Transparency Myanmar

transparency.myanmar@gmail.com

Washington Post, 2nd March 2010

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ဖက် ဆက်ဆံရေးကို တိုးချဲ့နေသဖြင့် အိုဘားမား အစိုးရ စိုးရိမ် ပူပန်လျက် ရှိပြီး၊ မြန်မာအစိုးရက မြောက်ကိုရီးယားထံမှ စစ်ရေး နည်းပညာများ ဝယ်ယူနေခြင်းကို ရပ်ဆိုင်းသွားစေရန် ထိရောက်သော တားဆီးမှုများ ပြုလုပ်တော့မည်ဟု အမေရိကန် အရာရှိများက ပြောကြားသည်။

လက်နက်ငယ်များ၊ ဒုံးကျည် အစိတ်အပိုင်းများ၊ စိုးရိမ်စရာ အကောင်းဆုံး နျူကလီယာ နည်းပညာ စသည့် ရောင်းချမှုများ ပါဝင်နေသည့် စစ်ဖက် ဆက်ဆံရေး အပေါ် စိုးရိမ် ပူပန်မှုများ ရှိလာသောကြောင့် ဘွတ်ရှ်၏ မြန်မာနိုင်ငံကို ပစ်ပယ်ထားရေး မူဝါဒကို အဆုံးသတ်ရန် အိုဘားမား အစိုးရက ပြီးခဲ့သော အောက်တိုဘာတွင် စတင် ကြိုးစားခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိကြီး တစ်ဦးက ဆိုသည်။

ယခု အချိန်အထိ အမေရိကန် အဆင့်မြင့် အရာရှိများသည် မြန်မာ အာဏာပိုင်များနှင့် ၄ ကြိမ် တွေ့ဆုံပြီး ဖြစ်ကာ မကြာမီ ၅ ကြိမ်မြောက် တွေ့ဆုံရန် မျှော်လင့်ထားသည်။ အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စများမှာ မြောက်ကိုရီးယားနှင့် ပတ်သက်နေသည်။ မြန်မာနိုင်ငံကို ကိုင်တွယ်ရမည့် ကိစ္စမှာ ရှင်းနေသည်။ ကြားရသည့်အတိုင်း မှန်ပါက အချိန်ပင် လွန်နေပြီဟု အဆိုပါ အရာရှိက ဆိုသည်။

အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံ မူဝါဒသစ် အပေါ်တွင် လွှတ်တော်နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက ဝေဖန်မှုများ၊ မေးခွန်းထုတ်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အစိုးရ၏ နိုင်ငံခြားရေး မူဝါဒကို ယေဘုယျအားဖြင့် ထောက်ခံသူ တစ်ဦး ဖြစ်သည့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် အမတ် Howard L. Berman က မြန်မာအစိုးရ အပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တင်းကျပ်ရေး အပါအဝင် မြန်မာနိုင်ငံကို ပိုမို ဖိအားပေးရန် အစိုးရကို လတ်တလော တောင်းဆိုခဲ့သည်။

လတ်တလော ဖြစ်ရပ်များက မြန်မာနိုင်ငံရှိ လူသားချင်း စာနာမှု မရှိသော ပြဿနာများ ပို၍ ဆိုးလာသည်ကို ပြသနေသည်ဟု Berman က သောကြာနေ့တွင် ပြောကြားခဲ့ပြီး အမေရိကန်၏ လက်ရှိ ကိုင်တွယ် ဆောင်ရွက်မှုများ ပိုမို တိုးမြှင့်ရန် ထောက်ခံမှုများ ပို၍ တိုးပွားလာသည်ဟုလည်း ၎င်းက ဆိုသည်။

ယခုအချိန်အထိ မြန်မာပြည်တွင်း အတိုက်အခံများ အပေါ် စစ်ဖက် အစိုးရ၏ မတရား ဆက်ဆံပုံများ ပြောင်းလဲလာအောင် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒက ဆောင်ကြဉ်း မပေးနိုင်သေးပါ။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ရေး နောက်ဆုံး ကြိုးပမ်းမှုကို မြန်မာ ဗဟိုတရားရုံးက သောကြာနေ့တွင် ပယ်ချခဲ့သည်။ နိုဘယ်ဆုရှင်၏ NLD ပါတီသည် ၁၉၉၀ နောက်ဆုံး ရွေးကောက်ပွဲတွင် အနိုင်ရရှိသော်လည်း ၁၉၆၂ ကပင် အုပ်ချုပ်ခဲ့သည့် စစ်တပ်က အာဏာ လွှဲမပေးခဲ့ပါ။

လက်ရှိ လပိုင်းများအတွင်း ၇ နှစ်ကြာ ထိန်းသိမ်းခြင်း ခံခဲ့ရသော အသက်ကြီး နိုင်ငံရေးသမား ဦးတင်ဦးကို လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေး အတိုက်အခံများနှင့် တိုင်းရင်းသား အုပ်စုများ အပေါ် ဖိနှိပ်မှုများကို မြန်မာ အစိုးရက တိုးမြှင့် လုပ်ဆောင်နေဆဲဖြစ်သည်။ အမေရိကန်၏ တံခါးဖွင့် လိုက်လျောမှု နောက်ပိုင်း ဖြစ်ပွားသော မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ထောင်ပေါင်း များစွာသော နယ်စပ် ဒေသခံများမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးခဲ့ကြသည်။

ကရင် အမျိုးသမီး အဖွဲ့ချုပ် KWO က ယခု အပတ် ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာစစ်တပ်သည် တိုင်းရင်းသား ပြောက်ကျား တပ်ဖွဲ့များ၏ အနှစ် ၆၀ ကျော် တော်လှန်မှုကို အမြစ်ဆွဲနှုတ်ရန် ကြိုးစားမှု အဖြစ် အုပ်စုဖွဲ့ မုဒိန်းကျင့်မှုနှင့် သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲထားသည်။

ဖေဖော်ဝါရီ ၁၀ ရက်ကလည်း မြန်မာ တရားရုံးက အမေရိကန် နိုင်ငံသား ခံယူထားသော မြန်မာလူမျိုး လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့ပြီး ထောင်ထဲတွင် ၎င်းကို ရိုက်နှက်ခြင်း၊ အစာနှင့်ရေ အငတ်ထားခြင်း၊ အိမ်သာ မပါသော အခန်းတွင် တိုက်ပိတ်ထားခြင်းများ ပြုလုပ်သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ မကြာသေးမီက လာရောက်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးအရာရှိ Tomas Ojea Quintana အားလည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် တွေ့ဆုံခွင့် မပေးဘဲ ရိုင်းပြစွာ ဆက်ဆံလိုက်သည်။

"သိပ်ကို ဆိုးတဲ့ အပြုအမူတွေ ပိုများလာတယ်" ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး ဗဟိုဌာနမှ အရှေ့တောင် အာရှရေးရာ ကျွမ်းကျင်သူ Ernie Bower က ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ဆွေးနွေးခြင်းသည် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်နေဆဲ ဆိုသော အချက်အပေါ် အမေရိကန် အရာရှိများ၏ အငြင်းပွားမှုကို Bower နှင့် အခြားသူများက သဘောတူ ထောက်ခံကြပြီး အထူးသဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ရင်းနှီးစွာ ဆက်ဆံနေခြင်းနှင့် စပ်လျဉ်း၍ စိုးရိမ် ပူပန်မှုများ ဖြစ်ပွားစေခဲ့သည်ဟု ၎င်းတို့က ပြောဆိုသည်။

ဒီမိုကရက်တစ် အမတ် James Webb ကမူ "မြန်မာနိုင်ငံနှင့် ဆွေးနွေးနေခြင်းကို ဆက်လက် ဆောင်ရွက်ရန် အရေးကြီးသည်။ အကြောင်းမှာ မြန်မာနိုင်ငံနှင့် အရှေ့တောင် အာရှတစ်ခွင်တွင် အမေရိကန် လွှမ်းမိုးမှုကို ဖယ်ရှားရန် တရုတ်က အထူး လိုလားနေသောကြောင့် ဖြစ်သည်" ဟု ဆိုသည်။

ဆယ်စုနှစ်အတွင်း အမေရိကန် လွှတ်တော်အမတ် တစ်ဦး၏ ပထမဆုံး သွားရောက်မှု ဖြစ်သော Jim Webb ၏ သြဂုတ်လ မြန်မာ ခရီးစဉ်သည် မြန်မာအစိုးရနှင့် ဆွေးနွေးပွဲ တံခါးဖွင့်လှစ်မည့် အိုဘားမား အစိုးရကို နိုင်ငံရေး အကာအကွယ် လုပ်ပေးခဲ့သည့်အတွက် ချီးကျူး မှတ်တမ်းတင်ခြင်း ခံခဲ့ရသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရက စိုးရိမ်  ပူပန်နေသော အဓိက အကြောင်းရင်းမှာ ၂၀၀၇ ခုနှစ်က ဆီးရီးယားတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်မျိုးကို နောက်တစ်ကြိမ် မဖြစ်အောင် ရှောင်ရှားလိုခြင်းပင် ဖြစ်သည်။

ထိုစဉ်က ဆီးရီးယား နျူကိစ္စကို မြောက်ကိုရီးယားက လျှို့ဝှက်စွာ ကူညီ တည်ဆောက် ပေးခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။ ထိုနှစ် စက်တင်ဘာလတွင် အစ္စရေး လေယာဉ်များ ဗုံးမကြဲမီ ထုတ်လုပ်မှု စတင်ရန် လပိုင်းမျှ အလိုတွင်မှ သိရှိခဲ့ကြခြင်း ဖြစ်သည်။

"ဆီးရီးယားမှာ ရခဲ့တဲ့ သင်ခန်းစာမျိုးကို အခု ကြုံနေရပြီ" ဟု ပြောကြားသူမှာ အစိုးရ မဟုတ်သော သိပ္ပံနှင့် နိုင်ငံတကာ လုံခြုံရေးအဖွဲ့ နာယက၊ နျူကလီယာ ပြန့်ပွားမှုဆိုင်ရာ ကျွမ်းကျင်သူ David Albright ဖြစ်သည်။ "ဒါကို သိပ်ကို ထင်ရှားတဲ့ ထောက်လှမ်းရေး ညံ့ဖျင်းမှု အားနည်းချက် တစ်ခုပါ၊ မြောက်ကိုရီးယားက နောက်တစ်နေရာမှာ ဒါမျိုး ထပ်မလုပ်ပါဘူးလို့ မပြောနိုင်ပါဘူး၊ အမေရိကန် အစိုးရ အနေနဲ့ မျက်မမြင် တစ်ယောက်လို နောက်တစ်ကြိမ် အဖြစ်မခံနိုင်ပါဘူး" ဟုလည်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုကို ၂၀၀၇ က စတင်ခဲ့သည်ဟု ယုံကြည်ရသည်။ သို့သော်လည်း ပြီးခဲ့သော ဇွန်လတွင် မြောက်ကိုရီးယားနိုင်ငံ၏ လက်နက် တင်ပို့မှုကို ပိတ်ပင်သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံသည် ယခင်ကထက် ပိုအစွမ်းပြလာသည့် ပလေယာကြီး တစ်ယောက် ဖြစ်လာသည်ဟု အမေရိကန် ဝါရင့် အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။

ဇန်နဝါရီလက Albright ပူးတွဲရေးသားသည့် "နျူကလီယာ အန္တရာယ် ရှိလာနိုင်သော မြန်မာ" အစီရင်ခံစာတွင် မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေး အပေါ် စိုးရိမ် ပူပန်မှုကို အလေးပေး တင်ပြထားသည်။

မြန်မာနိုင်ငံသည် ပထမဦးစွာ ၁၀ မဂ္ဂါဝပ် သုတေသန ဓာတ်ပေါင်းဖို တည်ဆောက်ပေးရန် ရုရှားနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း ၂၀၀၉ စက်တင်ဘာအထိ သုတေသန ဗဟိုဌာန စတင် တည်ဆောက်မှု မရှိခဲ့ပါ။

ထို့နောက်တွင်မူ မြန်မာနိုင်ငံတွင်းရှိ နျူကလီယာ စီမံကန်းနှင့် စပ်လျဉ်းသည့် အတည်မပြုနိုင်သော သတင်းများက အစိုးရ ဆန့်ကျင်ရေး အုပ်စုများထဲမှ ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် မြောက်ကိုရီးယား၏ ပူးပေါင်း ပါဝင်မှုနှင့် ဆက်စပ် စဉ်းစားရမည့် အနေအထားကြောင့် မြန်မာနိုင်ငံတွင် လျှို့ဝှက် နျူကလီယာ စီမံချက်များ ရှိနေပြီ ဖြစ်ကြောင်း သံသယ ဖြစ်စရာ အကြောင်းရင်းများ ရှိနေသည်ဟု အစီရင်ခံစာက ဆိုသည်။

ဆီးရီးယားကို နျူကလီယာ ဓာတ်ပေါင်းဖို တည်ဆောက်ရန် ကူညီခဲ့သော မြောက်ကိုရီးယား ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လှုပ်ရှားနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ နမ်ချောင်ဂန် ထရေးဒင်း (NCG) ကုမ္ပဏီကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားမြစ် အရေးယူထားသည်။

မြန်မာနိုင်ငံတွင် နမ်ချောင်ဂန် ထရေးဒင်း ဆောင်ရွက်နေသော လုပ်ငန်းများကို အတိအကျ မသိရသေးသော်လည်း အဆိုပါ ကုမ္ပဏီ ရောက်ရှိနေခြင်းသည် နျူကလီယာ နည်းပညာ ရောင်းချမှုနှင့် ပတ်သက်ကြောင်း သံသယများ ကြီးထွားလာစေသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၀၉ ဇွန်လတွင် ဘီဂျင်း အခြေစိုက် မြောက်ကိုရးယား ကုမ္ပဏီတစ်ခု မြန်မာနိုင်ငံသို့ ပို့မည့် နျူကလီယာ လက်နက် ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် သံလိုက်လှိုင်းသုံး မက်ဂနက်တိုမီတာနှင့် အခြား အဆင့်မြင့် ကိရိယာများ ရောင်းချမှု တစ်ခုကို ဂျပန် အာဏာပိုင်များက ဖော်ထုတ်နိုင်ခဲ့သည်။

နောက်ဆုံးတွင် အမေရိကန် ဝါရင့် အရာရှိက လွန်ခဲ့သော ၈ နှစ်ကပင် စတင်ခဲ့သော မြန်မာ စစ်ဖက် အရာရှိငယ်များနှင့် ကျောင်းသားပေါင်း များစွာ ရုရှားသို့ နျူကလီယာ ပညာသင် သွားရောက်မှုကို ထုတ်ဖော် တင်ပြခဲ့သည်။ "ရုရှားမှာ နျူကလီယာပညာ လေ့လာနေတဲ့သူ အရေအတွက်က ရာဂဏန်း မဟုတ်ဘူး၊ ထောင်ဂဏန်း ရှိတယ်" ဟု ၎င်းက ပြောကြာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment