Transparency Myanmar

transparency.myanmar@gmail.com

YAHOO News, By KWANG-TAE KIM13 March 2010

         မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီယာလက်နက် အစီအစဉ်များကို ရပ်ဆိုင်းရန် ရည်ရွယ် ကျင်းပသော ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ လာမည့်လ အစောပိုင်းတွင် ပြန်လာရန် စီစဉ်လျက် ရှိကြောင်း စနေနေ့က သတင်း ပေးပို့မှုများအရ သိရှိရသည်။

         မြောက်ကိုရီးယားသည် ခြောက်နိုင်ငံ အစည်းအဝေးမှ အကူအညီများကိစ္စ ညှိနှိုင်း ဆွေးနွေးရန်နှင့် ဒုတိယအကြိမ် နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ရန် မနှစ်က ထွက်ခွာသွားခဲ့သည်။ ၎င်းသည် ပလူတိုနီယံ တပ်ဆင်ထားသော ဗုံးခြောက်လုံးခန့် ပိုင်ဆိုင်မည်ဟု ခန့်မှန်းရသည်။

         မြောက်ကိုရီးယားသည် အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန်နှင့် ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲ ပြီးဆုံးခြင်းကိစ္စ အမေရိကန်နှင့် ငြိမ်းချမ်းရေး စကားပြောရန်တို့ကို ခွင့်ပြုမှသာ ခြောက်နိုင်ငံ အစည်းအဝေးသို့ ပြန်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် အမေရိကန်၊ တောင်ကိုရီးယား၊ တရုတ်၊ ရုရှားနှင့် ဂျပန်တို့ ပါဝင်သည်။

          အမေရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယားအား ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ အရင်ပြန်လာရန်နှင့် နျူကလီယာ ဖျက်သိမ်းရေး အစီအစဉ်များတွင် တိုးတက်မှု ရှိအောင် ပြုလုပ်ရန် တုံ့ပြန် ပြောဆိုခဲ့သည်။

          Beijing ရှိ အမည်မဖော်လိုသူ မြောက်ကိုရီးယား တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် ပြုံးယမ်းသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ဧပြီလ အစောပိုင်းတွင် ပြန်လာမည် ဖြစ်ပြီး နျူကလီယာ ဖျက်သိမ်းရေး လုပ်ငန်းစဉ်အတွက် ၎င်း၏ အကြံအစည်များကို တင်ပြမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု တောင်ကိုရီးယားသတင်းစာ Joong Ang Ilbo က စနေနေ့က ဖော်ပြထားသည်။

          အဆိုပါ ပုဂ္ဂိုလ်က ပြုံးယမ်းသည် အမေရိကန်တို့ မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်နေကြောင်း၊ နောက်ထပ်ခြေလှမ်းသည် ဝါရှင်တန်အပေါ်တွင်သာ မူတည်ကြောင်း ပြောခဲ့သည်။

          AP သတင်းဌာနက Beijing ရှိ မြောက်ကိုရီးယား သံတမန်တစ်ဦးအား ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းကို မိမိ မကြားမိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

          နျူကလီယာ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ တောင်ကိုရီးယား အကြီးတန်းတာဝန်ရှိသူ တစ်ဦးကလည်း ၎င်းအနေဖြင့် မြောက်ကိုရီးယား၏ ပြန်လာမည့် အစီအစဉ်သတင်းကို မရရှိကြောင်း၊ ဆွေးနွေးပွဲ မည်သည့် အချိန် ပြန်စမည်ကိုလည်း မခန့်မှန်းနိုင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ကိစ္စသည် အရေးကြီးသဖြင့် ၎င်း၏ အမည်ကို ဖော်ပြခြင်း မပြုရန် တောင်းဆိုခဲ့သည်။

          အဆိုပါ နျူကလီယာ ဆွေးနွေးပွဲများကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလက Beijing တွင် နောက်ဆုံး ကျင်းပခဲ့သည်။

          ကုလသမဂ္ဂ နျူကလီယာ အကြီးအကဲဟောင်း Mohamed EL Baradei က မြောက်ကိုရီးယား ၏ နျူကလီယာ ရည်မှန်းချက်များ ရပ်ဆိုင်းရေးအတွက် အပြုသဘော ဆောင်သော ဆွေးနွေးမှုများ ဆက်ဆံမှုများ ပြုလုပ်ကြရန် တောင်းဆိုခဲ့သည်။

          အဆိုပါ ကိစ္စတွင် မြောက်ကိုရီးယား၏ မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ခြင်းများ ပါဝင်ရာ ရည်မှန်းချက် အောင်မြင်ရန် နိုင်ငံတကာအနေဖြင့် အထက်ပါ ကိစ္စရပ်နှစ်ခုကို ဖော်ပြသင့်ကြောင်း El Baradei က Seoul ၌ သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပြောကြားခဲ့ကြောင်း Yonhap သတင်းဌာန၏ အဆိုအရ သိရှိရသည်။

          ပြုံးယမ်း၏ ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် ညှိနှိုင်းမှုများသည် မြောက်ကိုရီးယား၏ ဖြစ်နိုင်သည့် ရွေ့လျားမှုများကြားတွင် ထွက်ပေါ်လာနေပြီ ဖြစ်သည်။

          မြောက်ကိုရီးယားတွင် ယခုအခါ အသက် ၆၈ နှစ်ရှိ ခေါင်းဆောင် ကင်ဂျုံအီသည် ၎င်း၏ တတိယသား Kim Jong Un အား ၎င်းနေရာကို ဆက်ခံရန် စီစဉ်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment