Transparency Myanmar

transparency.myanmar@gmail.com

ဇန်နဝါရီ လကုန်ခန့်တွင် မြန်မာစစ်အစိုးရ၏ ထိပ်တန်း စေ့စပ်ညှိနှိုင်းရေးမှူး ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တို့အကြား တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ KIA သည် အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် တပ်ဖွဲ့များအနက် တစ်ခု ဖြစ်ပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ဦးဆောင်ပြုလုပ်မည့် အဆိုပါ စေ့စပ်ညှိနှိုင်းမှုသည် ၂၀၁၀ အတွင်း အပစ်အခတ် ရပ်စဲထားသော အုပ်စုများနှင့် ပထမဆုံး ပြုလုပ်သည့် ဆွေးနွေးပွဲ တစ်ရပ်ပင် ဖြစ်ပါသည်။ ယခင်က စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး ဌာနဟု အများက သိရှိထားသော ယခုစစ်ဘက် ဆိုင်ရာ လုံခြုံရေးဌာန အကြီးအကဲ ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်သည် နယ်ခြား ဒေသစောင့်တပ် ဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်၍ ၎င်းနှင့် အဆင့်ချင်း တူသော KIA ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ KIA အဖွဲ့နှင့် နီးစပ်သော သတင်းရပ်ကွက်က ဆိုပါသည်။

"မြစ်ကြီးနားမှာ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ အစည်းအဝေးတုန်းက ဗိုလ်ချုပ်စိုးဝင်းက ဒီနှစ် ဆန်း ပိုင်းထဲမှာ နောက်ထပ် တွေ့ဆုံမှုပြုလုပ်မယ်လို့ ကချင် ကိုယ်စားလှယ်တွေကို ပြောသွား ခဲ့ပါတယ်" ဟု ထိုင်းနိုင်ငံအခြေစိုက် KIO အဖွဲ့၏ နိုင်ငံတကာရေးရာ ဒုတိယအကြီးအကဲဖြစ်သူ James Lum Dau က ပြောကြားပါသည်။

မြန်မာစစ်အစိုးရ အရာရှိများနှင့် ကချင် ကိုယ်စားလှယ်များသည် ၂၀၀၉ ခုနှစ်က ၁၀ ကြိမ်ခန့် အထိ တွေ့ဆုံပြီး နယ်ခြားဒေသစောင့်တပ် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ နောင် ကာလတွင်လည်း အလားတူ ကိစ္စများကိုသာ အဓိကထား ဆွေးနွေးကြလိမ့်မည်ဟု ယူဆမိကြောင်း ၎င်းက ပြောပါသည်။

ဗိုလ်ချုပ်စိုးဝင်း ဦးဆောင်သော မြန်မာအဖွဲ့နှင့် ကချင် ခေါင်းဆောင်များသည် ဒီဇင်ဘာ ၃၀ ရက်နေ့က မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ကချင် နယ်ခြားဒေသစောင့် တပ် ထားရှိရေး အစီအစဉ်ကို မြန်မာအစိုးရဘက်က ၂၀၀၉ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ အချိန် သတ်မှတ်ချက်ကို လျှော့ပေါ့ သတ်မှတ်ပေးခဲ့သည်။

ကချင် တိုင်းရင်းသားတို့သည် ၁၉၄၇ ခုနှစ်၊ ပင်လုံ သဘောတူစာချုပ်၏ အခြေခံ သဘောတရားကို လိုလားကြသည်။ ယင်းပင်လုံစာချုပ်သည် အရှေ့တောင်အာရှ ဒေသတွင်း ဖက်ဒရယ် ပြည်ထောင်စု တစ်ခုဖြစ်ရန် အခြေခံထားသည့် သဘောတူညီချက် ဖြစ်သည်။

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသတို့တွင် အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့မှာ 'ဝ' ပြည်နယ် ညီညွတ်ရေး တပ်ဖွဲ့ (UWSA) ဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အား ၂၀၀၀၀ ခန့်ရှိသည်။

ဝ နှင့်အတူ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့သည် လည်း ယနေ့အချိန် အထိ နယ်ခြား ဒေသစောင့်တပ်ဖွဲ့ ပြောင်းလဲဖွဲ့စည်းရန် သဘောတူညီမှု မပြုလုပ်သေးပေ။

ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေ၊ စည်းမျဉ်း စည်းကမ်း များကို ယနေ့အချိန်အထိ ထုတ်ပြန် ကြေညာခြင်း မရှိနိုင်ဘဲ ဖြစ်နေရာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်နက်ကိုင် အုပ်စုများအကြား နယ်ခြား ဒေသစောင့်တပ် ဖွဲ့စည်းမည့် အစီအစဉ် သည်လည်း အဆိုပါ ရွေးကောက်ပွဲအတွက် စိန်ခေါ်မှု တစ်ရပ်ကဲ့သို့ ဖြစ်နေပါသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် မြန်မာစစ်အစိုးရက နယ်ခြား ဒေသစောင့်တပ်ဖွဲ့ ပြောင်းလဲဖွဲ့စည်းရေး အဆိုပြုချက်ကို ပယ်ချခဲ့သည့် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့များအပေါ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် နည်းတူ အခြားသော အပစ်အခတ် ရပ်စဲရေး လက်နက်ကိုင် တပ်ဖွဲ့များ သည်လည်း ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ကြောင်း လေ့လာ အကဲခတ်သူများက ပြောကြားသည်။

"လောလောဆယ်မှာတော့ နယ်စပ်ဒေသ အခြေအနေက ပုံမှန်ပါပဲ။ မြန်မာစစ်တပ်က နယ်စပ် ဒေသမှာ စစ်ဆင်နွှဲဖို့ ပြင်ဆင်နေတာမျိုး မရှိပါဘူး" ဟု တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီတွင် နေထိုင်သော မြန်မာ့စစ်ရေး လေ့လာသုံးသပ်သူ ကိုအောင်ကျော်ဇောက ပြောပါသည်။

"အခြေအနေကို ကြည့်ရတာ စစ်အစိုးရနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ငြိမ်းချမ်းမှုရှိမယ့် အဖြေမျိုး ထွက်လာဖို့အတွက် စေ့စပ်ညှိနှိုင်း နေကြတယ်လို့ ထင်ပါတယ်" ဟု ၎င်းက ဆိုသည်။ ပြီး ခဲ့သည့် ရက်သတ္တပတ်သည် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများမှ အရေး ကိစ္စများကို ဖြေရှင်း ပေးနေသော မြန်မာစစ်အစိုးရမှ တိုင်းမှူးများအတွက် လွန်စွာ အလုပ်ရှုပ်ခဲ့သော အချိန် ကာလတစ်ခု ဖြစ်ခဲ့သည်။

နယ်ခြား ဒေသစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရန် သဘောမတူသေးသော အဖွဲ့အစည်းများ နှင့် ပတ်သက်၍ အလုပ်များခဲ့ကြခြင်း ဖြစ်သည်။ မြန်မာစစ်တပ်၏ အထူး စစ်ဆင်ရေး ဗျူရို (BSO) အမှတ်-၁ ၏ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး တင်အေးသည်လည်း ကချင်ပြည်နယ် ဒေသတစ်လျှောက် သွားရောက်လှည့်ပတ်ပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ဆိုင်ရာ စီမံကိန်းများကို မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့်အတူ စစ်ဆေးခဲ့ကြသည်။

ထို့အတူ အထူးစစ်ဆင်ရေး ဗျူရို အမှတ် ၂ မှ အကြီးအကဲ ဗိုလ်ချုပ် မင်းအောင်လှိုင် သည်လည်း ရှမ်းပြည်နယ်သို့ သွားရောက်ခဲ့သည်။

Irrawaddy သတင်းကို ဘာသာပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment