Transparency Myanmar

transparency.myanmar@gmail.com

The Human Rights Watch, 25th March  2010

စက်မှု ဖွံဖြိုးပြီး နိုင်ငံ ၈ နိုင်ငံ အဖွဲ့ (G 8) ၏ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ဇွန်လတွင် တိုရန်တို၌ ပြုလုပ်မည့် G-8 ထိပ်သီး အစည်းအဝေး အစီအစဉ်တွင် မြန်မာနိုင်ငံ အကြောင်း ထည့်သွင်းသင့်ကြောင်း G-8 နိုင်ငံခြားရေး ဝန်ကြီးများထံသို့ Human Rights Watch မှ စာရေးသား ပေးပို့ အကြံပြုခဲ့သည်။ G-8 အဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးများသည် Quebee ၏ Gatineau တွင် မတ်လ ၂၉ နှင့် ၃၀ ရက်များတွင် နိုင်ငံတကာ လုံခြုံရေးကို ထိခိုက်မည့် အဓိက အရေးကိစ္စများကို ဆွေးနွေးပြီး၊ ထိပ်သီး အစည်းအဝေးပွဲတွင် ပါဝင်မည့် အစီအစဉ်များကို နောက်ဆုံး ရေးဆွဲ အတည်ပြုကြမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျူးလွန်လျက် ရှိသော စစ်ရာဇဝတ်မှုများကို ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်ဖြင့် စုံစမ်း စစ်ဆေးရန် ကိစ္စကို ထောက်ခံရန် Human Rights Watch က G-8 သို့ တိုက်တွန်းခဲ့သည်။ ထို့အပြင် စစ်အစိုးရ အပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ပိုမို ပူးပေါင်း ပါဝင်လာရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို အများ လက်ခံလာအောင် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေး အတွက် မြန်မာ အစိုးရအား ဖိအားပေးရန် G-8 သို့ တိုက်တွန်းထားသည်။

မြန်မာ စစ်အစိုးရ အနေဖြင့် တိုင်းသူပြည်သားများ၏ ရပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက် ပေးလာအောင် ဆောင်ရွက်ပေးရန် G-8 ၏ လူတိုင်း အလေးဂရုပြုရသော ဦးဆောင်မှုကို အမြန် လိုအပ်ကြောင်း Human Rights Watch မှ အာရှတိုက် ဒုတိယ ဒါရိုက်တာ Elaine Pearson က ပြောကြားခဲ့သည်။ G-8 အနေဖြင့် စစ်ရာဇဝတ်မှုများ ကိစ္စနှင့် သတ်မှတ်ထားသော အရေးယူ ပိတ်ဆို့မှု ပြုလုပ်ရေး ကိစ္စများကို တာဝန် ယူသင့်ကြောင်း ၎င်းက ပြောသည်။ G-8 ခေါင်းဆောင်များ အနေဖြင့်လည်း ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲကို အများ လက်ခံရေး အတွက် ဖိအား ပေးသင့်ကြောင်း Elaine ကပင် ပြောကြားခဲ့သည်။

G-8 တွင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ရုရှား၊ ဗြိတိန် နှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်။

အဆိုပါ စာတွင် Human Rights Watch က G-8 အနေဖြင့် မတ်လ ၈ ရက်နေ့က ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Tomas Ojea Quintana ၏ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ တင်ပြချက်အား ထောက်ခံရန် တိုက်တွန်းထားသည်။ အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများ နှင့် လူသားချင်း စာနာမှု မရှိသော ရာဇဝတ်မှုများ အတွက် ကုလသမဂ္ဂမှ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး စဉ်းစားရန် တောင်းဆိုထားသည်။ ကုလသမဂ္ဂသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ ကျယ်ပြန့်စွာ တရားဝင် ပြုကျင့်နေခြင်းများအား သက်သေ အထောက်အထားများ ရှိသည်။ အရပ်သားများအား အတင်းအကျပ် ရွှေ့ပြောင်းစေခြင်း၊ အမျိုးသမီးများနှင့် ကလေးမလေးများအား လိင်ဆိုင်ရာ ကျူးလွန်မှုများ၊ အတင်း အဓမ္မ လုပ်အား ပေးစေခြင်း၊ ကလေး စစ်သားများ အသုံးပြုမှု၊ နှိပ်စက်ခြင်းအား ကျယ်ပြန့်စွာ အသုံးပြုမှု နှင့် ပဋိပက္ခ ဖြစ်နေသော ဒေသများတွင် ဥပဒေမဲ့ သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက် ရှိသည်။

ထို့အပြင် မြန်မာ အစိုးရသည် တိုင်းရင်းသား လူမျိုးများ အပေါ် တာဝန်ယူမှု မရှိရုံမျှမက ရက်ရက်စက်စက် နှိပ်စက်မှုများကို ကာလ ရှည်ကြာကပင် ကျူးလွန်လျက် ရှိကြောင်း Elaine Pearson ကပင် ပြောသည်။ ထို့ကြောင့် G-8 အနေဖြင့် ကုလသမဂ္ဂမှ မြန်မာနိုင်ငံ အပေါ် လွတ်လပ်သော ပညာရှင် တစ်ဦး အတွက် ရှာဖွေပေးရန် နှင့် ရာဇဝတ်မှုများကို အဖက်ဖက်မှ လွတ်လပ်စွာ စုံစမ်း ဖော်ထုတ်နိုင်ရေး အတွက် ပံ့ပိုးပေးကြရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

အချို့သော G-8 တိုင်းပြည်များသည် မြန်မာစစ် အစိုးရကို ရည်ရွယ်ပြီး အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း အကောင်အထည်ဖော်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ညံ့ဖျင်းမှုကြောင့် အရာမရောက်ကြောင်း Human Rights Watch မှ ထောက်ပြခဲ့သည်။ ထို့ကြောင့် Human Rights Watch က G-8 ခေါင်းဆောင်များသို့ စစ်တပ် ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့နှင့် ရင်းနှီးသော စီးပွားရေး လုပ်ငန်းရှင်များအား ချမှတ်ထားသော ငွေကြေးဆိုင်ရာ အရေးယူမှုများကို ပိုမို ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံ အပေါ် လက်နက် ရောင်းဝယ်ရေးကို တားမြစ် အရေးယူနိုင်ရေး အတွက် G-8 မှ ပံ့ပိုး ပေးသင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်။ လက်နက် ရောင်းဝယ်မှု တားမြစ်ရာတွင် အစိုးရက လက်နက် နည်းပညာများနှင့် အခြေခံ အဆောက်အအုံများနှင့် ပတ်သက်ခြင်း၊ မြောက်ကိုရီးယားနှင့် အခြား လက်နက် ရောင်းသူများနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်မှုများကို ဖြတ်တောက်ရေးများကို ကန့်သတ်ရလိမ့်မည် ဖြစ်သည်။

ထို့အပြင် Human Rights Watch က ဖြည့်စွက် ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲမှု အတွက် နိုင်ငံတကာ၏ ခိုင်မာသော ဖိအားပေးမှုများ မရှိပဲ လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတခြင်း၊ ပွင့်လင်းမှု ရှိခြင်းနှင့် ဒီမိုကရေစီ ပြောင်းလဲမှုကို သယ်ဆောင်လာခြင်းတို့ ဖြစ်လာနိုင်ဖွယ် မရှိပါဟု ဆိုသည်။ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် ပါလီမန်တွင် စစ်တပ် အတွက် နေရာချန်ခြင်း၊ အဓိက ဝန်ကြီးဌာနများကို စစ်တပ်မှ နေရာယူခြင်းများဖြင့် အရပ်သား အစိုးရ အပေါ် စစ်တပ်မှ သြဇာ လွှမ်းမိုးမှု ရှိအောင် ရေးဆွဲထားသည်။ မကြာမီက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေတွင် ထောင်ကျနေသော အဖွဲ့ဝင်များ ရှိပါက ပါတီတွင် ပါဝင်နိုင်ခြင်း မရှိအောင် ထည့်သွင်း ရေးဆွဲထားသည်။ လောလောဆယ် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်သည် ထောင်ထဲတွင် ရှိနေသည်။

G-8 ခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံ အပေါ် အရေးယူမှုများတွင် ကိုယ်စီ ရပ်တည်ချက်ဖြင့် ပူးပေါင်း ဆောင်ရွက်မှသာ ပိုမို အကျိုး သက်ရောက်မှုများ ရှိမည် ဖြစ်ကြောင်း Pearson က ပြောသည်။ ယခုနှစ် ကျင်းပတော့မည့် ရွေးကောက်ပွဲ အတွက်လည်း အများ လက်ခံအောင် အစိုးရက လုပ်သင့်သည်များကို G-8 မှ ရှင်းရှင်းလင်းလင်း ပြောကြားသင့်သည်။ အရေးကြီးသော အချိန်ရောက်ပြီ ဖြစ်ကြောင်း ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment