခု နယ်ပယ်အတွင်း လုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ အေဂျင်စီများက အောင်မြင်စွာ ညွှန်ပြနိုင်ခဲ့သည်ဟု Mr. Parajuli က ပြောကြားခဲ့ပြီး ကျေးလက် စီးပွားရေး တစ်ခုလုံးကို ပိုမို လှုံ့ဆောင်ပေးနိုင်မည့် ကြီးမားသော ဖြစ်နိုင်ချေ အလားအလာများ ရှိနေသည်ဟုလည်း ၎င်းက မှတ်ချက် ပေးပါသည်။

စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မှာပါ။ ကျေးလက် ဆင်းရဲမှု လျော့ချဖို့ များစွာ လိုအပ်နေတဲ့ တုန့်ပြန် ဆောင်ရွက်ချက်တွေကို ထောက်ပံ့ ဖြည့်ဆည်း ပေးနိုင်တဲ့ အချိန် ရောက်ရင် အခွင့်အလမ်းတွေ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ရေရှည် စီးပွားရေး နာလံထူနိုင်ဖို့ ကြိုးစားနေမှုများကိုလည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်ဟု Mr Parajuli က သုံးသပ် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment