Transparency Myanmar

transparency.myanmar@gmail.com

Mizzima, By Nyein Chan, 25th February 2010

          မြန်မာစစ်တပ်သည် ပြီးခဲ့သည့် လဆန်းပိုင်းက စ၍ ရခုင်ပြည်နယ် စစ်တွေနှင့် ပုဏ္ဏားကျွန်း မြို့နယ်များရှိ ဒေသခံ လယ်သမားများ ပိုင်ဆိုင်သော လယ်မြေဧက ၃၀၀ ခန့်ကို သိမ်းဆည်းလျက် ရှိကြောင်း သိရှိရသည်။

          စစ်တွေ အခြေစိုက် ခြေမြန်တပ်ရင်း ၂၃၂ သည် ကျေးတောရွာ၊ တောင်နားရွာ နှင့် ရိုးတရုတ်ရွာတို့မှ လယ်မြေ ဧက ၈၀ ခန့်ကို လည်းကောင်း၊ ပုဏ္ဏားကျွန်း အခြေစိုက် ခြေမြန်တပ်ရင်း ၅၅၀ သည် ဧက ၂၀၀ ခန့် သိမ်းဆည်းကြသည်ဟု ဆိုသည်။ အဆိုပါ လယ်မြေများကို စစ်တပ်၏ စိုက်ပျိုးရေးနှင့် စီးပွားရှာသော လုပ်ငန်းများ ပြုလုပ်ရန် အသုံးပြုမည်ဟု သိရှိရသည်။

          "ကျွန်တော်တို့ သိရတာကတော့ သူတို့ဟာ စပါးနဲ့ ရာဘာ စိုက်လိမ့်မယ် ထင်တယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လမ်းညွှန်မှုအရ ဧက ၁၀၀ ကို ရာဘာစိုက်ပျိုးမှာ ဖြစ်ပြီး၊ စပါးစိုက်တာကတော့ အထက်ရဲ့ လမ်းညွှန်မှုနဲ့ မဟုတ်ပါဘူး" ဟု စစ်တွေ အခြေစိုက် ခမရ ၂၃၂ ၏ နီးစပ်သူ တစ်ဦးက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

          "လယ်တွေ သိမ်းမယ်ဆိုတာကို ကြိုတင် အသိပေးခြင်းလည်း မရှိပါဘူး။ အသိမ်းခံရတဲ့ လယ်သမားတွေကိုလည်း ဘာမှ ပြန်မပေးပါဘူး။ ခမရ ၂၃၂ က အရာရှိနဲ့ အဖွဲ့ရောက်လာပြီး မြေတွေ တိုင်းသွားတာပဲ။ နောက်မကြာပါဘူး။ တပ်ပိုင်မြေ ဖြတ်သန်းသွားလာခြင်း မပြုရ ဆိုတဲ့ ဆိုင်းဘုတ်တွေ လာစိုက်တော့တာပါပဲ"ဟု တောင်နား ကျေးရွာမှ ရွာသားတစ်ဦးက ရှင်းပြသည်။

          ထို့အတူပင် ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ သည် သစ်တက်၊ ကျောက်ဆုံ၊ ဘဲခို၊ မာလာ၊ ကျွဲလမ်းကြောင်း၊ မြင်တော်၊ ဝင်တိမ်၊ ခွဆုံ၊ ငမျောက်ဆည် ကျေးရွာများမှ လယ်ဧက ၂၀၀ ခန့်ကို သိမ်းယူခဲ့သည်။

          "ရွာတိုင်းက မြေတွေ ပါသွားတာပါပဲ။ ကျွန်တော်တို့ရွာက လယ်ဧက ၇၀ ကျော် ပါသွားလို့ အများဆုံး သိမ်းခံခဲ့ရတာပါပဲ။ ဝင်တိမ်ရွာမှ ဒီလလယ်က နောက်ထပ် ၁၀ ဧက ပါသွားသေးတယ်လို့ ကြားတယ်" ဟု ကျောက်ဆုံရွာမှ ရွာသားတစ်ဦးက ပြောသည်။

          "ကျွန်တော်တို့ရွာဟာ အစစ အရာရာ ချို့တဲ့တယ်။ ရွာသားတွေက လယ်တွေ အသိမ်းခံရလို့ ဝမ်းနည်းပေမဲ့ ဘာမှ မတတ်နိုင်ပါဘူး။ မသိ နားမလည်တဲ့ လူတွေဆိုတော့ ဘယ်ကို တိုင်ရမလဲ ဆိုတာလဲ မသိဘူး" ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

          လယ်သမားများသည် ထိုအသိမ်းခံရသော လယ်များတွင် စပါး၊ ကွမ်းပင်နှင့် ဟင်းခပ် အမွှေးအကြိုင်များ စိုက်ပျိုးကြကြောင်း သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment