Transparency Myanmar

transparency.myanmar@gmail.com


အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားသည် ၂၀၁၁ ခုနှစ်အတွက် ဘဏ္ဍာငွေ အသုံးစာရင်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ လူသားချင်း စာနာထောက်ထားမှုအစီအစဉ်နှင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ ကူညီရေး ကိစ္စများအတွက် အသုံးပြုနိုင်ရန် အမေရိကန်ဒေါ်လာ ၃၆ ဒဿမ ၅ သန်း လျာထားကြောင်း သိရပါသည်။

သမ္မတ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့၏ "စီးပွားရေးထောက်ပံ့မှုရန်ပုံငွေ" ဟူသော ခေါင်းစဉ်ဖြင့် ယင်းကဲ့သို့ အသုံးပြုရန် လျာထားငွေများကို မြန်မာနိုင်ငံပြည်တွင်း အတွက်သာမက ပြည်ပတွင် လှုပ်ရှား ဆောင်ရွက်နေကြသော မြန်မာကျောင်းသား အစုအဖွဲ့များ နှင့် အခြား အမည်မဖော်ပြလိုသော အဖွဲ့အစည်းများ ကိုပါ ထောက်ပံ့ ကူညီမည်ဖြစ်ပါသည်။

အဆိုပါ အဆိုပြုဘတ်ဂျက်ငွေကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ပိုင်းတွင် စတင်မည်ဖြစ်ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်သို့ သဘောတူညီချက် ရရှိနိုင်ရန် တင်ပြထားသည်ဟု ဆိုပါသည်။

 အမေရိကန် သမ္မတ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့သည် "လူဝင်မှုနှင့် ဒုက္ခသည်များ စောင့်ရှောက်ရေး" ဟူသော ခေါင်းစဉ်ဖြင့် မြန်မာဒုက္ခသည်များအား ကူညီရန် အပိုဆောင်းငွေဒေါ်လာ ၄ သန်း ထောက်ပံ့ဦးမည် ဖြစ်ပါသည်။

ယင်းထောက်ပံ့မှုကို ထိုင်းနိုင်ငံတွင် အစုအဖွဲ့များဖွဲ့၍ ဆောင်ရွက်လျက် ရှိသူများအား အစာရေစာ၊ ဆေးဝါးနှင့် လူသားချင်း ညှာတာထောက်ထားမှုဆိုင်ရာ အကူအညီများအဖြစ် ပေးအပ်သွားမည် ဖြစ်သည်။ ယင်းသည် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ နယ်စပ်ဒေသတွင် စားဝတ်နေရေး အခက်အခဲများဖြင့် ရင်ဆိုင်နေရပြီး အတည်တကျ နေထိုင်ခွင့် မရရှိကြသည့် ဒုက္ခသည်များ အတွက်ဖြစ်သည်။

မြန်မာနိုင်ငံအား ထောက်ပံ့ရေး ဘတ်ဂျက်ဖြစ်သော အဆိုပါ အထောက်အပံ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒနှင့် ရည်မှန်းချက်များအား တစိုက်မတ်မတ် အကောင်အထည် ဖော်လျက်ရှိသော ကိုယ်စားလှယ်များကို ထောက်ပံ့ရန်လည်း ရည်ရွယ်သည်ဟု လည်းသိရပါသည်။

အိုဘားမား အုပ်ချုပ်ရေးအဖွဲ့သည် ယင်းသို့ ငွေကြေးထောက်ပံ့မည့် ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာက ပြစ်တင် ဝေဖန်မှုများ ပြုလုပ်လာပါက ကန့်ကွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။ ဤအချိန်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က "ခုလို ထိထိရောက်ရောက် ထောက်ပံ့လိုက်ခြင်းဖြင့် အမေရိကန်-မြန်မာ ဆက်ဆံရေး ပိုပြီးအားကောင်းလာမှာပါ" ဟုပြောကြားပါသည်။

ထို့ပြင် "ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံကို အာဏာရှင် စနစ်အောက်က လွတ်မြောက်ပြီး အထီးကျန် မဖြစ်စေဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ပပျောက်စေလိုတာ အမှန်ပါ။ ဒီလိုပြောင်းလဲ တိုးတက်မှု တွေကို မြင်ချင်လှပါတယ်။ အမေရိကန် အနေနဲ့ မြန်မာနဲ့ ဆက်ဆံရေး ကောင်းမွန်အောင်လုပ်ဖို့ အဆင်သင့်ပါ။

ဒါကြောင့်အခုလို လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပေးဖို့စီစဉ်တာပါ။ ဒါပေမဲ့ စောစောကပြောတဲ့ ကိစ္စတွေ အကောင်အထည် ပေါ်လာတာကိုတော့ အရင်တွေ့မြင်ချင်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ လိုပါတယ်။

ဒါမှလည်း ပြည်သူအများစုရဲ့ ဆန္ဒနဲ့အညီ သူတို့တင်မြှောက်လိုတဲ့ ခေါင်းဆောင်ကို ရွေးချယ် တင်မြှောက်နိုင်မှာပါ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေး အကျဉ်းသမား တွေကိုလည်း ချက်ချင်းလွှတ်ပေးစေချင်ပါတယ်" ၎င်းက ဆက်လက် ပြောကြားပါသည်။

Washington Post မှသတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment