Transparency Myanmar

transparency.myanmar@gmail.com

Associated Press,30th – Feb – 2009

တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့် စစ်ဖက်ဆိုင်ရာ အပြန်အလှန် ဆက်ဆံမှုကို ရပ်ဆိုင်းလိုက်ပြီး အမေရိကန် ကာကွယ်ရေး ကုမ္ပဏီများကိုလည်း ယခင်က မလုပ်ဖူးသည့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက် လိုက်ပါသည်။

ထိုင်ဝမ်သို့ ဒေါ်လာ (၆.၄) ဘီလျံ တန်ဖိုးရှိ လက်နက်များ ရောင်းချပေးရန် စီစဉ်နေကြောင်း ဝါရှင်တန်က ကြေညာခဲ့ပြီးနောက်တွင် စနေနေ့က အထက်ပါအတိုင်း သတိပေးလိုက်ခြင်း ဖြစ်ပါသည်။

အမေရိကန်၏ သောကြာနေ့ ကြေညာချက် အပေါ် တရုတ်၏ တုန့်ပြန်မှုသည် လုံးဝ မျှော်လင့် မထားခြင်း မဟုတ်သော်လည်း မြန်ဆန်လွန်းပြီး ကြီးမားသော စိမ်ခေါ်မှုများကို ပုံမှန်ထက် ပို၍ တုန့်ပြန် ရင်ဆိုင်ရန် တရုတ်က စီစဉ်နေကြောင်း ရည်ညွှန်း ပြသနေပါသည်။ ယခု ကိစ္စသည် တရုတ် အမေရိကန် ဆက်ဆံရေးတွင် သတိကြီးစွာ ထားရမည့် ကိစ္စလည်း ဖြစ်နေပါသည်။

လက်ရှိနှစ်များအတွင်း တွေ့ဖူးသမျှတွင် အပြင်းထန်ဆုံး တုန့်ပြန်မှု ဖြစ်သည်ဟု International Crisis Group ၏ အရှေ့မြောက် အာရှ စီမံကိန်း ဒါရိုက်တာ Stephanie T. Kleine Ahlbrandt က ပြောကြားပါသည်။ ယခုကိစ္စနှင့် ပတ်သက်၍ အိုဘားမားထံမှ မည်သည့် ပုံစံဖြင့် တုန့်ပြန်လာမည် ဆိုသည်ကို တရုတ်က အမှန်တကယ် စောင့်ကြည့်နေပုံ ရပါသည်။

ပြည်မကြီးက ၎င်းပိုင်ဆိုင်ကြောင်း ကြေညာထားသော ထိုင်ဝမ်သို့ လက်နက်များ ရောင်းချမှုသည် တရုတ် အမေရိကန် ပူးပေါင်း ဆောင်ရွက်မှု အကုန်လုံးကို ပြင်းထန်စွာ ထိခိုက်စေသည်ဟု တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားကြောင်း နိုင်ငံပိုင် Xinhua သတင်းဌာနမှ ထုတ်ပြန်ပါသည်။ လက်နက် ထိန်းချုပ်ရေးနှင့် မဟာဗျူဟာ လုံခြုံရေးဆိုင်ရာ ဒုတိယ ဝန်ကြီးအဆင့် ဆွေးနွေးပွဲများကိုလည်း ဆိုင်းငံ့ထားလိုက်ပါသည်။

ယခုကဲ့သို့ သတိပေးမှု ထွက်ပေါ်လာခဲ့ခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေး အကျပ်အတည်းနှင့် မြောက်ကိုရီးယား၊ အီရန်ရှိ နျူကလီးယား အစီအစဉ်များ ရပ်ဆိုင်းရေး ကိစ္စများတွင် အမေရိကန်က ဘီဂျင်း၏ အကူအညီကို ယူခဲ့ရသောကြောင့် ဖြစ်ပါသည်။

ထို့အပြင် အင်တာနက် လွတ်လပ်ခွင့်များ၊ Google နှင့် တရုတ်နိုင်ငံအကြား အငြင်းပွားမှုများ အပေါ် အမေရိကန်၏ လတ်တလော မှတ်ချက်ပေး ဝေဖန်မှုများ အပါအဝင် သမ္မတ ဘားရက် အိုဘားမားနှင့် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်လားမားတို့ ယခုနှစ်တွင် တွေ့ဆုံမည့် အစီအစဉ်များကြောင့် တင်းမာမှုများ ရှိနှင့်နေခဲ့ပြီး ဖြစ်သည်။

ထိုင်ဝမ်သို့ Black Hawk ရဟတ်ယာဉ်များ၊ ပက်ထရီယော့ အဆင့်မြင့်စနစ် နံပါတ် (၃) ဒုံးကျည်များနှင့် အခြားလက်နက် ပစ္စည်းများ ရောင်းချခြင်းသည် မိမိတို့ နှစ်နိုင်ငံစလုံး မမြင်တွေ့လိုသော အကျိုးဆက်များ ဖြစ်ပွားစေလိမ့်မည်ဟု တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဟီယာဖိုင်က အမေရိကန် သံအမတ်ကြီး John Huntsman ကို ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယခင် ထိုင်ဝမ်သို့ လက်နက် ရောင်းချမှုများတွင် မဖြစ်ခဲ့ဖူးသော အရေးယူ ပိတ်ဆို့မှုများ ချမှတ်မည် ဖြစ်ကြောင်း ယခု လက်နက် ရောင်းချမှုတွင် ပါဝင်သည့် အမေရိကန် ကုမ္ပဏီများကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ခြိမ်းခြောက် လိုက်ပါသည်။

မိမိတို့၏ ဆောင်ရွက်ချက်သည် ဒေသတွင်း တည်ငြိမ်မှု ရှိစေရန် မိမိတို့ ကတိပေးထားခြင်း အပေါ် ထိုင်ဝမ်က အကူအညီ တောင်းခံမှုနှင့် သက်ဆိုင်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှသို P.J Crowley က စနေနေ့တွင် ပြောကြားပါသည်။ တရုတ်နိုင်ငံမှာ ကွဲပြား ခြားနားတဲ့ အမြင်ရှိတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တရုတ်နဲ့ ကျယ်ပြန့်တဲ့ ဆက်ဆံရေး ရှိခဲ့ပြီးသားပါ။ အခုကိစ္စကို အရင်တုန်းကလိုဘဲ စီမံခန့်ခွဲသွားမှာပါဟု ၎င်းက ဆိုပါသည်။

အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်၏ အရေးကြီးဆုံး မဟာမိတ်နှင့် အများဆုံး လက်နက် ရောင်းချပေးသူ ဖြစ်ပြီး တရုတ်၏ ခြိမ်းခြောက်မှု အပေါ် ထိုင်ဝမ်က တုန့်ပြန်ရာတွင် ကူညီရန် ဥပဒေလည်း ရှိခဲ့ပြီး ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ၊ မည်သည့် လက်နက် ရောင်းချမှုမျိုးကို မဆို၊ တရုတ်က ဒေါသတကြီး တုန့်ပြန်မည်သာ ဖြစ်သည်။ ယခင် သမ္မတ ဘွတ်ရှ် အစိုးရက ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ဖိုးရှိသည့် လက်နက်များ ထိုင်ဝမ်သို့ ရောင်းချရန် ကြေညာခဲ့ပြီးနောက် ၂၀၀၈ တွင် အမေရိကန်နှင့် စစ်ဖက် ဆက်ဆံရေးကို တရုတ်က ဖြတ်တောက်ခဲ့ပြီး ဖြစ်သည်။

ယခုတစ်ကြိမ်တွင်လည်း အလားတူ စစ်ဖက် ဆက်ဆံရေး ဖြတ်တောက်မှုမျိုးကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း နှစ်နိုင်ငံ လက်နက်ကိုင် တပ်ဖွဲ့များအကြား ပုံမှန် အေးစက်သော ဆက်ဆံရေးကို တိုးတက်လာစေရန် ဝါရှင်တန်နှင့် ဘီဂျင်းက အလိုရှိနေသော အချိန်တွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဘီဂျင်းနှင့် ယုံကြည်မှု တည်ဆောက်ရန်၊ တရုတ်၏ ကြီးမားသော စစ်ရေး တည်ဆောက်မှု ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ပိုမို သိရှိရန် အမေရိကန်က စစ်ဖက် အလည်အပတ် ခရီးစဉ်များ အသုံးပြု၍ ကြိုးစားခဲ့ခြင်း ဖြစ်သည်။

အရင်ကတော့ အခုလို ရပ်ဆိုင်းမှုမျိုးဟာ (၃ လ) ကနေ (၆ လ) အထိပဲ ကြာတတ်ပါတယ်။ အဲဒီနောက်ပိုင်း စစ်တပ်ချင်း ဆက်ဆံရေးရဲ့ အပိုင်း တချို့လောက်ပဲ ဆိုင်းငံ့မှု ရှိတာပါဟု ဝါရှင်တန် National Defense University မှ နာမည်ကျော် သုတေသန ပညာရှင် Phillip Saunders က ပြောကြားပါသည်။ ယခုအကြိမ်တွင်လည်း အလားတူသာ ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုပါသည်။

သမ္မတ ဟူကျင်းတောင် မျှော်လင့်ထားသော ယခုနှစ် အမေရိကန် ခရီးစဉ် (သို့) ယခုနှစ် နွေဦး အမေရိကန်တွင် ပြုလုပ်မည့် နျူကလီးယား လုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲကို ယခု လက်နက် ရောင်းချမှုက သက်ရောက်မှု ရှိမရှိကိုမူ မသိနိုင်သေးပါ။

ဘီဂျင်းသည် ၎င်းအသစ် တွေ့ရှိထားသော ပါဝါနှင့် ကမ္ဘာရေးရာများတွင် ယုံကြည်မှု ရှိလာခြင်းကို ပြသရန် အမေရိကန် ပြည်ထောင်စုကို ပညာပေးမည့် အစီအစဉ်များ ရှေ့ဆက်၍ လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု တရုတ်ရေးရာ ကျွမ်းကျင်သူများက သတိပေးထားပါသည်။

China's Renmin University မှ နိုင်ငံတကာ လေ့လာရေး ပါမောက္ခ Jin Canrong ကမူ ယခု လက်နက် ရောင်းချမှုကြောင့် ဘီဂျင်းအား လက်နက် စမ်းသပ်မှု အရှိန်မြှင့်တင်ရန် မျှတ၍ စစ်မှန်သည့် အကြောင်းပြချက် ရရှိသွားလိမ့်မည်ဟု ပြောကြားပါသည်။ လတ်တလော သီတင်းပတ်များ အတွင်း ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ် အတွက် တရုတ်က ဒုံးကျည် စမ်းသပ် စေလွှတ်ခြင်းသည် ယခုလာမည့် လက်နက် ရောင်းချမှု အပေါ် စိတ်ဆိုးကြောင်း ပြသခြင်း ဖြစ်သည်ဟု လုံခြုံရေး ကျွမ်းကျင်သူများက ဆိုပါသည်။

ဒီကိစ္စအတွက် အမေရိကန်ဟာ တန်ဖိုးတစ်ခုတော့ ပေးဆပ်ရပါလိမ့်မယ်။ တူညီတဲ့ တုန့်ပြန်မှု အချို့ကို တရုတ်က လုပ်တော့မှာပါ။ မြောက်ကိုရီးယားနဲ့ အီရန် နျူကလီးယား ကိစ္စတွေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်မှု လျော့ချတာမျိုးပေါ့။ အခုကို စနေပါပြီဟု Jin က ဆက်လက် ပြောကြားပါသည်။

ယခု နောက်ဆုံး စစ်ဖက် ဆက်ဆံရေး ရပ်ဆိုင်းမှုအရ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates နှင့် အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဌ ရေတပ် ဗိုလ်ချုပ်ကြီး Michael Mullen တို့ စီစဉ်ထားသော တရုတ်ပြည် ခရီးစဉ်ကို သက်ရောက်မှု ရှိနိုင်ပြီး တရုတ် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chen Bingde ၏ အမေရိကန် ခရီးစဉ်ကိုလည်း ဖျက်သိမ်းနိုင်ဖွယ် ရှိနေပါသည်။

ယခု နောက်ဆုံး ထိုင်ဝမ်သို့ လက်နက် ရောင်းချခြင်းကို ရှေ့ဆက် မဆောင်ရွက်မီ အမေရိကန် ကွန်ဂရက် လွှတ်တော်က မှတ်ချက်ပေးရန် ရက် (၃၀) အချိန် ရပါသည်။ ယခု ရောင်းချမှုမျိုးကို လွှတ်တော် အမတ်များက ထောက်ခံခဲ့သည့် အစဉ်အလာ ရှိပါသည်။

လွန်ခဲ့သော (၂) နှစ်က ထိုင်ဝမ် သမ္မတ မာရင်ကျိုး အာဏာရလာပြီးနောက် တရုတ် -  ထိုင်ဝမ် ဆက်ဆံရေး နွေးထွေး လာခဲ့သည်ဟု ဆိုနိုင်သော်လည်း အကယ်၍ ထိုင်ဝမ်က လုံးဝ လွတ်လပ်ရေးကို တရားဝင် ကြေညာမည် ဆိုပါက ဝင်ရောက် သိမ်းပိုက်မည်ဟု ဘီဂျင်းက ခြိမ်းခြောက် ထားပါသည်။ တရုတ်က ပဲထိန်း ဒုံးကျည် (၁၀၀၀) ကျော်ဖြင့်လည်း ထိုင်ဝမ်ကို ချိန်ရွယ် ထားပါသည်။

ထိုင်ဝမ်သို့ လက်နက် ရောင်းချမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည်ဟု တရုတ်က မကြာခဏ အငြင်းပွားခဲ့သော်လည်း ယခု ရောင်းချမှုနှင့် ၂၀၀၈ ရောင်းချမှုများ မရှိခဲ့လျှင်လည်း အပြန်အလှန် ဆက်ဆံရေးမှာ လုံးဝ ကောင်းလာမည် မဟုတ်ပါဟု Saunders က ပြောကြားပါသည်။

သောကြာနေ့က ကြေညာသော ရောင်းချမည့် လက်နက်များတွင် ပြဿနာ မီးပွားတစ်ခုကို ရှောင်ရှား ထားပါသည်။ ထိုင်ဝမ်က လိုချင်နေသော ပိုမို အဆင့်မြင့်သည့် F-16 တိုက်လေယာဉ်များ အဆိုပါ စာရင်းတွင် မပါဝင်ပါ။

ပင်တာဂွန် ဆုံးဖြတ်ချက်တွင် ထိုင်ဝမ်က အလွန်အမင်း လိုချင်နေသည့် ပစ္စည်း (၂) ခု ဖြစ်သော ဂျက်တိုက်လေယာဉ်များနှင့် ဒီဇယ်သုံး ရေငုတ်သင်္ဘော အတွက် ဒီဇိုင်းများ မပါဝင်ခြင်းသည် တရုတ်နိုင်ငံ၏ တုန့်ပြန်မှုနှင့် ပတ်သက်၍ အိုဘားမား အစိုးရက အလွန် စိုးရိမ်နေကြောင်းကို ပြသခြင်းပင် ဖြစ်သည်ဟု တိုင်ပေ Tamkang University မှ ကာကွယ်ရေး ကျွမ်းကျင်သူ ဝမ်ကိုချိန်က မှတ်ချက် ပေးပါသည်။

ယခု ဝယ်ယူမည့် လက်နက်များသည် ခုခံ ကာကွယ်ရန်သာ ဖြစ်ပြီး ကျူးကျော်ရန် မဟုတ်သောကြောင့် ပြည်မကြီး အနေနှင့် ဒေါသမထွက်သင့်ဟု ထိုင်ဝမ် သမ္မတ မာရင်ကျိုးက သတင်းထောက်များအား စနေနေ့တွင် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment