Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံရောက် ကရင် တိုင်းရင်းသား ဒုက္ခသည် ၂၀၀၀ ခန့်အား မြန်မာနိုင်ငံသို့ ပြန်ပို့နိုင်ရေး အတွက် ကရင် လက်နက်ကိုင် တပ်ဖွဲ့များ အပါအဝင် အုပ်စုအချို့ ထိုင်းနိုင်ငံတွင် ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းကြကြောင်း သတင်း ရရှိပါသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ဇွန်လတွင် ကရင် အမျိုးသားယူနီယံ (KNU) နှင့် ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) တို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ အဆိုပါ ကရင် တိုင်းရင်းသားများမှာ စစ်ပြေး ဒုက္ခသည်များအဖြစ် ထွက်ပြေးခဲ့ကြရသည်။

KNU နှင့် DKBA တို့သည် ကရင်ပြည်နယ်ကို ထိန်းချုပ် ပိုင်ဆိုင်နိုင်ရေး အတွက် ယှဉ်ပြိုင် နေကြရသော လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြပြီး DKBA ကိုမူ မြန်မာ စစ်အစိုးရက ကျောထောက် နောက်ခံပေးလျက် ရှိသည်။

ကရင်ဒုက္ခသည် ၂၀၀၀ ပြန်ပို့ရေး အတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ နူပိုစခန်း အနီးရှိ နူပိုကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ထိုင်း-မြန်မာ နယ်စပ်ကိစ္စများ ဖြေရှင်းရေး ယာယီ ညှိနှိုင်းမှုအဖွဲ့မှ ကိုယ်စားလှယ်များလည်း တက်ရောက် ခဲ့ကြပါသည်။

အကယ်၍ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာပါက ၎င်းတို့အနေဖြင့် အဓမ္မ လုပ်သားအဖြစ် စေခိုင်းခြင်း၊ စစ်တပ်တွင်းသို့ ဖိအားပေးဝင်ရောက်ခိုင်းခြင်း စသည်တို့နှင့် ကြုံတွေ့ရမည် မဟုတ်ဟု DKBA က အာမခံခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြားပါသည်။

နယ်စပ်ဒေသမှ တစ်ဆင့် ထိုင်းဘက်သို့ ထွက်ပြေးခဲ့သူ အများစုသည် DKBA က အာမခံထားသည့် အချက် နှစ်ချက်ကို ကြောက်ရွံ့သောကြောင့် ထွက်ပြေး တိမ်းရှောင်သွားကြခြင်း ဖြစ်သည်။

"DKBA အနေနဲ့ကတော့ ဒေသတွင်းမှာ KNU ဘက်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေနဲ့ ပတ်သက်ပြီး တာဝန် မယူနိုင်ပါဘူး၊ ဒါပေမဲ့ DKBA ဘက်က ထောင်ထားတဲ့ မိုင်းတွေကိုတော့ ရှင်းလင်းပေးပါ့မယ်" ဟု အဆိုပါ ညှိနှိုင်းပွဲမှ ပြန်လာသော အမည်မဖော်လိုသူ တစ်ဦးက ပြောကြားသည်။

အကယ်၍ ဒုက္ခသည်များ မိမိတို့၏ ရွာသို့ ပြန်လည်ရောက်ရှိပါက လယ်ယာ လုပ်ကိုင်ရန် မြေကွက် အနည်းငယ်သာ ကျန်ရှိတော့မည် ဖြစ်ရာ ထိုင်း ဒုက္ခသည် စခန်းများမှာပင် နေထိုင်သည် ဖြစ်စေ၊ မြန်မာနိုင်ငံသို့ ပြန်သွားသည် ဖြစ်စေ စားနပ်ရိက္ခာအတွက် ပူပန်စရာ မလို၊ ထောက်ပံ့ပေးမည်ဟု ဆိုသော ထိုင်း-မြန်မာ နယ်စပ်ဒေသ အကျိုးတူ ပူးပေါင်း ညှိနှိုင်းရေး အဖွဲ့ (TBBC) ၏ အာမခံ ပြောဆိုမှုများကို ယုံကြည်ရန် ခက်ခဲပါလိမ့်မည်။

"အခက်အခဲ တွေကတော့ အများကြီး ရှိပါတယ်၊ ပြန်သွားတဲ့သူတွေ အနေနဲ့ နေထိုင်ဖို့ အိမ်ဆောက်ရာမှာ သစ်တွေ၊ ဝါးတွေ လိုမယ်။ ဒါတွေ ရဖို့ ဆိုတာက မလွယ်ဘူး။ တကယ်လို့ မနေနိုင်ဘူးဆိုရင် ပြန်သွားရုံပဲ ရှိတယ်။ ကျွန်တော်တို့ စားသောက်စရာ အစာရေစာ၊ ကျန်းမာရေးနဲ့ ပညာရေးအတွက် NGO တွေဆီက အထောက်အပံ့တွေ လိုမှာပါ" ဟု နူပိုစခန်း၏ ဥက္ကဋ္ဌ တာဆုညာက ပြောကြားပါသည်။

ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ရေးနှင့် ပတ်သက်၍ ဖိအားပေး လုပ်ဆောင်မည် (သို့မဟုတ်) အားပေး အားမြှောက်ပြု လုပ်ဆောင်မည် ဟူသည်ကို ထိုင်းအစိုးရက ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

UNHCR အဖွဲ့ အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ပြန်မည့် မည်သည့် ဒုက္ခသည်မဆို အကူအညီ ပေးမည်ဟု အာမခံ ထားသည်။ သို့သော် ကရင် ပြည်နယ်သို့ ပြန်ပို့၊ မပို့ ဟူသည်မှာ ထိုင်းအစိုးရ အပေါ်တွင်သာ မူတည်လျက် ရှိသည်။

"ကျွန်တော်တို့ ဒုက္ခသည်တွေကတော့ ဒီမှာ ဆက်ပြီး နေခွင့် ပေးမယ်ဆိုရင် ဆက်နေ ချင်ပါတယ်။ နေခွင့် မရဘူးဆိုရင်တော့ ပြန်ရမှာပေါ့။ အခုတော့ ဘယ်လို လုပ်ရမယ်၊ ဘာကို ဆုံးဖြတ်ရမယ် ဆိုတာ မသိသေးပါဘူး" ဟု ဒုက္ခသည် စခန်းတွင် နေထိုင်သူတစ်ဦးက DVB သို့ ပြောကြားပါသည်။

DVB သတင်းဌာန၏ Rival groups meet on Karen refugees ကို ဘာသာပြန် ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment