Transparency Myanmar

transparency.myanmar@gmail.com

The Seoul Times,By John Smith Thang,1st Feb 2009

အမေရိကန် အစိုးရသည် မြန်မာ အစိုးရကို ရန်သူအဖြစ် ဆက်ဆံလာခဲ့သည်မှာ ကြာပြီ ဖြစ်ပါသည်။ သို့သော် ပြီးခဲ့သည့်နှစ် သြဂုတ်လ (၁၅ - ၁၆) ရက်များက အမေရိကန် ဆီးနိတ် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဥက္ကဌ ဆီနိတ်တာ James Webb ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ကက်ဘိနက် အဖွဲ့ဝင်များက နွေးထွေးစွာ ကြိုဆို လက်ခံ ခဲ့ကြပါသည်။

ထို့အတူပင် မနှစ်က နွေရာသီ အစောပိုင်းတွင် အမေရိကန် သမ္မတဟောင်း Bill Cliton သည် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ကြောင်း မီဒီယာများတွင် တွေ့ရပါသည်။ အဆိုပါ အဖြစ်အပျက်သည် အမေရိကန်က အာဏာရှင် မြောက်ကိုရီးယား အပေါ် ထားရှိသော အမေရိကန်၏ စံနှစ်မျိုး (double – standard) ၏ သဘာဝကို ရှင်းရှင်းလင်းလင်း ပြသခြင်းပင် ဖြစ်ပါသည်။

အမေရိကန် ဆီနိတ်တာ၏ မြန်မာနိုင်ငံသို့ သွားရောက်သော ခရီးစဉ်သည်လည်း အာဏာရှင် မြန်မာနိုင်ငံ အစိုးရအပေါ် အမေရိကန်၏ ဆက်ဆံရေး အတွက် ပထမခြေလှမ်း အဖြစ် ရှုမြင်ရပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာ ဆက်လက် ဆုပ်ကိုင်ထားရေး အတွက် အခွင့်ကောင်းတစ်ခုပင် ဖြစ်ပါသည်။

မကြာမီမှာပင် မြန်မာ အစိုးရသည် အမေရိကန်တို့နှင့် ဆက်ဆံရေးကို စတင်ခဲ့ပါသည်။ မြန်မာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် (၆၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ သွားရင်း ၂၀၀၉ ခုနှစ် စက်တင်ဘာ (၂၈) ရက်တွင် အမေရိကန် အာဏာပိုင်များနှင့် တွေ့ဆုံပါသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ကလည်း ၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၃ - ၄) ရက်များတွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာခေါင်းဆောင်များနှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရေးယူမှုများ ရုတ်သိမ်းရေးကို ဆွေးနွေး ခဲ့ပါသည်။ မြန်မာ ခေါင်းဆောင်များကလည်း အရေးယူမှုများ ရုတ်သိမ်းရေးကို စိတ်အား ထက်သန် ခဲ့ပါသည်။

မြန်မာ အစိုးရသည် နိုင်ငံတကာ ဖိအားပေးနေမှုများ ကြားမှ နှစ်ပေါင်း နှစ်ဆယ် အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကတိပြုခဲ့ပါသည်။ သို့သော် ယခုအချိန်အထိမူ လေသံပစ်ရုံသာ ရှိပါသေးသည်။ မြန်မာ အစိုးရသည် ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ကြေညာခြင်းဖြင့် ကမ္ဘာ့အသိုင်းအဝိုင်းတွင် မြန်မာသည် ဒီမိုကရေစီ လုပ်ငန်းစဉ်များကို ပြုလုပ်နေကြောင်း ပြသလိုခြင်း ဖြစ်ပေသည်။

သို့သော် ပြဿနာ တစ်ခုမှာ ၎င်းတို့သည် မည်သည့် ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းများကို ရွေးကောက်ပွဲအား လေ့လာကြည့်ရှုရန် ခွင့်ပြုလိမ့်မည် မဟုတ်သော အချက် ဖြစ်ပါသည်။

မြန်မာ အစိုးရသည် အမှားများ ပါဝင်သော၊ အားနည်းချက်များ ရှိသော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့ပြီး၊ အဆိုပါ အခြေခံ ဥပဒေ အသစ်အရ ပါလီမန်၏ လေးပုံတစ်ပုံသော နေရာကို စစ်တပ်မှ ယူထားသည်ကို တွေ့ရပါသည်။

ယမန်နှစ်က ကိုရီးယားနိုင်ငံ ဆိုးလ်တွင် ကျင်းပသော World Democratization for Asia ၏ နှစ်ပတ်လည် အစည်းအဝေးတွင် မြန်မာ အစိုးရ၏ ရွေးကောက်ပွဲနှင့် အခြေခံ ဥပဒေ အသစ်ကို ကန့်ကွက် ခဲ့ကြပါသည်။ အာရှရှိ နိုင်ငံပေါင်း (၂၈) နိုင်ငံမှ ဒီမိုကရေစီ အတွက် စုဝေးရာသို့ လူ (၃၀၀) ခန့် တက်ရောက် ခဲ့ပါသည်။

မြန်မာ အစိုးရ ရေးဆွဲထားသော ဒီမိုကရေစီ လမ်းပြ မြေပုံသည် အမှန်တကယ်တွင် စစ်တပ် အုပ်ချုပ်ရေးကို တရားဝင်အောင် ပြုလုပ်ထားခြင်းပင် ဖြစ်ပါသည်။

ယခု အမေရိကန် အစိုးရက မြန်မာ အစိုးရနှင့် စီးပွားရေးအရ အရေးယူမှုများ ရုတ်သိမ်းရေး အတွက် စတင် စကားပြောကြသည် ဆိုသောအခါ ထူးဆန်း နေပေသည်။ ထို့ကြောင့်ပင် ထိုအကြောင်းအရာသည် ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ ပညာရှင်များနှင့် မြန်မာနိုင်ငံရေး စိတ်ဝင်စားသူ ကမ္ဘာအနှံ့မှ ပုဂ္ဂိုလ်များ၏ အာရုံပြုမှုကို ဆွဲဆောင် နိုင်ခဲ့ပါသည်။

မူလအစအားဖြင့် မြန်မာနိုင်ငံမှ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီသည် နိုင်ငံတကာ အသိုင်းအဝိုင်းအား မြန်မာနိုင်ငံ အပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သူများ ဖြစ်ပါသည်။ သူမက စီးပွားရေး ပိတ်ဆို့မှုကို သူမ၏ အကြမ်းမဖက်သော မဟာဗျူဟာ နည်းလမ်းတစ်ခု အဖြစ် တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။

၂၀၀၄ ခုနှစ် မတ်လက ထုတ်ပြန်သော Burma Campaign UK ၏ အစီရင်ခံစာအရ NLD သည် နိုင်ငံတကာ အသိုင်းအဝိုင်းကို မြန်မာ အာဏာရှင် အစိုးရ အပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် တောင်းဆိုခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ဧရာဝတီ သတင်းဌာနတွင် ဖော်ပြထားသော ဇာနည်၏ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ၏ ခေါင်းဆောင်မှုသည် သူမ ၁၉၉၅ ခုနှစ် ဇူလိုင်လ နေအိမ် အကျယ်ချုပ်မှ လွတ်လာပြီးနောက် အရေးယူ ပိတ်ဆို့ရေး လှုပ်ရှားမှုတွင် များစွာ ပါဝင် ပတ်သက်မှုများ ရှိခဲ့သည်ဟု ဖော်ပြထားပါသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အကြံပေးလည်းဖြစ်၊ NLD ၏ CEC လည်းဖြစ်သော ဦးဝင်းတင်ကလည်း စီိးပွားရေး ပိတ်ဆို့မှုကို ထောက်ခံခဲ့ပါသည်။

၎င်းက အရေးယူ ပိတ်ဆို့မှုများသည် အတိုင်းအတာ တစ်ခုအထိ ထိရောက်မှု ရှိကြောင်း ပြောပါသည်။

ထို့အတူပင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ (၉) ရက်နေ့က အမေရိကန် သံရုံး တာဝန်ခံ Larry M. Dinger၊ ဗြိတိန် သံအမတ် Andrew Heyn နှင့် သြစတြေးလျ မစ်ရှင် ဒုတိယ ခေါင်းဆောင် Simon Starr တို့နှင့် တစ်နာရီခန့်ကြာ အံ့သြဖွယ် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံမှုကို အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell လာရောက်ပြီးနောက် မြန်မာ အစိုးရ အာဏာပိုင်များက စီစဉ်ပေးပြီး၊ အချက်အလက် ရှာဖွေရေး ဆွေးနွေးမှုဟု ဆိုပါသည်။

အမှန်တကယ်လည်း စီးပွားရေး ပိတ်ဆို့ အရေးယူမှုများသည် မြန်မာနိုင်ငံမှ စစ်အာဏာရှင်များကို ဒဏ်ခတ်ရာတွင် အသုံးမဝင်လှပေ။ အစကတည်းက နိုင်ငံရေး လှုပ်ရှားသူ အတော်များများက အရေးယူ ပိတ်ဆို့မှုများကို သဘောမတူခဲ့ကြပေ။

တောင်ကိုရီးယား အခြေပြု Chin Democracy and Human Rights Network ၏ အကြံပေး ဖြစ်သူ တိုင်းရင်းသား ဥပဒေ ပညာရှင် Pu Khan En Thang က ပြောကြားရာတွင် အကြမ်းမဖက်ရေး  အစီအစဉ်ဖြစ်သော စီးပွားရေး အရေးယူ ပိတ်ဆို့မှုများသည် မြန်မာ အစိုးရ အပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိကြောင်း ပြောခဲ့ပါသည်။

အရေးယူမှုများသည် မြန်မာ အစိုးရ၏ သဘောထား တင်းမာသော ခေါင်းဆောင်များကို ပြောင်းလဲအောင် မလုပ်နိုင် ဆိုသည်ကို နားလည် လွယ်လိမ့်မည် ဖြစ်ပါသည်။

အနောက်နိုင်ငံများက အရေးယူမှုများ ချမှတ်ထားသော်လည်း တရုတ်၊ အိန္ဒိယနှင့် အာဆီယံ နိုင်ငံများသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာကျသော တည်ရှိနေမှု၊ သဘာဝ အရင်းအမြစ်များ ကြွယ်ဝမှု တို့ကြောင့် ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေခဲ့ပါသည်။

အနောက်နိုင်ငံများ၏ အရေးယူမှုများသည် အစိုးရကို မထိခိုက်ပဲ၊ မြန်မာ ပြည်သူများကိုသာ တိုက်ရိုက် ထိခိုက်ပြီး၊ အဆိုးဝါးဆုံး စီးပွားရေး အခြေအနေများကို ခံစားကြရပါသည်။

ထို့ကြောင့် ယခုအချိန်သည် မြန်မာနိုင်ငံမှ တိုင်းရင်းသား အဖွဲ့များ ဒီမိုကရေစီ လှုပ်ရှားသူများသည် အတူတကွ ပူးပေါင်း၍ ခိုင်မာ စုစည်းသော မူဝါဒများ ချမှတ်၍ အရေးယူမှုများ ရုတ်သိမ်းရေးကို တောင်းဆိုရန် အချိန်တန်နေပြီ ဖြစ်ပါသည်။

အချို့ ကောလဟာလများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးလိမ့်မည်ဟု ဆိုနေရာ သူမ အနေဖြင့် အာဏာရှင် စနစ်ကို တိုက်ဖျက်ရန် ပို၍ အင်အား ရှိစေသင့်ပါသည်။

သူမသည် အကြမ်းမဖက်သည့် သူမ၏ မူဝါဒကို ပြန်လည် ပုံသွင်းရန် လိုအပ်ပြီး၊ စီးပွားရေး အရေးယူမှုများ၏ လုပ်နိုင်စွမ်းရည်ကို ပြန်လည် စဉ်းစားသင့်ပေသည်။ စီးပွားရေး အရေးယူမှုများမှာ ရုတ်သိမ်းသင့်နေပြီ ဖြစ်ပါသည်။

သူမ ကိုယ်တိုင်ကလည်း ၂၀၀၉ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ အရေးယူမှုများ ရုတ်သိမ်းရေးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း စာရေးသား ပေးပို့ခဲ့ပါသည်။

အမေရိကန် အစိုးရ အနေဖြင့် ၎င်း၏ စီးပွားရေး အရေးယူ ပိတ်ဆို့မှုများကို ရုတ်သိမ်းသင့်ပြီး၊ မြန်မာ အစိုးရ အပေါ် အခြား ပိုမို ပြင်းထန်သော ဖိအားပေးနိုင်သည့် နည်းလမ်းများကို သုံးသင့်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု အစစ်အမှန်များ ဖြစ်ပေါ်ရေး အတွက် အဆက်မပြတ် နားချနေရေးသည် အရေးကြီးလှပါသည်။

ယခု လောလောဆယ်တွင်မူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အနှစ်သာရများ ပျောက်ဆုံး နေပါသည်။ ပုံနှိပ်စာပေ လွတ်လပ်ခွင့် မရှိ။ တရားစီရင်ရေး လွတ်လပ်ခွင့် မရှိ။ ယခု အခြေအနေဖြင့်တော့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာနိုင်မည် မဟုတ်ပေ။

အမေရိကန် အစိုးရ အနေဖြင့် မြန်မာ အာဏာရှင်များ၏ လှည့်ကွက်များကို ဂရုပြုသင့်ကြသည်။ သို့မဟုတ်လျှင် မြန်မာနိုင်ငံ၏ အနာဂါတ်သည် မြောက်ကိုရီးယားကဲ့သို့  ဖြစ်သွားမည်ကို စိုးရိမ်ရပေသည်။ မြောက်ကိုရီးယားတို့သည် နာမည်တွင် ပြည်သူ့ ဒီမိုကရက်တစ် ကိုရီးယားဟု ဆိုသော်လည်း ကမ္ဘာပေါ်တွင် ဒီမိုကရေစီ အနည်းဆုံး နိုင်ငံတစ်ခု ဖြစ်နေပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment