Transparency Myanmar

transparency.myanmar@gmail.com

         မြန်မာနိုင်ငံ၏ အကြီးဆုံး ဆန်ဈေးကွက် ဖြစ်သည့် ဝါးတန်း ဆိပ်ကမ်း ဆန်စပါး ကုန်စည်ဒိုင်တွင် ဆန်ဈေးများ မြင့်တက်လာသည်ဟု အကြောင်းပြချက်ဖြင့် ရွှေဘို ပေါ်ဆန်းမွှေး ရောင်းဝယ်ခွင့်ကို ပြီးခဲ့သည့် တနင်္လာနေ့ (ဖေဖော်ဝါရီလ ၂၂ ရက် ) က ပိတ်ပင်ခဲ့ကြောင်း ဘုရင့်နောင်မှ ဆန်လက်ကား ကုန်သည်ကြီး တစ်ဦးက ပြောကြား သည်။

တရားဝင် စာကပ် ကြော်ငြာခြင်းမျိုး မရှိဘဲ လိုင်းခေါင်းဆောင် (မြို့နယ် အလိုက် တာဝန်ခံများ) ကို ခေါ်ယူ၍ ရွှေဘိုပေါ်ဆန်းဈေးကို ဆွဲတင်သဖြင့် ဆန်ဈေးများ မြင့်တက် လာကြောင်း ရွှေဘိုပေါ်ဆန်းအား ဒိုင်တွင် ရောင်းဝယ်ခြင်း မပြုရန် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးမှ ခေါ်ယူ သတိပေး ပြောကြားကြောင်း လိုင်းခေါင်းဆောင် တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် နှစ်ကထက် ဆန်ဈေးများ သိသိသာသာ မြင့်နေသဖြင့် ကုန်သွယ်ရေး မူဝါဒ ကောင်စီမှ ဥက္ကဋ္ဌအား ခေါ်ယူ သတိပေးကြောင်း ယခင်က ဆန်ဈေးတက်လျှင် စီးပွားကူးသန်းနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီမှသာ အသင်းအား ပြောဆိုကြောင်း ပြီးခဲ့သည့်နှစ်က ဖေဖော်ဝါရီလ အတွင်း ပေါ်ဆန်း တစ်အိတ် ၁၉၀၀၀ ခန့်သာရှိသော်လည်း ယခု လက်ရှိ တစ်အိတ် ၂၆၀၀၀ ခန့် ရှိကြောင်း အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဥက္ကဋ္ဌ ဦးအောင်သန်းဦး အနေဖြင့် ဆန်ဈေးတက်လျှင် ဆန်ဈေးနှုန်းကို ကန့်သတ် ရောင်းချခြင်း၊ နယ်သို့ ဆန်တင်ပို့ခွင့် ပါမစ်အာ ပိတ်ပင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဘုရင့်နောင်မှ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

'' ဥက္ကဋ္ဌက ထွက်ခတ်ခတ်တဲ့ သဘော ဖြစ်မယ် '' ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ ဥက္ကဋ္ဌ ဦးအောင်သန်းဦးသည် ဇန်နဝါရီလ အသင်းက ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ဆန်စပါး အသင်းတွင် ဒုတိယ ဥက္ကဋ္ဌ အဖြစ်သာ စစ်အစိုးရမှ တာဝန်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ လောကတွင် အပြင်လူများ ဝင်ရောက်လာခြင်းအား လက်ခံနှစ်ခြိုက်သည့် သဘောထား မရှိကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းကို ဖျက်သိမ်းပြီးနောက် မြန်မာနိုင်ငံ ဆန်စပါး အသင်းတွင် အားပြိုင်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ဆန် လုပ်ငန်းရှင်ကြီး တစ်ဦးက သုံးသပ် ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရနှင့် စီးပွားရေး ပူးပေါင်း လုပ်ကိုင်များကို ငါးသလောက်ပေါင်း စားသူများဟု ခေါ်ကြောင်း ငါးသလောက်သည် ချက်စားလျှင် အရိုးစူးသော်လည်း ပေါင်းစားလျှင်မူ အရသာ ကောင်းကြောင်း ယခု ကုန်သည်များ အချင်းချင်း နေရာ လုနေလျှင် စစ်အစိုးရမှ စိတ်တိုင်းကျ ကစားသွားနိုင်ကြောင်း စီးပွားရေး ပညာရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment