Transparency Myanmar

transparency.myanmar@gmail.com

မြန်မာအစိုးရပိုင် သတင်း အေဂျင်စီဖြစ်သော မြန်မာ့သတင်းအေဂျင်စီ (မြန်မာ့သတင်းစဉ်- MNA) သည် ယခုအခါ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ပြည်တွင်း သတင်းဂျာနယ်များအား ထုတ်ပေးခြင်း မပြုလုပ်တော့ကြောင်း ပြည်တွင်းဂျာနယ် အယ်ဒီတာများထံမှ စုံစမ်းသိရှိရပါသည်။ 

MNA သည် စစ်အစိုးရ၏ သတင်းအေဂျင်စီ တစ်ခုလည်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း လက်အောက်တွင်ရှိပါသည်။ မြန်မာစစ်အစိုးရ၏ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ပတ်သက်သော သတင်း၊ သတင်းဓာတ်ပုံများကို ထုတ်ပေးနိုင်သည့် သီးသန့်အခွင့်အရေးလည်း ရှိသော သတင်းအေဂျင်စီ တစ်ခုလည်း ဖြစ်ပါသည်။ 

MNA သည် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန (ဆင်ဆာဘုတ်အဖွဲ့) ကဲ့သို့ စာစောင်များတွင် ပါဝင်သော အကြောင်းအရာများကို ဆင်ဆာဖြတ်မှုများ မပြုလုပ်သော်လည်း အစိုးရ ကိုယ်စားပြုမည့် သတင်း အချက်အလက်များ သီးသန့်ကိုသာ ရွေးချယ်ဖော်ပြလေ့ရှိသည်။ 

ပြည်တွင်းထုတ် သတင်းဂျာနယ် အယ်ဒီတာများသည် မြန်မာစစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သည့် သတင်းနှင့် သတင်းဓာတ်ပုံများကို ရယူသည့် ကိစ္စတွင် MNA ကိုသာ မှီခို အားထားကြရပါသည်။ 

"MNA (မြန်မာ့သတင်းစဉ်) u ကျွန်တော်တို့ကို ဓာတ်ပုံတွေ ထုတ်ပေးတဲ့ ကိစ္စကို ရပ်ဆိုင်း လိုက်ပေမယ့် ဆင်ဆာဘုတ် အဖွဲ့ကတော့ အသုံးပြုခွင့် ပေးနေတုန်းပါပဲ။ ကျွန်တော် ထင်တာတော့ ပြည်တွင်း ဂျာနယ်တွေကို အဲဒီလိုဓာတ်ပုံတွေ မပေးဖို့ သူတို့ကို ညွှ့န်ကြားထားတာ ဖြစ်ပါလိမ့်မယ်" ဟု ရန်ကုန်အခြေစိုက် ပြည်တွင်းဂျာနယ်တစ်စောင်၏ အယ်ဒီတာတစ်ဦးက Mizzima သတင်းဌာနသို့ ပြောပါသည်။ 

"MNA က ဓာတ်ပုံတွေ မရတော့တာကြောင့် ကျွန်တော်တို့မှာ သိမ်းထားတဲ့ ဓာတ်ပုံ အဟောင်းတွေကို ပြန်သုံးနေကြရပါတယ်၊ အခုထိတော့ အဲဒီဓာတ်ပုံတွေ မသုံးဖို့ သတိပေး ကြေညာတာမျိုး မရှိသေးပါဘူး" ဟု အခြားဂျာနယ် အယ်ဒီတာတစ်ဦးကလည်း ပြောပါသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံသည့် သတင်းကို ပြည်တွင်းထုတ် The Voice Weekly သတင်းဂျာနယ်က ဖော်ပြခဲ့သော်လည်း သတင်းဓာတ်ပုံ ပါဝင်ခြင်းမရှိပေ။ 

အစောပိုင်း ကာလများအတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် အထူးသံတမန် ကိုယ်စားလှယ်အဖွဲ့၊ ဦးအောင်ကြည် စသည့် ပုဂ္ဂိုလ်များ တွေ့ဆုံသည့် သတင်းနှင့် သတင်း ဓာတ်ပုံများကို MNA က ထုတ်ပေးခဲ့ သေးသည်။  

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် The Weekly Eleven ဂျာနယ်တွင် ဒေါ်စုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးသည့် သတင်း ဖော်ပြခဲ့သော်လည်း တိုက်တွင်း သိမ်းဆည်း ထားသော ဓာတ်ပုံအဟောင်း ကိုသာ အသုံးပြုထားသည်ကို တွေ့ရပါသည်။

ဤအတောအတွင်းမှာပင် စာပေစိစစ်ရေးက ပြည်တွင်း ဂျာနယ်များတွင် နိုင်ငံရေးအရ အရေးကြီးပြီး အကဲဆတ်မည့် သတင်းများကို မဖော်ပြရန် တင်းကြပ်စွာ ဆင်ဆာဖြတ်လျက် ရှိသည်။ ထို့အတူ စစ်အစိုးရ၏ မျက်နှာသာပေးခြင်း ခံထားရသော စီးပွားရေးသမား ဦးဇော်ဇော်ဥက္ကဋ္ဌ အဖြစ် လုပ်ကိုင်နေသည့် မြန်မာ့ဘောလုံးအဖွဲ့ချုပ် (MFF) ကလည်း တရားဝင် သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်သည့် အခါများတွင် ပြည်တွင်းသတင်းထောက်များသတင်းရယူမှုကို တင်းကြပ်ထားသည်။ ဘောလုံး ပြိုင်ပွဲများ ပြုလုပ်သည့် အခါများတွင်လည်း သတင်းထောက်များကို အကန့်အသတ်ဖြင့်သာ ကွင်းအတွင်းသို့ ဝင်ရောက်ခွင့် ပြုလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။ 

MFF နှင့် နီးစပ်သော သတင်းရင်းမြစ်၏ အဆိုအရ MFF က ယင်းသို့ တင်းကြပ်မှုများ ပြုလုပ်နေခြင်းမှာ ပြည်ပအတိုက်အခံ မီဒီယာများက ဘောလုံးပွဲများအတွင်း ဘောလုံးသမား အချင်းချင်း၊ ပရိသတ် အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများကို ထုတ်လွှင့် ရေးသားသောကြောင့် ဖြစ်သည်။ 

MFF က ဦးစီးကျင်းပပေးသည့် ဘောလုံးပွဲများကို စိတ်ပါဝင်စားစွာ သတင်းဖော်ပြလိုသော မီဒီယာများ အနေဖြင့် တစ်တိုက်လျှင် သတင်းထောက်တစ်ဦးနှင့် သတင်းဓာတ်ပုံဆရာ တစ်ဦးစီ ဝင်ရောက်ခွင့်ပြုမည်ဟု ကြေညာချက် ထုတ်ပြန်ထားပါသည်။  

MFF က ယခုလို သတင်းစာဆရာများ အပေါ် ကန့်သတ်ချက်များ ပြုလုပ် နေခြင်းမှာ သတင်း လွတ်လပ်ခွင့် အတွက် အဟန့်အတားတစ်ခု ဖြစ်ကြောင်း သတင်းစာဆရာ ဟောင်းတစ်ဦး ဖြစ်သော ဦးဝင်းတင်က ဆိုပါသည်။ 

" MFF က ဂျာနယ်လစ်တွေရဲ့ လွတ်လပ်ခွင့် တွေကို ပိတ်ပင်နေပါတယ်။ အားကစားဆိုတဲ့ ကဏ္ဍကလည်း မီဒီယာတွေအတွက် အရေးကြီးပါတယ်။ ဒီပုံစံမျိုးနဲ့ဆိုရင် နောင်အနာဂတ်မှာ နိုင်ငံရေး၊ လူမှုစီးပွားရေး ကဏ္ဍတွေမှာ ပိုပြီးကန့်သတ်ပိတ်ပင်မှုတွေ လုပ်လာမှာကို စိုးရိမ်ရပါတယ်" ဟု ဦးဝင်းတင်က ပြောပါသည်။ 

"ပြည်ပမီဒီယာတွေက ဘောလုံးပွဲအတွင်း ကစားသမားအချင်းချင်း၊ ပရိသတ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားတဲ့ သတင်းကို ထုတ်လွှင့်ရေးသားနေကြလို့ တင်းကြပ်မှုတွေ လုပ်ရတာပါလို့ ကျွန်တော်တို့ကို ခေါ်ပြောပါတယ်။ စစ်အစိုးရက ဘောလုံးပွဲတွေမှာဖြစ်တဲ့ ပြဿနာတွေကို ဖုံးကွယ်ထားချင်တဲ့ သဘောရှိပါတယ်" ဟု ရန်ကုန်အခြေစိုက် သတင်းစာဆရာတစ်ဦးက Mizzima သို့ပြောပါသည်။  

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်သော ရန်ကုန်ယူနိုက်တက် နှင့် ရတနာပုံ ကလပ်အသတင်းတို့ ယှဉ်ပြိုင်ပွဲတွင် ခိုက်ရန်ဖြစ်ပွားမှု တစ်ရပ် ဖြစ်ပေါ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ အင်အား ၁၀၀ ခန့်ဖြင့် ဖြေရှင်းခဲ့ရကြောင်း သိရပါသည်။ အဆိုပါ ဖြစ်ရပ်ကို ပြည်တွင်းမီဒီယာများက ရေးသား ဖော်ပြခွင့် မရရှိခဲ့သော်လည်း ပြည်ပမီဒီယာများကမူ နေ့တွင်းချင်းပင် ကျယ်ပြန့်စွာ ထုတ်လွှင့် ရေးသားခဲ့ကြသည်။ 

Mizzima သတင်းဌာန၏ MNA stops providing Suu Kyi ကိုဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment