Transparency Myanmar

transparency.myanmar@gmail.com

www.burmanet.org , 29th January 2009

          ယခု နှစ်တွင် ပထမဦးဆုံး အကြိမ်အဖြစ် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO မှ အကြီးတန်း ခေါင်းဆောင်များနှင့် အစိုးရတို့ မြစ်ကြီးနားတွင် သောကြာနေ့က တွေ့ဆုံပြီး ကချင် လွတ်မြောက်ရေး တပ်မတော် KFA ကို ပြောင်းလဲ ဖွဲ့စည်းရေးအတွက် အဖြေ ရှာခဲ့ကြကြောင်း ကချင် ကိုယ်စားလှယ်များနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သတင်းများက ဆိုသည်။

လိုင်ဇာရှိ KIO ဌာနချုပ်မှ ခေါင်းဆောင်များသည် မြန်မာအစိုးရမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ နှစ်ဦးနှင့် တွေ့ဆုံကြောင်း KIO တာဝန်ရှိသူက ပြောသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်မှာ တိုင်းရင်းသား လက်နက်ကိုင်များ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး၊ ညှိနှိုင်း စေ့စပ်ရေးအတွက် နေပြည်တော်မှ ခန့် အပ်ထားသူ ဖြစ်သည်။

          ယခု အစည်းအဝေးသည် ပြီးခဲ့သည့်နှစ် ဧပြီလမှ စတင်ရာ ၁၀ ကြိမ်မြောက် အစည်းအဝေး ဖြစ်ပြီး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မလိခရိပ်သာတွင် သောကြာနေ့က နေ့လည် တစ်နာရီမှ နှစ်နာရီ အတွင်း ပြုလုပ်ခဲ့သည်ဟု မြစ်ကြီးနားရှိ KIO တာဝန်ရှိသူ၏ အဆိုအရ သိရှိရသည်။

          KIO ကိုယ်စားလှယ် အဖွဲ့တွင် ဥက္ကဋ္ဌ Lanyaw Zawng Hral ၊ ဥက္ကဋ္ဌ No.1 LT-Gen Gauri Zau Seng ဒု ဦးစီးချုပ် ဗိုလ်မှူးချုပ် Sumlut Gun Maw နှင့် အခြား အကြီးတန်း တာဝန်ခံများ ပါဝင်သည်။ သို့သော် KIO အထွေထွေ အတွင်းရေးမှူး Dr.Lahkyen La Ja  ခွင့်ယူထားသဖြင့် မပါဝင် ကြောင်း KIO တာဝန်ရှိသူ တစ်ဦးက လိုင်ဇာတွင် ပြောကြားခဲ့သည်။

          KIO ကိုယ်စားလှယ်များသည် ထိုနေ့ ညနေအထိ လိုင်ဇာသို့ ပြန်မရောက် သေးသောကြောင့် အစည်းအဝေးမှ ရလဒ်များကို မသိရသေးကြောင်း၊ ကိုယ်စားလှယ်များနှင့် နီးစပ်သော သတင်းများ အဆိုအရ သိရှိရသည်။

          မြန်မာ အစိုးရ အဆိုပြုသော KIA ကို နယ်ခြား စောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ရလဒ် မရှိသော ညှိနှိုင်း ဆွေးနွေးမှုများကို ကချင် နိုင်ငံရေးသမားများက ခါးခါးသီးသီး အဆိုးမြင်လျက် ရှိကြသည်။

          လိုင်ဇာရှိ သတင်းများက ပြောရာတွင် KIO သည် အစမှ ပြန်စရန် တောင်းဆိုမည် ဖြစ်ပြီး၊ ယခင် တောင်းဆိုထားသော KIA ကို လက်ရှိ စစ်ရေး အဆင့်အတန်းအတိုင်း ပြောင်းလဲ ဖွဲ့စည်းရန်နှင့် ပင်လုံစာချုပ်အတိုင်း လိုက်နာရန် တောင်းဆိုမှုများကို ပြန်လည် ရေးဆွဲ၍ အစမှ ပြန်ဆွေးနွေးရန် တောင်းဆိုမည်ဟု ဆိုသည်။

          ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က တိုင်မှူး ဗိုလ်ချုပ်စိုးဝင်းက KIO ၏ ပင်လုံစာချုပ်နှင့် သက်ဆိုင်သော တောင်းဆိုချက်နှင့် ပတ်သက်၍ တုံ့ပြန်ရာတွင် ပင်လုံစာချုပ်ခေတ်မှာ ကုန်သွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု KIO ကိုယ်စားလှယ်များ၏ အဆိုအရ သိရှိရသည်။

          ယခုအခါ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခုနှစ်တွင် ရွေးကောက်ပွဲ လုပ်ရန် စိုင်းပြင်းလျက် ရှိပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ဆက်လက် ချထားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment